၂၃ မတ်

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယခုနှစ်နွေရာသီတွင် တိုကျိုအားကစားပွဲနှင့် မသန်စွမ်းအားကစားပွဲများကို ၎င်းတို့အနေဖြင့် ပြီးပြည့်စုံသည့် ပုံစံဖြင့် မကျင်းပနိုင်လျှင် ယင်းအားကစားပွဲများကျင်းပခြင်းကို ရွှေ့ဆိုင်းရန် ဖြစ်နိုင်ခြေရှိသည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။

 

အဆိုပါ အားကစားပွဲများကို ယင်းကဲ့သို့နည်းလမ်းဖြင့် ကျင်းပရန် ခက်ခဲမည်ဆိုပါက အားကစားသမားများ၏ ကျန်းမာရေးကို အဓိက ဦးစားပေးပြီး ၎င်းအားကစားပွဲကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအကြီးအကဲက ပြောကြားခဲ့သည်။

 

ထိုအားကစားပွဲ ရွှေ့ဆိုင်းခြင်း အပါအဝင် ကမ္ဘာအနှံ့ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ခြေများကို စူးစမ်းရှာဖွေနေသည်ဟူသော  နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က ပြောကြားပြီးနောက် ယခုကဲ့သို့ ဂျပန်နိုင်ငံ အကြီးအကဲက ပြောကြားလာခြင်း ဖြစ်သည်။

 

နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ချလိမ့်မည်ဟု အာဘေးက ဆိုသည်။

 

သို့သော်လည်း နိုင်ငံတကာ အိုလံပစ်ကော်မတီ နှင့် ဂျပန်တို့သည် အိုလံပစ်အားကစားပွဲများ ဖျက်သိမ်းရေးဆိုင်ရာ ထင်မြင်ချက်များနှင့်ပတ်သက်ပြီး ဆွေးနွေးမည် မဟုတ်ဟု အာဘေးက ထပ်လောင်းပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို