၁၈ မတ်

 

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဟယ်လ်မန်ပြည်နယ်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားသဖြင့် တာလီဘန်စစ်သွေးကြွ ၁၃ ဦး သေဆုံးခဲ့ပြီး အခြား ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရက ယနေ့ပြောကြားခဲ့သည်။

 

နာ့ဒ်အလီခရိုင် တာပူဒေသတွင် စစ်သွေးကြွအုပ်စုတစ်စုက လုံခြုံရေးဂိတ်ကို ယမန်နေ့က တိုက်ခိုက်ခဲ့ကြကြောင်း၊ သို့သော်လည်း အစိုးရလုံခြုံရေးတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ ရှစ်ဦးသေဆုံးကာ အခြားငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

တာလီဘန်စစ်သွေးကြွများသည် နာဟီ ဆာရတ်ဂျ်ခရိုင် ဂျာဟန်ဇစ်ဘ် စခန်းအနီးရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားသဖြင့် စစ်သွေးကြွ သုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

 

ဂမ်ဆာခရိုင် Atum Darab ဒေသကို ဖြတ်သန်းသွားသော လုံခြုံရေးတပ်ဖွဲ့များ၏ ယာဉ်တန်းကို ပစ်မှတ်ထား တိုက်ခိုက်ရန်အတွက် လမ်းဘေးဗုံးထောင်နေစဉ် တာလီဘန် စစ်သွေးကြွနှစ်ဦး သေဆုံးခဲ့သည်။

 

ဖေဖော်ဝါရီလနှောင်းပိုင်းက အမေရိကန်နှင့် အာဖဂန်အစိုးရတို့က ပူးတွဲကြေညာချက် ထုတ်ပြန်မှုနှင့် အမေရိကန်နှင့် တာလီဘန်တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက် ချုပ်ဆိုပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှု လျော့နည်းသွားခဲ့သည်။

 

တာလီဘန်စစ်သွေးကြွများသည် နယ်မြေ နှင့် ၎င်းတို့၏နေရာကောင်းများ တောင့်တင်းခိုင်မာစေရန် ကြိုးစားလုပ်ဆောင်နေသောကြောင့် ကျေးလက်ဒေသများတွင် ကြိုးကြားကြိုးကြား တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

 

တာလီဘန်အုပ်စုကမူ ထိုဖြစ်ရပ်များနှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို