၁၈ မတ်

 

ဗီယက်နမ်နိုင်ငံတွင် ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်ခံရသူ ၆၆ ဦးအထိရှိလာပြီ ဖြစ်ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညနေပိုင်းက ပြောကြားခဲ့သည်။

 

မြို့တော် ဟနွိုင်းတွင် နှစ်ဦးနှင့် ဟိုချီမင်းမြို့ တောင်ပိုင်းတွင် သုံးဦးတို့တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့သည်။ ဟနွိုင်းတွင် ရောဂါကူးစက်ခံရသူနှစ်ဦးမှာ အသက် ၁၈ နှင့် ၂၀ နှစ်အရွယ် ကျောင်းသားများဖြစ်ကြောင်းနှင့် ၎င်းတို့မှာ ဗြိတိန်တွင် ပညာသင်ကြားခဲ့ပြီး တနင်္ဂနွေ နှင့် တနင်္လာနေ့တို့တွင် နေအိမ်သို့ အသီးသီး ပြန်ရောက်လာခဲ့ကြသူများဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဟိုချီမင်းမြို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသုံးဦးမှာ ဆွစ်ဇာလန်မှ ဒူဘိုင်းသို့ ခရီးသွားခဲ့ပြီး မတ်လ ၁၂ ရက်နေ့တွင် ဗီယက်နမ်သို့ ပြန်ရောက်လာသော အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ရောဂါကူးစက်ခံရသူဟု အစောပိုင်းကအတည်ပြုခံရသူ နှစ်ဦးနှင့် အနီးကပ်ထိတွေ့ပြီး အလုပ်လုပ်ခဲ့သော အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အမေရိကန်မှ ကနေဒါသို့ ခရီးသွားခဲ့ပြီး တနင်္လာနေ့က ဗီယက်နမ်သို့ ပြန်ရောက်လာသော အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး တို့ဖြစ်ကြောင်း ထိုဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

ဗီယက်နမ်နိုင်ငံတွင် ယခုအချိန်ထိ ရောဂါကူးစက်ခံရသူ ၆၆ ဦး ရှိကြောင်း ၁၆ ဦးမှာ ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည်။ မတ်လ ၆ ရက်နေ့က စတင်ကာ ရောဂါကူးစက်ခံရသူ ၅၀ ဦး ရှိခဲ့သည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ယမန်နေ့ကအထိ သံသယလူနာ ၁၂၆ ဦး ရှိပြီး ၃၁၆၅၉ ဦးကို သီးသန့်ထားရှိကြောင်း သိရသည်။

 

လူစုလူဝေးများမလုပ်ကြရန်နှင့် အများပြည်သူဆိုင်ရာနေရာများတွင် နှာခေါင်းစည်းများ ဝတ်ဆင်ရန် ပြည်သူအားလုံးကို အကြံပြုတိုက်တွန်းထားသည်။

 

နိုင်ငံခြားသားများအားလုံးအတွက် ဗီဇာထုတ်ပေးခြင်းကို ဗုဒ္ဓဟူးနေ့မှစတင်ကာ ရက်ပေါင်း ၃၀ ကြာ ခေတ္တရပ်ဆိုင်းထားမည်ဟု ပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို