၁၈ မတ်

 

အာဖရိကနိုင်ငံတွေဟာ COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ နောက်ကျခဲ့ပေမယ့် ကူးစက်နှုန်း မြင့်တာကိုတွေ့ရပါတယ်။ အာဖရိကမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်း၊ ဆရာဝန်ဦးရေ နည်းပါးခြင်းနဲ့ ဆေးရုံများမှာ နေရာအလုံအလောက်မရှိခြင်းတွေ ရှိပေမယ့် နိုင်ငံတော်တော်များများက ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရန် အစွမ်းကုန်လုပ်ဆောင်ထားပါတယ်။

 

COVID 19 ကူးစက်မှုအခြေအနေ

 

အာဖရိကနိုင်ငံတွေထဲက အီဂျစ်နိုင်ငံဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပထမဉီးဆုံး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့နိုင်ငံဖြစ်ပြီး မတ်လဆန်းပိုင်းမှာတော့ အယ်လ်ဂျီးရီးယား နဲ့ နိုက်ဂျီးရီးယား နိုင်ငံတွေမှာ ကူးစက်ခံရသူ နှစ်ဦးကို ထပ်မံတွေ့ရှိရပါတယ်။

 

သီတင်းတစ်ပတ်ကျော်အတွင်း နိုင်ငံပေါင်း ၂၀ မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေ ရှိလာပြီး အခုချိန်မှာ အာဖရိကနိုင်ငံပေါင်း ၅၄ နိုင်ငံထဲမှ နိုင်ငံ ၃၀ ကို ကူးစက်သွားပြီး ကူးစက်ခံရသူ ၄၅၀ ဉီး ရှိပြီလို့ သိရပါတယ်။

 

အီဂျစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၆၉ ဦးရှိပြီး ၆ ဦးသေဆုံး၊ အယ်လ်ဂျီးရီးယားမှာ ကူးစက်ခံရသူ ၆၁ ဉီးနဲ့ သေဆုံးသူ ၅ဉီး၊ မော်ရော့ကိုနိုင်ငံမှာ ကူးစက်ခံရသူ ၄၄ ဉီးရှိပြီး သေဆုံးသူ ၂ ဉီး၊ ဆူဒန်နိုင်ငံမှာ ၁ ဦး ကူးစက်ခံရပြီး ၁ ဉီးသေဆုံးခဲ့ကြောင်း မတ် ၁၈ ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။

 

စီးပွားရေး ကောင်းမွန်တဲ့ တောင်အာဖရိကနိုင်ငံမှာ ကူးစက်ခံရသူ ၈၅ ဦးရှိပြီး ဗိုင်းရပ်စ်ပိုးဟာ ပျံ့နှံ့နေပြီလို့ သိရပါတယ်။

အရှေ့အာဖရိက နိုင်ငံတွေဖြစ်တဲ့ အီသီယိုးဗီးယား နဲ့ ကင်ညာအပါအဝင် နိုင်ငံ ၆ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂၀ ဉီးထိရှိပြီဖြစ်ပါတယ်။

 

အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ ဆီနီဂေါနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂၇ ဦးရှိပြီး ပထမဦးဆုံးကူးစက်ခံရသူမှာ အီတလီနိုင်ငံကနေ ပြန်ရောက်လာသူဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု တိုက်ဖျက်ရန် ပိတ်ပင်တားမြစ်ထား

 

ဆိုမာလီယာနိုင်ငံက နိုင်ငံတကာက လေယာဉ်တွေကို ပိတ်ထားပေမယ့် လူသာချင်းစာနာတဲ့ ကူညီရေးပစ္စည်းပို့ဆောင်တဲ့ လေယာဉ်တွေကိုတော့ ဆင်းသက်ခွင့်ပြုထားပါတယ်။ ဆီနီဂေါ၊ တွန်ဂို နဲ့ မာဒါဂါးစကား နိုင်ငံတွေက ဉရောပ နိုင်ငံ ၇ နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းက လေကြောင်းတွေကို ပိတ်ပင်ထားပါတယ်။

 

ကင်ညာ၊ ဂါနာ၊ တောင်အာဖရိကနဲ့ အိုင်ဗီကို့စ် နိုင်ငံတွေဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေများတဲ့ နိုင်ငံတွေက နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။

 

အလားတူ ဇမ်ဘီယာ၊ နိုက်ဂျီးရီးယား၊ ဂါနာ၊ အီကွီတိုရီရယ် ဂီနီ နိုင်ငံတွေဟာ ဗိုင်းရပ်စ်ပိုးကူးစက်နှုန်းများတဲ့ နိုင်ငံတွေက ခရီးသွားတွေကို  သီးသန့်ခွဲခြားနေထိုင်ရပါတယ်။

 

ကျောင်းတွေပိတ်မယ်

 

အာဖရိကတိုက်တွင်းက အနည်းဆုံး ၁၃ နိုင်ငံဟာ ဗိုင်းရပ်စ်ကူးစက်မှုကို တိုက်ဖျက်ရန် ကျောင်းတွေနဲ့ တက္ကသိုလ်တွေပါ ပိတ်ဖို့ပြင်ဆင်နေသလို ကင်ညာနိုင်ငံမှာတော့ အိမ်ကနေ အလုပ်လုပ်ရန်အထိပါ ညွှန်ကြားထားပါတယ်။

 

နိုင်ငံ ၁၃ နိုင်ငံတွင် ကင်ညာ၊ ရဝမ်ဒါ၊ မော်ရော့ကို၊ အီဂျစ်၊ ဆီနီဂေါ၊ တောင်အာဖရိက၊ ဇမ်ဘီယာ၊ အီကွီတိုရီရယ် ဂီနီ နဲ့ အိုင်ဗီကိုစ့် နိုင်ငံတွေ ပါဝင်တာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP