၂၀ မတ်
တရုတ်နိုင်ငံက ထောင်ချီတဲ့ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးတွေနဲ့ စမ်းသပ် ပစ္စည်းအစုံတွေကို ဖိလစ်ပိုင်နဲ့ ပါကစ္စတန်နိုင်ငံတွေကို ပို့ဆောင်လှူဒါန်းလိုက်သလို ကျန်းမာရေးဝန်းထမ်းတွေကိုလည်း အီရန် နဲ့ အီရတ်ပို့ဆောင်လိုက်ပါတယ်။
ဒါ့အပြင် သီရိလင်္ကာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ အား ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရေးအတွက် ချေးငှားလိုက်ပါတယ်။
ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေတဲ့ အီတလီနိုင်ငံကိုလည်း တရုတ်ကျန်းမာရေးအဖွဲ့တွေ စေလွှတ်ပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ပါဝင်ကူညီနေပါတယ်။
ဆားဗီးယားနိုင်ငံကိုလည်း ဆေးဝါးဆိုင်ရာကူညီရေးပစ္စည်းတွေကို အခု သီတင်းပတ်အတွင်းမှာ ပို့ဆောင်လိုက်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာ ဆားဗီးယားကို တရုတ်ဆရာဝန်တွေနဲ့ ကူညီရေးပစ္စည်းတွေ ထပ်ပို့သွားမယ်လို့ ဆင်ဟွာသတင်းမှာ ကြေညာသွားပါတယ်။
ပြင်သစ်နိုင်ငံအတွက် မျက်နှာဖုံး တစ်သန်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပို့ဆောင်လိုက်ပါတယ်။
တရုတ်နိုင်ငံက အလီဘာဘာ သူဌေး ဂျက်မားက ဘယ်လဂျီယံ၊ စပိန် နဲ့ အီတလီနိုင်ငံတို့အတွက် မျက်နှာဖုံး နှစ်သန်းကို လှူဒါန်းတာကိုလည်း တွေ့ရပါတယ်။
အခုလိုလုပ်ဆောင်ခြင်းအားဖြင့် COVID-19 ဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်ပြီး ဝေဖန်နေမှုတွေကို အမြင်ပြောင်းအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
MDN
ကိုးကား - AFP


