မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ ဆယ်ကျော်သက်တွေဟာ facebook တို့ အင်စတာဂရမ်တို့လိုမျိုးအစရှိတဲ့ လူမှုကွန်ရက်တွေပေါ်မှာ တစ်ရက်ကို ကိုးနာရီအကြာ ရှိနေတတ်ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဆယ်ကျော်သက်တွေဟာ အိပ်ချိန်နဲ့ ကျောင်းတက်နေချိန်က လွဲလို့ ဖုန်းတွေကို မျက်နှာနဲ့ မခွာကြတဲ့ပုံပါ။

 

သူတို့လေးတွေဟာ ဖုန်းကိုအသုံးပြုကာ အင်စတာဂရမ်၊ Snapchat၊ ဖေ့ဘွတ်အစရှိတဲ့ လူမှုကွန်ရက်တွေက တစ်ဆင့် သူငယ်ချင်းတွေတခြားသော မိတ်ဆွေအသစ်တွေနဲ့ အပြန်အလှန်ဆက်သွယ်နေကြပါတယ်။ ဒါပေမယ့် လူမှုကွန်ရက်တွေကို ဒီလိုအသုံးပြုနေခြင်းဟာ ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိ နေနိုင်မလဲ။

 

Social Media အသုံးပြုခြင်းဟာ မိတ်ဆွေအသစ်တွေရမယ်၊ သတင်းအချက်အလက်တွေ ရှာဖွေနိုင်မယ်စတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံအတိုင်း အချိန်ပြည့် အင်တာနက် သုံးနေမယ်ဆိုရင်တော့ ဆယ်ကျော်သက်တွေကို ဆိုးကျိုးတွေဖြစ်လာစေမှာပါ။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။

 

အင်္ဂလန်နိုင်ငံမှာရှိတဲ့ ပြည်သူကျန်းမာရေးလေ့လာချက်အရ ဆယ်ကျော်သက်လူငယ်လူရွယ်(၁၅၀ဝ) ကျော်ဟာ လူမှုကွန်ရက်တွေကို ဆေးစွဲသလို စွဲလမ်းနေကြပါတယ်။ အင်စတာဂရမ်နဲ့ ဖေ့ဘွတ်စ်အစရှိ တဲ့ လူမှုကွန်ရက်တွေဟာ လူငယ်တွေကို စိုးရိမ်ပူပန်မှုတွေ၊ စိတ်အားငယ်မှုတွေ၊ ဝေဖန်ပြစ်တင်မှုတွေကို ဖြစ်စေတဲ့ နတ်ဆိုးကြီး တွေလိုဖြစ်နေပါတယ်။

 

ဒါအပြင် ကာလရှည်စွာအိပ်ရေးပျက်ခြင်းနဲ့ အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ဖြစ်လာနိုင်ပါတယ်။

 

ဒါကြောင့် ဒီလိုအင်တာနက်ပေါ်မှာ အချိန်ပြည့်ရှိနေခြင်းဟာ အနုတ်သဘောဆောင်တဲ့ လက္ခဏာတွေကိုသာ ဖြစ်စေမှာပါ။ အင်စတာဂရမ်၊ ဖေ့ဘွတ်တွေကို အလွန်အကျွံသုံးစွဲနေတာဟာ မလိုအပ်တဲ့ အလုပ်အပိုတွေကို လုပ်မိနေစေမှာပါ။ Like လုပ်မယ်၊ love react ပေးမယ်၊ Friend request တွေကို ကြည့်မယ်၊ comment တွေရေးမယ်၊ noti တွေတက်လာတာနဲ့ ချက်ချင်းကြည့်မယ်စတဲ့ အလုပ်တွေနဲ့ ရှုပ်ထွေးနေစေမှာပါ။ အကျိုးရှိစေမယ့် အကြောင်းအရာတွေကို ကြည့်နေရမယ့်အစား ဒီလိုအလုပ်တွေနဲ့ အချိန်ပေးနေရပါလိမ့်မယ်။

 

သင်မြင်နေရတဲ့ အရာတွေကို သင်မပိုင်ပါဘူး။

 

အနည်းငယ်တော့ရှုပ်ထွေးသွားပြီထင်ပါတယ်။ ဆိုလိုရင်းကတော့ လူမှုကွန်ရက်တွေဟာ ဆယ်ကျော်သက်တွေကို ပြိုင်ဆိုင်မှုတွေ ဖြစ်လာစေပါတယ်။ မိမိကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်တတ်လာမှာပါ။ ဖုန်း screen ကို ပွတ်နေရုံနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတော်တော်များများရဲ့ နေထိုင်မှုပုံစံတွေကို မြင်တွေ့နေနိုင်မှာပါ။ ဒါဆိုရင်တော့ တခြားသောသူတွေက ကမ္ဘာပတ်နေမယ်၊ နာမည်ကြီး တံဆိပ်တွေသုံးနေမယ်၊ နောက်ဆုံးပေါ် ကားကြီးတွေစီးနေမယ်စတဲ့ ကိုယ်မှာမပိုင်ဆိုင်နိုင်သေးတဲ့ အခြေ အနေတွေကို လိုချင်တပ်မက်လာပါလိမ့်မယ်။

 

လောဘကြီးလာပါလိမ့်မယ်။ Effect အမျိုးမျိုးနဲ့ ရိုက်ပြီး တင်ထားတဲ့အခြားသူတွေရဲ့ Selfie တွေကို ကြည့်ပြီး ကိုယ်ကိုယ်တိုင်လည်း လှချင်ပချင်ဖြစ်လာပါတော့မယ်။ ဒီလိုပြိုင်ဆိုင်မှုတွေရဲ့ အကျိုးဆက်ကတော့ မိမိကိုယ်ကို တန်ဖိုးထားမှုတွေ လျော့နည်းလာမယ်၊ သံသယစိတ်တွေများလာမယ်၊ ဆုံးရှုံးရမှာကို အလွန်ကြောက်ရွံ့လာမှာဖြစ်ပါတယ်။

 

တခြားသူတွေလို လှချင်ပချင် နေထိုင်ချင်လာခြင်းဟာ ဆယ်ကျော်သက်တွေကို အကြီးအကျယ်ဒုက္ခဖြစ်စေလာနိုင်ပါတယ်။ ဆယ်ကျော်သက်တွေဟာ လိုချင်တာတွေများလာတဲ့အခါ လမ်းမှားကိုရောက်လာကြမှာပါ။ ဒီတော့ ဖေ့ဘွတ်ပေါ်တင်ဖို့ Selfie ပုံတစ်ခုကို ဟိုပြဒီပြလျှောက်လည်ရင်းနဲ့ တန်ဖိုးရှိတဲ့အချိန်ကို မဖြုန်းချင်ကြပါနဲ့။  ဒီပြဿနာကို စည်းကမ်းရှိရှိ ဖြေရှင်းလိုက်ရအောင်။

 

ဖေ့ဘွတ်စ်၊ အင်စတာဂရမ်တို့ကို လုံးဝကြီးဖြတ်တောက်ပစ်လိုက်စရာမလိုပါဘူး၊ စည်းစနစ် မှန်မှန်သုံးရင်ရပါပြီ။ ဥပမာသင့်ရဲ့ Setting ကို ဝင်ပြီးသင်သုံးနေတဲ့ Data ကို (ကန့်သတ်)လိုက်တာမျိုးပါ။

 

ဆယ်ကျော်သက်လေးတွေဟာ လူမှုကွန်ရက်သုံးနေရင်းနဲ့ စိတ်ပင်ပန်းမှုတွေ၊ စိတ်ကြွခြင်းတွေကို ခံစားလာရပြီ ဆိုရင်တော့ အင်တာနက်ကို ပိတ်ပစ်လိုက်ပါ။ သင့်ကိုသင် ကာကွယ်ရင်း Social Media ကို ဘယ်လို အသုံးပြုနိုင်လဲဆိုတဲ့ အကြံပြုချက်တချို့ကို ပြောပြပေးပါမယ်။

 

မိမိကိုယ်ကို သတိနဲ့ဆင်ခြင်နေပါ။ ။ဆိုလိုတာကတော့သုံးရင်းနဲ့ မိမိကိုယ်ကိုသတိထားမိစေမယ့် မေးခွန်းတွေ ထုတ်နေနိုင်ပါတယ်။

 

‘ငါ့ပုခုံးတွေညောင်းနေပြီလား’ ‘ငါအွန်လိုင်းသုံးရင်းပြုံးနေပါလား’ ငါအခုဘာတွေ တွေးနေမိပါလိမ့်’ ‘ငါကိုယ် ငါတစ်ခြားသူနဲ့ယှဉ်နေပြီးလား’ အစရှိတဲ့မေးခွန်းတွေကိုယ်ကိုကို ပြန်ထုတ်နေလိုက်ပါ။ ဒါဆိုရင်တော့ကို ဘာလုပ်မိနေလဲဆိုတာ သတိထားဆင်ခြင်မိသွားပါလိမ့်မယ်။ လမ်းမှားမရောက်အောင် ကိုယ်ကိုသတိပေးလိုက်ခြင်း တစ်မျိုးပါပဲ။

 

ဖေ့ဘွတ်စ် Friday အဖြစ်သတ်မှတ်ပါ။ ။ နေ့တိုင်းလိုလိုမသုံးဘဲ နေနိုင်တယ်၊ နေချင်တယ် ဆိုရင်တော့ သောကြာနေ့ည ပျော်ပွဲရွှင်ပွဲတွေလည်ကြသလိုမျိုး အပတ်တိုင်းရဲ့ တစ်ရက်ရက်ကို ဖေဘွတ့်စ်သုံးတဲ့နေ့ အဖြစ်သတ်မှတ်လိုက်ပါ။ အင်စတာဂရမ်ကိုအင်္ဂါနေ့။ Snap chat ကိုစနေနေ့စသဖြင့်ပေါ့ ။

 

ဖေ့ဘွတ်စ် ‘၁၅’။ ။ ဒါကတော့ ရှင်းပါတယ်။ ဘယ်လူမှုကွန်ရက်ကိုပဲဖြစ်ဖြစ် တစ်နေ့ကို ၁၅ မိနစ်ပဲ သုံးမယ်လို့ သတ်မှတ်လိုက်တာပါ။ Noti-On ထားလိုက်ပါ(သတိပေးချက်ခလုတ်ကို ဖွင့်ထားပါ)။ ဒီလိုနည်းနဲ့ အကြောင်းအရာ တစ်ခုခုပေါ်လာပြီဆိုရင် သင့်ဖုန်းပေါ်ကို အလိုအလျောက် တက်နေမှာပါ။ တကူးတက သွားဖွင့်ကြည့်စရာ မလိုတော့ပါဘူး။ အချိန်ကုန်သက်သာလာမှာပါ။ ဥပမာ ဘယ်သူကတော့ သင့်ကို Love React ပေးသွားတယ်ဆိုတာမျိုးပါ။

 

ဆယ်ကျော်သက်တွေဟာ လူမှုကွန်ရက်တွေကို အကျိုးရှိရှိလည်း အသုံးချနိုင်ပါတယ်။ သတင်း အချက်အလက်တွေကို ရှာဖွေစုဆောင်းတာမျိုး၊ အကျိုးရှိစေမယ့် စာတမ်းတွေဖတ်တာသမျိုး၊ ဘာသာစကားတွေကို အွန်လိုင်းက သင်ကြားတာမျိုးအပြင် ကောင်းမွန်တဲ့အဖွဲ့အစည်း (Group) တွေနဲ့ချိတ် ဆက်တာမျိုးလည်းပြုလုပ်နိုင်ပါသေးတယ်။

 

သင်ကိုယ်တိုင် ဆယ်ကျော်သက်တစ်ယောက်လား။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ ဆယ်ကျော်သက်လေးတွေ ရှိနေလား ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်ကို တော်တော်အကျိုးရှိစေမှာပါ။ ဒါပေမယ့် တစ်ခုတော့မှာချင်ပါတယ်။ သင့်ဆီမှာ စိတ်ပင်ပန်းခြင်းနဲ့ စိတ်ဓာတ်ကျလွယ်ခြင်းလိုမျိုးစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြုံလာရပြီဆိုရင်တော့ ဆရာဝန်နဲ့သာ ပြသဖို့မမေ့ပါနဲ့နော်!!!

 

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win