ခြူးစန္ဒီနွေး
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအတွက် တစ်ကမ္ဘာလုံးရဲ့ စိုးရိမ်ပူပန်မှုတွေဟာ အခုအခါမှာတော့ ဥရောပအပေါ်မှာ ကျရောက်နေပါတယ်။ အီတလီနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းဟာလည်း ကြောက်ခမန်း လိလိပါပဲ။ တစ်ရက်တည်းမှာပဲ လူပေါင်း ၇၉၃ ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရပါတယ်။ အခုဆိုရင် အီတလီနိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ အရေအတွက်ဟာ ၄၈၀၀ အထိ ရှိလာပြီပဲဖြစ်ပါတယ်။
နမူနာယူစရာ
ဥရောပတိုက်မှာ သေဆုံးမှုနှုန်းမြင့်တက်နေတဲ့အချိန် အီတလီဟာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဥရောပနဲ့အမေရိကန်တို့က ကိုရိုနာဗိုင်းရပ်စ် နှိမ်နင်းရေးကြိုးပမ်းနေကြတဲ့ ကျန်းမာရေး အာဏာပိုင်တွေအတွက် နမူနာယူစရာ ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် အီတလီနိုင်ငံမှာ တစ်နိုင်ငံလုံးအနှံ့ ဝင်ခွင့် ထွက်ခွင့်ပိတ်ဆို့ထားတာ ၁၁ ရက်မြောက်နေ့ကို ရောက်လာပါပြီ။ အီတလီနိုင်ငံမှာ အခုလိုရုန်းကန်နေရစဉ် အမေရိကန်က ကျန်းမာရေးဝန်ထမ်းတွေ ကြောက်ရွံ့ကြတာကတော့ အသက်ရှူကိရိယာတွေ၊ အခြေခံဆေးဝါး ကိရိယာတွေနဲ့ အထူးကုသရေးလူနာဆောင်မှာ ခုတင်တွေ မလုံလောက်မှာကို စိုးရိမ်ကြပါတယ်။
အသင့်စောင့်ဆိုင်းနေ
အီဘိုလာရောဂါကို နှိမ်နင်းရေးတုန်းက အတွေ့အကြုံရှိခဲ့တဲ့ ကျူးဘားဆရာဝန် ၆၅ ဦးဟာဆိုရင်လည်း အခု ဆိုရင် အီတလီမြောက်ပိုင်းကို လာရောက်ပြီး ကူညီမှုတွေ ပြုလုပ်နေပါပြီလို့ အီတလီကျန်းမာရေး အာဏာ ပိုင်တွေက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးရွားရွား ကူးစက်ခံနေရတဲ့နေရာတွေမှာဆိုရင် စစ်ဘက်ဆိုင်ရာ ထရပ်ကားတွေဟာ ဆေးရုံအပြင်ဘက်မှာ ရပ်ထားကြပါတယ်။ သေဆုံးသွားတဲ့လူနာအလောင်းတွေကို အဝေးကို သယ်ဆောင်သွားဖို့ အသင့်စောင့်ဆိုင်း နေကြတာပဲ ဖြစ်ပါတယ်။
ဥရောပတစ်လွှား ကူးစက်ခံနေရမှုများ
စပိန်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထား ရသူ ၅၀၀ဝ ကို မတ်၂၁ ရက်က အသစ်ထပ်မံတွေ့ရှိခဲ့ ပါတယ်။ စပိန်နိုင်ငံတစ်ဝန်း သေဆုံးမှုနှုန်းကတော့ မတ် ၂၁ ရက်မှာ ၁၀၀၀ ခန့်ရှိပါတယ်။ စပိန်တပ်ဖွဲ့ဟာ မက်ဒရစ်မြို့ ကွန်ဗင်းရှင်းစင်တာကို ခုတင် ၅၅၀ဝ ဆံ့ ဆေးရုံအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။
နယ်သာလန်နိုင်ငံမှာ သေဆုံးသူအရေအတွက် ကတော့ ၁၃၆ ဦးရှိပြီး မတ် ၂၁ ရက်မှာ ၃၀ ထပ်မံ သေဆုံးခဲ့ပါတယ်။
အိုင်ယာလန်နိုင်ငံမှာ ကူးစက်ခံရသူအရေအတွက်ဟာ ၇၈၅ ဦးရှိပြီး မတ် ၂၁ ရက်မှာတော့ နောက်ထပ် ရောဂါကူးစက်ခံထားရသူ ၂၁ ဦးကို တွေ့ရှိခဲ့ရပါတယ်။
