၁၈ မတ်

 

ရန်ကုန်မြို့နေ ပြည်သူတွေအတွက်ရော အနယ်နယ်အရပ်ရပ်က ရန်ကုန်မြို့ကို လာရောက်သူတွေအတွက် လေ့လာစရာနေရာ တစ်ခုဖြစ်တဲ့ နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ဒီနက္ခတ်တာရာ ပြခန်းဟာ မြန်မာ - ဂျပန်ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီ ( ၁၇ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာမို့ အခုဆိုရင် သက်တမ်း ၃၃ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။

 

ဂျပန်သံရုံးနဲ့ JICA ဆက်သွယ်ညှိနှိုင်းနေ

 

ရန်ကုန်မြို့မှာရှိတဲ့ နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ဖို့အတွက် ဂျပန်သံရုံးနဲ့ JICA တို့ကို ဆက်သွယ်ညှိနှိုင်းနေပါတယ်" လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး စတုတ္ထနေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ဥယျာဉ် အနောက်ဝင်ပေါက်အနီးမှာ တည်ရှိတဲ့ နက္ခတ် တာရာပြခန်းဟာ သက်တမ်းကြာမြင့်လာတာနဲ့အမျှ ပြခန်းမှာရှိတဲ့ ပြစက်ဟာ ချွတ်ယွင်းလာပါတယ်။ ပြသတဲ့ နက္ခတ်တာရာတွေနဲ့ သက်ဆိုင်တဲ့ ပြခန်းတွေလည်း စုံစုံလင်လင် မပြသနိုင်တော့တဲ့အပြင် စက်အပိုပစ္စည်းတွေလည်း ရှားပါးလာတာကြောင့် မူလအလှူရှင်ဖြစ်တဲ့ JICA နဲ့ ဆက်သွယ်ညှိနှိုင်း မှုတွေ ပြုလုပ်နေခြင်း ဖြစ်ပါတယ်။

 

လွှဲပြောင်းတာဝန်ယူထိန်းသိမ်းခဲ့ နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ပြီး ပြစက်အသစ်ရရှိရေး၊ JICA ယဉ်ကျေးမှု အထောက်အကူပြု ဘတ်ဂျက်လျာထား သုံးစွဲရေးတို့အတွက်လည်း JICA နှင့် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒီနက္ခတ်တာရာပြခန်းကို ပထမ တာဝန်ယူ ထိန်းသိမ်းပြသခဲ့တာကတော့ ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနဲ့ ကာယပညာဦးစီးဌာနက ဖြစ်ပါတယ်။ အဲဒီနောက် ၁၉၈၈ မှာတော့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနအမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက လွှဲပြောင်းတာဝန်ယူထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ ဖေဖော်ဝါရီ ၃ ရက်မှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ဆက်လက်တာဝန်ယူ ထိန်းသိမ်းပြသနေတာ ဖြစ်ပါတယ်။

 

စိတ်ဝင်စားစရာလေ့လာဖွယ် ရန်ကုန်မြို့ကို ဘက်ပေါင်းစုံက ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားနေချိန်မှာ အများပြည်သူတွေ အပန်းဖြေလေ့လာနိုင်တဲ့နေရာ တစ်ခုအပြင် နက္ခတ်တာရာတွေနဲ့ ပတ်သက်ပြီး လူငယ်တွေ ဗဟုသုတရရှိစေဖို့အတွက် အခုလို နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ သွားလာလည်ပတ်စရာတွေထဲမှာ လူကြီး၊ လူငယ်မရွေး စိတ်ဝင်စားစရာလေ့လာဖွယ်ရာကောင်းတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

 

ဂျပန်အစိုးရက တည်ဆောက်ပေး

 

ရန်ကုန်မြို့ အလုံလမ်း ဆန်းမစ်ပတ်ဗျူး ဟိုတယ်နဲ့ မျက်နှာချင်းဆိုင်ကားလမ်း တစ်ဖက်ခြမ်းမှာရှိတဲ့ ပြည်သူ့ဥယျာဉ် အတွင်းမှာ နက္ခတ်တာရာပြခန်းဟာ အေးချမ်းငြိမ်သက်တဲ့ နေရာတစ်ခုဖြစ်လို့ အပန်းဖြေစရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ နက္ခတ်တာရာပြခန်းကို ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်အနေနဲ့ ဂျပန်အစိုးရက တည်ဆောက် ပေးခဲ့တာ ဖြစ်ပါတယ်။

 

မျက်မြင်လေ့လာသိရှိ

 

နက္ခတ်တာရာပြခန်းဟာ လူ ၂၀၀ ခန့် ဝင်ရောက်ကြည့်ရှုနိုင်တဲ့ ထိုင်ခုံတွေ ပြင်ဆင်ထားပြီး ပွဲချိန်တစ်ချိန်ကို မိနစ် ၂၀ ခန့်မျှ ကြာမြင့်ကာ ပြသပေးတာဖြစ်ပါတယ်။ ပွဲစဉ် တစ်ခုကို အပိုင်း နှစ်ပိုင်းခွဲပြီး ပြသပေးကာ ပထမပိုင်းမှာ ရုပ်ပုံတွေ၊ ပန်းချီကားတွေအကြောင်း ပြသပေးသလို ဒုတိယပိုင်းမှာတော့ ကြယ်တွေအကြောင်း၊ နက္ခတ်တာရာအစု အဝေးတွေကို ပြသပေးတာဖြစ်ပါတယ်။ ဒီလို ပြခန်းထဲမှာ ကြည့်ရှုရင်း စကြဝဠာထဲကို ရောက်ရှိသွားသလို ခံစားရသလို ကလေး၊ လူငယ်တွေအတွက် စကြဝဠာအတွင်း ဖွဲ့စည်းဖြစ်တည်နေတဲ့ ဂြိုဟ်၊ နက္ခတ်တာရာ နဲ့ ကြယ်တွေ၊ ကြယ်စင်အစုအဝေးတွေကို မျက်မြင်လေ့လာသိရှိနိုင်ပြီး ဗဟုသုတ ရရှိစေမှာဖြစ်ပါတယ်။

 

အဆင့်မြှင့်တင်ဖို့ စီစဉ် နက္ခတ်တာရာ ပုံရိပ်တွေကိုပြသတဲ့အခါ နောက်ခံရှင်းလင်း ပြောပြချက်ကြောင့် အရင်က ဖတ်စာအုပ်တွေထဲမှာသာ မြင်တွေ့သိရှိရတဲ့ နက္ခတ်တာရာအကြောင်းနဲ့ ပုံရိပ်တွေကို မျက်ဝါးထင်ထင် တွေ့မြင်ရတာမို့ လူငယ်တွေအတွက်လည်း စိတ်ဝင်စားစရာ၊ မြင်ကွင်း အသစ်အဆန်းဖြစ်စရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုစိတ်ဝင်စားစရာ၊ အပန်းဖြေ ကြည့်ရှုစရာ၊ ဗဟုသုတရရှိရာပြခန်းကို အဆင့်မြှင့်တင်ဖို့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက လာရောက်ခဲ့တဲ့ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တော်ဝန်ကလည်း ရန်ကုန်မြို့မှာရှိတဲ့ နက္ခတ်တာရာပြခန်းကို ခေတ်နဲ့အညီ ဖြစ်ထွန်းပေါ်ပေါက်လာစေဖို့ အဆင့်မြှင့်တင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ကာ အတည်ပြု ပြန်ကြားပေးမယ်လို့ ပြောသွားပါတယ်။

 

နက္ခတ်တာရာ ပြခန်းအတွင်းမှာတော့ ပြခန်းအလယ်စင်မြင့်ပေါ်မှာ နက္ခတ်တာရာ ပြစက်ရှိကာ ထိုင်ခုံတွေနဲ့ ဝန်းရံထားပါတယ်။ လာရောက်လေ့လာကြည့်ရှုသူတွေက ထိုင်ခုံတွေမှာ ဝန်းရံထိုင်ပြီး ကောင်းကင်မျက်နှာမှာ ပေါ်လာတဲ့ နက္ခတ်တာရာကြယ်စင်အစုအဝေးတွေကို လေ့လာကြည့်ရှုရတာဖြစ်ပါတယ်။ ပိတ်သားပြင်မှာပေါ်လာတဲ့ ဂြိုဟ်တွေအကြောင်း၊ ကြယ်အစုအဝေးတွေအကြောင်းကို နောက်ခံစကားပြောနဲ့ ရှင်းလင်းပေးတာမို့ လူကြီးလူငယ်မရွေး နားလည်သဘော ပေါက်စေပါတယ်။

