ကသာ  ၂၁  မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ ကျောက်တိုင်ဆိပ်၊ ဧရာဝတီးမြစ်အတွင်း ရှပ်ပြေးရေယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါးချပ်များနှင့် အင်ခွဲသားများဖမ်းမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၀ ရက် နေ့လယ် ၁ နာရီအချိန်ခန့်တွင် ကသာမြို့နယ်သစ်တော ဦးစီးအရာရှိ ဦးဇော်ကိုကို ဦးစီးသောအဖွဲ့သည် နယ်ထိမ်းရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ သက်သေများနှင့်အတူကသာမြို့၊ ဧရာဝတီမြစ်အတွင်းကျောက်တိုင် ဆိပ်တွင်ရပ်နားထားသော "ကံရာဇာ" အမြန်ရေယာဉ်အား သတင်းအရ ဝင်ရောက် ရှာဖွေရာ၎င်း ရေယာဉ်အတွင်းမှ တရားမဝင် ကျွန်းတံခါးချပ်(၃၉၈)ချပ်၊ ၄ ဒသမ ၆၀၄၄ တန်၊ အင်ခွဲသား(၅၇)ချောင်း၊ ၁ ဒသမ ၉၁၈၈ တန်နှင့် (၈)လုံးထိုး ရေယာဉ် တစ်စင်း ဖမ်းမိသဖြင့် ရေယာဉ်ပိုင်ရှင် ဦးဇော်ဇာ်လတ်၊ ကိုကျော်နိုင်၊ မငယ် နှင့် မဂျာနူးတို့(၄)ဦးအား ကသာမြို့မရဲစခန်းမှ ဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)