ဗြိတိန်မှာတော့ လူပေါင်း ၅၀၀ဝ မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရပြီး ၂၃၃ ဦး သေဆုံးခဲ့ပြီးပါပြီ။ ဥရောပတစ်လွှားမှာတော့ နယ်စပ်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားပြီး နေအိမ်အတွင်း၌သာနေရန် ဥပဒေကို ချိုးဖောက်တဲ့ ပြည်သူတွေကို ဒဏ်တပ်ဖို့ ရဲတပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ချထားပါတယ်။
လူတိုင်းဆေးစစ်ဖို့မလို
အမေရိကန်မှာတော့ ပြည်သူ့ကျန်းမာရေးအရာရှိတွေဟာ ဥရောပကဖြစ်ရပ်တွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။
ပြည်သူတွေအနေနဲ့ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံထားရကြောင်း ရောဂါလက္ခဏာတွေ မပေါ်ဘဲနဲ့ စစ်ဆေးရေး ကိရိယာနဲ့ မစစ်ဆေးကြဖို့ အမေရိကန်အာဏာပိုင်တွေက ပြောထားပါတယ်။ အမေရိကန်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ လူတိုင်းလူတိုင်းစစ်ဆေးကြည့်ဖို့မလိုဘူးလို့ အမျိုးသားကူးစက်ရောဂါကာကွယ်ရေး အင်စတီကျုက ညွှန်ကြားရေးမှူး အန်သိုနီအက်စ်ဖော်စီက ပြောပါတယ်။ မလိုအပ်ဘဲနဲ့ စစ်ဆေးခြင်းကြောင့် ကျန်းမာရေးလုပ်သားတွေမှာ လိုအပ်တဲ့ နှာခေါင်းစည်း၊ ဝတ်စုံ အပါအဝင် ပစ္စည်း ကိရိယာ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ဗဟိုချက်မဖြစ်လာ
နယူးယောက်မြို့ကတော့ အမေရိကန်အတွက် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရာ ဗဟိုချက်မလိုဖြစ်နေပါတယ်။ အီလီနွိုက်၊ နယူးယောက်၊ ကယ်လီဖိုးနီးယားတို့မှာတော့ ပြည်သူတွေအနေနဲ့ နေအိမ်အတွင်း၌သာ နေထိုင်ကြရန် အာဏာပိုင်တွေက သတိပေးထားပါတယ်။ နောက်ပြီးခရီးသွားလာမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၆ ဦးရှိပါတယ်။ ဗိုင်းရပ်စ်တွေ့ရှိရတဲ့ လူအရေအတွက် ကတော့ မတ် ၂၁ ရက်မှာ ၂၀၀၀၀ အထိ ရှိလာပါပြီ။ ဒုတိယအများဆုံး ကူးစက်ခံရတဲ့ပြည်နယ်ကတော့ ဝါရှင်တန်ပါပဲ။ ဝါရှင်တန်မှာ လူပေါင်း ၁၇၉၃ ဦး ကူးစက် ခံထားရပါတယ်။ အနောက်ဗာဂျီးနီးယားမှာတော့ ကူးစက် ခံရမှု အနိမ့်ဆုံးပါပဲ။ အရေအတွက်အားဖြင့် ရှစ်ဦးသာ ကူးစက်ခံထားရပါတယ်။
ဘဏ္ဍာရေးအကူအညီ ပေးဖို့ပြင်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နစ်နာရတဲ့ စီးပွားရေး လုပ်ငန်းတွေကို အကူအညီပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့က ဘဏ္ဍာရေးအရ အကူအညီတွေပေးဖို့ ပြင်ဆင်နေပါတယ်။ ထရမ့်ရဲ့ စီးပွားရေးဆိုင်ရာ အဆင့်မြင့် အကြံပေးပုဂ္ဂိုလ်ဖြစ်သူ လာရီကတ်လိုးကတော့ ကယ်ဆယ်ရေးအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၂ ထရီလီယံကျော်အထိ အသုံးပြုသွားဖို့ရှိတယ်လို့ ပြောပါတယ်။ သမ္မတထရမ့်ကတော့ အမေရိကန်ဟာ အဆိုးရွားဆုံး ကမ္ဘာ့ကူးစက်ရောဂါနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ထပ်ခါထပ်ခါ သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒုတိယသမ္မတကို ဆေးစစ်ဆေး
အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်ရဲ့ ရုံးကဝန်ထမ်း တစ်ဦးမှာလည်း ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရတာကို တွေ့ရှိရတာကြောင့် ဒုတိယသမ္မတအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီဝန်ထမ်းဟာ သမ္မတ ထရမ့်၊ ဒုတိယသမ္မတ မိုက်ပန့်စ်တို့နဲ့ ထိတွေ့ဆက်ဆံမှု မရှိတာကြောင့် အလွန်စိုးရိမ်စရာမရှိခဲ့ပါဘူး။ ဒါပေမယ့် လည်း မိုက်ပန့်စ်နဲ့ ဇနီးဖြစ်သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ရှိ မရှိ စစ်ဆေးခံဖို့ ဖြစ်လာခဲ့ပါတယ်။ မတ် ၂၁ ရက် ညပိုင်း မှာတော့ ဒုတိယသမ္မတနဲ့ ဇနီးဖြစ်သူတို့မှာ ကိုရိုနာဗိုင်းရပ်စ် မတွေ့ရှိရဘူးလို့ ကြေညာခဲ့ပါတယ်။ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ N95 နှာခေါင်းစည်းတွေ ပိုပြီးလိုအပ် တယ်လို့ ရှင်းပြခဲ့တဲ့အတွက် ထရမ့်အစိုးရအဖွဲ့ဟာ ဒါတွေကို ဖြည့်ဆည်းပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
ဗိုင်းရပ်စ်ပြန်ပေါ်လာနိုင်
အစောပိုင်းကာလတုန်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရခင် ဆေးတွေကြိုတင်သောက်သုံးဖို့ သမ္မတ ထရမ့်က တိုက်တွန်းတာမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက မည်သည့်ဆေးဝါးကိုမှ ကိုဗစ် -၁၉ ကုသရေး အတွက် ဆေးဝါးဆိုပြီး ထောက်ခံချက်မပေးခဲ့ပါဘူး။ ပြည်နယ်အရာရှိတွေနဲ့ ကျန်းမာရေးအာဏာပိုင်တွေက အရေးပေါ် အကဲဖြတ်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
အကယ်၍ အမေရိကန်နိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို လျှော့ချနိုင်ခဲ့ရင်တောင် ဒီနှစ်နှောင်းပိုင်း လောက်ကျရင် ဒီဗိုင်းရပ်စ်ဟာ ပြန်ပြီးပေါ်လာနိုင်တယ်လို့ ပြောကြားခဲ့ကြပါတယ်။
အာရှနိုင်ငံတွေလည်း ခံစားရ
ကိုရိုနာဗိုင်းရပ်စ်ကို ခံစားနေရတဲ့အထဲမှာ အာရှနိုင်ငံတွေလည်း အပါအဝင်ပါပဲ။ မလေးရှားနိုင်ငံမှာတော့ မတ် ၂၁ ရက်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူငါးဦး ထပ်မံသေဆုံး ခဲ့ပါတယ်။ စင်ကာပူမှာတော့ မတ် ၂၁ ရက်မှာ နောက်ထပ် ကူးစက်ခံရသူ ၄၇ ဦး ထပ်မံတွေ့ရှိခဲ့ရပါတယ်။ လူကိုးဦးကတော့ သက်သာတဲ့အတွက် ဆေးရုံကနေဆင်းသွားရပြီဖြစ်ပြီး ပြန်လည်သက်သာတဲ့ အရေအတွက်ဟာ ၁၄ဝ အထိ ရှိလာပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်ရေး နိုင်ငံတိုင်းက အပြင်းအထန် ကြိုးစားနေကြပါတယ်။
ကိုးကား -ဝါရှင်တန်ပို့စ်