 

နက္ခတ်တာရာပြခန်းအပြင်ဘက် နံရံတွေမှာတော့ နက္ခတ်တာရာ၊ စကြဝဠာနဲ့ ပတ်သက်တဲ့ပန်းချီကားတွေ ချိတ်ဆွဲပြသ ထားပါတယ်။ အဲဒီပန်းချီကားတွေကိုလည်း တစ်ကားချင်းစီ ရှင်းလင်းပြောပြပေးပါတယ်။ ဒီပန်းချီကားချပ်တွေမှာ နေအဖွဲ့အစည်းပုံ ပန်းချီကားချပ်၊ ကမ္ဘာဂြိုဟ်ပုံပန်းချီကားချပ်၊ တိမ်ငွေ့ တိမ်တိုက်ပန်းချီကားချပ်၊ ကြယ်အစု အဝေးပုံတွေကိုလည်း ချိတ်ဆွဲပြသထားပြီး ရှင်းလင်းပြောပြပေးပါတယ်။

 

နေပြည်တော်မှာလည်း တည်ဆောက်ထား

 

နက္ခတ်တာရာပြခန်းပုံစံဒီဇိုင်းဟာ နိုင်ငံတကာမှာ တည်ဆောက်ထားတဲ့ နက္ခတ်တာရာ ပြခန်းတွေအတိုင်းဖြစ်ပြီး အခုဆိုရင် နေပြည်တော်မှာလည်း နက္ခတ်တာရာပြခန်းတစ်ခု တည်ဆောက်ထား၍ ဖြစ်ပါတယ်။ နေပြည်တော် ပျဉ်းမနားမြို့နယ် ရေဆင်းအနီး၊ ရန်ကုန်-မန္တလေးကားလမ်း အရှေ့ဘက် အမှတ် (၂၅၆/၁) နှင့် (၂၅၃/၀) မိုင်တိုင် အကြားမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၉ ရက်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ် မတ် ၂၀ ရက်မှာ ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

 

လူ ၁၆ဝ ဆုံ ကြည့်ရှုနိုင် နေပြည်တော် နက္ခတ်တာရာပြခန်းမှာတော့ နက္ခတ်တာရာပြခန်း ပင်မဆောင်၊ ပညာပေးပြခန်းငယ် အဝင်ဧည့်ခန်းဆောင်၊ အမှတ်တရအရောင်းဆိုင်နဲ့ စားသောက်ဆိုင် တွဲဖက်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကြယ်တာရာပြစက်၊ သုံးဖက်မြင် ဗီဒီယိုပြသ မှုစနစ်၊ အစီအစဉ်ထုတ်လွှင့်မှုဆိုင်ရာ စက်ကိရိယာများ၊ အသံပိုင်းဆိုင်ရာ အထူး တီထွင် ထိုင်ခုံ စတဲ့ စက်ကိရိယာတွေကို အမေ ရိကန်၊ အီတလီ၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံတွေမှ ဝယ်ယူတပ်ဆင်ခဲ့ပြီး လူ ၁၆၀ ဆံ့ ကြည့်ရှုနိုင်ပါတယ်။

 

အခုဆိုရင် ရန်ကုန်နက္ခတ်တာရာပြခန်းကိုလည်း အဆင့်မြှင့်တင်ပြီး ပြသမှုတွေကို ပိုမိုစုံလင်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ကြိုးစားနေတာမို့ ရန်ကုန်မြို့မှာ ပြည်သူတွေ အတွက် အပန်းဖြေစရာ၊ စိတ်ဝင်စားစရာ ဗဟုသုတဖြစ်စရာ နက္ခတ်တာရာပြခန်းအဖြစ် ထွက်ပေါ်လာဖို့ရှိနေပြီ ဖြစ်ပါတယ်။ ။

 

ဆွေဉီးဝေ