၂၀ မတ်
အီတလီနိုင်ငံမှာ COVID 19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ဗိုင်းရပ်စ်ပိုးစတင်ပျံ့နှံ့ရာ တရုတ်နိုင်ငံထက် ပိုများသွားကြောင်း သိရပါတယ်။ အီတလီနိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၄၂၇ ဦးရှိကြောင်း သိရတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၃,၄၀၅ဦးသွားဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး စတင်ရာ တရုတ်နိုင်ငံမှာတော့ သေဆုံးသူ ၃,၂၄၅ဦး ရှိပြီး အများစုမှာ အသက်ကြီးသူတွေဖြစ်ကြောင်း သိရပါတယ်။
ကမ္ဘာတစ်ဝန်းမှာ COVID 19 ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံး စုစုပေါင်း ၁၀,ဝ၄၆ ဦး ရှိသွားပြီဖြစ်ပြီး နိုင်ငံဒေသပေါင်း ၁၈၀ မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၄၅,၇၄၉ဦး ရှိကြောင်း မတ် ၂၀ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဗိုင်းရပ်စ်ပိုးနဲ့ပတ်သတ်ပြီး အီတလီအစိုးရက အကောင်းဆုံး လုပ်ဆောင်နေပေမယ့် ဆုံးရှုံးမှုတွေ မြင့်မားနေဆဲဖြစ်ပါတယ်။
အီတလီမြောက်ပိုင်းက ဘာဂါမိုမြို့ဟာ ရုတ်တရက် ကမ္ဘာ့ကပ်ရောဂါဒဏ်ခံရဆုံးမြို့ဖြစ်သွားရာ ခေါင်းတလား အသစ်တွေကို စစ်ကားတွေပေါ်မှာ တင်ဆောင်ပြီး သင်္ဂြိုဟ်ပေးနေတာကို ကြာသပတေး နေ့ညပိုင်းက တွေ့ရပါတယ်။
ဘာဂါမိုမြို့ရဲ့ အနောက်ပိုင်းရှိ ကွန်မို မှာ ဆရာဝန်နှစ်ဦး ဗိုင်းရပ်စ်ပိုးကြောင့် ထပ်မံသေဆုံးရာ ကျန်းမာရေးဝန်ထမ်း ၁၃ ဦး သေဆုံးကြောင်း အီတလီသတင်းဌာန ANSA က ပြောပါတယ်။
အီရန်နိုင်ငံမှာ ၁၂၈၄ ဦးသေဆုံး၊ စပိန်နိုင်ငံတွင် ၈၃၁ဦး နဲ့ ပြင်သစ်နိုင်ငံမှာ ၃၇၂ဦး ရှိကြောင်း သိရပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေး အန်တိုနီယို ဂူတာရက်စ် က ဗိုင်းရပ်စ်ပိုးကို တောမီးလို ပျံ့နှံ့ခွင့် ပေးထားမယ်ဆိုရင် အထူးသဖြင့် ဗိုင်းရပ်စ်ပိုးပျံ့နှံ့နေတဲ့နေရာတွေမှာ လူပေါင်း သန်းနဲ့ချီပြီးသေနိုင်တယ်လို့ မနေ့က သတိပေးပြောကြားပါတယ်။
MDN
ကိုးကား - AFP


