ကလျာမိုးမြင့်

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရဲ့ နောက်ဆက်တွဲဂယက်ကြောင့် ထိခိုက်လာတဲ့ အမေရိကန်ရဲ့ စီးပွားရေးကိုကယ်ဆယ်ဖို့ အမေရိကန်ဒေါ်လာ နှစ်ထရီလီယံနီးပါးတန်ကြေးရှိတဲ့ ကယ်တင်ရေးအစီအစဉ်ကို ယမန်နေ့က အထက်လွှတ်တော်မှာ ဒီမိုကရက်တစ်တွေက ထပ်ပြီးပိတ်ပင်ဟန့်တားခဲ့ကြပါတယ်။

 

ဒီကိစ္စက ကိုရိုနာဗိုင်းရပ်စ်ရဲ့ နှောင့်ယှက်ဖျက် ဆီးမှုကြောင့် ခနော်ခနဲ့ဖြစ်လာတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ကြိုးစားရုန်းကန်လှုပ်ရှားနေကြ တဲ့ အမေရိကန်ပြည်သူတွေကို ဘယ်လို အကောင်းဆုံး အကာအကွယ်ပေးမလဲဆိုတာနဲ့ပတ်သက်ပြီး အင်အားကြီးပါတီနှစ်ခုအကြား တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားကွဲပြားမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။

 

သမိုင်းတွင်လောက်အောင်များတဲ့ ငွေကြေးပမာဏ

 

လူ့အသက်ကိုဆုံးရှုံးစေတဲ့အထိ ဒုက္ခပေးနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကျရောက်မှုဟာ မြန်မြန်ဆန်ဆန် ပျံ့နှံ့လျက်ရှိနေပြီး နယူးယောက်မြို့နဲ့ ကယ်လီဖိုးနီးယားပြည်နယ် တွေအပါအဝင် ပြည်နယ်တွေအားလုံးနီးပါးကို မဖြစ်မနေ အဝင်အထွက်ပိတ်ဆို့မှုပြုလုပ်ထားရပါတယ်။ ရောဂါကူးစက်မှုကြောင့် ယိမ်းယိုင်နေတဲ့ စီးပွားရေးတွေ ပြိုလဲမသွားအောင် တားဆီးကာကွယ်ဖို့အတွက် သမိုင်းတွင်လောက်အောင် များပြားတဲ့ ဖက်ဒရယ်ရန်ပုံငွေပမာဏကိုအတည် ပြုလိုက်ဖို့ဆိုတာနဲ့ ပတ်သက်ပြီး Capitol Hill ဟာ ကြီးမားတဲ့ ဖိအားကျရောက်မှုတွေကြောင့် ခေါင်းခဲစရာအခြေအနေ ဖြစ်နေပါတယ်။

 

ဒီမိုကရက်တစ်တွေ စောဒကတက်

 

စီးပွားရေးကယ်တင်မှု ရန်ပုံငွေအစီအစဉ်ကို ဒီမိုကရက်တစ်တွေကလက်မခံဘဲ တွန့်ဆုတ်နေကြပြီး လက်ရှိရီပတ်ဘလစ်ကန် ဦးဆောင်တဲ့ အဲဒီဥပဒေဟာ အလုပ်သမားတွေကို အကာအကွယ်ပေးရေးအပေါ်မှာ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှု အကြီးအကျယ် လုပ်ဆောင်ဖို့ ဦးစားပေးနေတာဖြစ်တယ်လို့လည်း ပြောကြား ခဲ့ပါတယ်။

 

ပြီးတော့လည်း ဒီအစီအစဉ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် လုံလောက်မှု မရှိတဲ့အခြေအနေတွေကို အထောက်အကူပြုဖို့ နဲ့ ဆေးရုံတွေမှာ နှာခေါင်းစည်းနဲ့ အကာအကွယ် ဝတ်စုံတွေ၊ အရေးပေါ်ကုသမှုပေးတဲ့ လူနာ ခုတင်တွေနဲ့ အရေးပေါ်ကုသရေးအထောက်အကူပစ္စည်းတွေ ရောက်ရှိစေရေး အကူအညီ ပေးဖို့လုပ်ဆောင်မှုတွေ ကြာကြာမဆောင်ရွက် နိုင်ဘဲ ဖြစ်သွားလိမ့်မယ်လို့ ၎င်းတို့က စောဒက တက်ခဲ့ပါတယ်။

 

ထောက်ခံမဲရဖို့လိုနေ

 

စီးပွားရေးကယ်တင်မှုအစီအစဉ်နဲ့ ပတ်သက်ပြီး ရီပတ်ဘလစ်ကန်အဖွဲ့ဝင်တွေ၊ ဒီမိုကရက်တစ်အဖွဲ့ဝင်တွေနဲ့ သမ္မတဒေါ်နယ်ထရမ့်တို့အကြား အကြိတ်အနယ် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြပေမယ့်လည်း အတည်ပြုနိုင် ရေး မဲခွဲဆုံးဖြတ်ချိန်မှာတော့ ထောက်ခံမဲ ၆၀ လောက်ရဖို့ လိုအပ်နေခဲ့ပါတယ်။ အထက် လွှတ်တော်အမတ်ငါးဦးနဲ့ ရီပတ်ဘလစ်ကန် အမတ်တွေဟာ မဲထည့်ဝင်ခဲ့ခြင်း မရှိပါဘူး။ ၎င်းတို့ထဲက အမတ်တစ်ဦးဖြစ်တဲ့ ရန်ပေါလ်ဟာ မတ် ၂၂ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။


ပန်းတိုင်ရောက်ဖို့ယုံကြည်

 

အောက်လွှတ်တော်ရဲ့ ထိပ်တန်းဒီမိုကရက် တစ် အမတ်တစ်ဦးဖြစ်တဲ့ ချပ်စခူမာက ညှိနှိုင်းဆွေးနွေးမှုတွေကိုတော့ ဆက်လုပ် နေတုန်းပဲ၊ ဘဏ္ဍာရေးဝန်ကြီး စတီဗင်မျူချင် အပါအဝင် နှစ်ဖက်စလုံးက အလားအလာ ကောင်းတဲ့ ညှိနှိုင်းမှုတစ်ခုဖြစ်လာဖို့ အရေးကြိုးပမ်းနေကြတယ်။ သဘောတူညီမှု တစ်ခုရဖို့ အတော်လေးတော့ နီးကပ်လာ ပြီ။ မိမိတို့ရဲ့ ရည်မှန်းချက်ကလည်း သဘော တူညီမှုမြန်မြန်ရဖို့၊ မျှော်လင့်ချက်ရှိသလို ပန်း တိုင်တစ်ခုရောက်ရှိဖို့ ယုံကြည်ချက်လည်း မိမိတို့မှာရှိတယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

 

အသိစိတ်ကင်းမဲ့တဲ့ နှောင့်ယှက်မှု

 

အထက်လွှတ်တော်ရဲ့ ရီပတ်ဘလစ်ကန် ခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်က ဒီကိစ္စမှာ အမေရိကန်နိုင်ငံသားတွေက ကွန်ဂရက် လွှတ်တော်ကို မြန်မြန်ဆန်ဆန် ဥပဒေပြုဖို့ စောင့်ဆိုင်းနေကြတဲ့အချိန်မှာ ဒီမိုကရက်တစ်တွေဟာ လုံးဝအသိစိတ် ကင်းမဲ့နေတဲ့ နှောင့်ယှက်တားဆီးမှုမျိုးကို လုပ်ခဲ့တာပဲလို့ ဒီမိုကရက်တစ်တွေအပေါ် ၎င်းရဲ့ဒေါသကို ဖော်ပြခဲ့တာကို တွေ့ရပါတယ်။

 

အမေရိကန် ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့ဖူးတဲ့အထဲမှာ အကြီးဆုံးအရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေတစ်ရပ်ဖြစ်လာမယ့် အစီအစဉ်ရဲ့ အသေးစိတ်အကြောင်းအရာတွေ အပေါ်မှာ ဟိုလိုလိုသည်လိုလို လုပ်နေကြတယ်ဆိုပြီး မက်ကော်နယ်က ဒီမိုကရက်တစ်တွေကို အကြီးအကျယ်ဒေါပွနေခဲ့ပါတယ်။ မြန်မြန် ဆန်ဆန် သဘောတူညီမှုမရဘူးဆိုရင်တော့ အထက်လွှတ်တော်ဟာ ကယ်တင်ရေးအစီအစဉ်ကို ယခုရက်သတ္တပတ်ကုန်တဲ့အထိ အတည်ပြု နိုင်ဦးမှာမဟုတ်ဘူးလို့ ၎င်းက သတိပေးခဲ့ပါ သေးတယ်။

 

ကိုယ်ပိုင်အစီအစဉ်ချပြမယ်

 

စီးပွားရေးအခက်အခဲကျရောက်မှု ပိုဆိုးလာချိန် ကွန်ဂရက်လွှတ်တော်ရဲ့ ထိပ်တန်း ဒီမိုကရက်တစ်အမတ်ဖြစ်တဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီက ၎င်းရဲ့ စီမံဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကော်မတီဟာ မတ် ၂၃ ရက် နှောင်းပိုင်းမှာ အလုပ်လက်မဲ့တွေအတွက် ပိုမိုခိုင်မာတဲ့ အာမခံချက်၊ စတော့ရှယ်ယာ ပြန်ဝယ်ခြင်းကို ဆန့်ကျင်မှုနဲ့ ဆေးရုံတွေအတွက် လိုအပ်နေတဲ့ ရန်ပုံငွေကိစ္စစတဲ့ အကြောင်းအရာတွေ ပါဝင်တဲ့ အဖွဲ့ရဲ့ကိုယ်ပိုင်အစီအစဉ်ကို ထုတ်ဖော်ကြေညာမယ်လို့ ပြောကြားခဲ့ပါတယ်။

 

သတိပေး

 

ရီပတ်ဘလစ်ကန်အဖွဲ့က ဦးဆောင်ရေးဆွဲခဲ့တဲ့ စီးပွားရေးကယ်တင်မှုအစီအစဉ် ဥပဒေဟာ ပူးပေါင်းလုပ်ငန်းဆောင်ရွက်ချက်ကို ဦးစားပေးထည့်သွင်းထားတယ်။ ဘယ်အလုပ်သမားတွေ၊ မိသားစုတွေမှ မပါဘူးလို့ ပီလိုစီက ဆိုပါတယ်။

 

ရီပတ်ဘလစ်ကန်တွေအဆိုပြုခဲ့တဲ့ အဲဒီဥပဒေဟာ ကော်ပိုရေးရှင်းလုပ်ငန်းတွေက စတော့ရှယ်ယာတွေ ပြန်ဝယ်ဖို့ အခွန်ထမ်းသူတွေရဲ့ ရန်ပုံငွေတွေသုံးစွဲတာကို တားဆီးနိုင် ခြင်းမရှိသလို သမ္မတထရမ့်အပါအဝင် ရီပတ် ဘလစ်ကန်တွေ လူသိရှင်ကြား ကန့်ကွက်နေတဲ့ အလုပ်အမှုဆောင်တွေရဲ့ လစာတိုးပေးဖို့ကိုလည်း တားမြစ်နိုင်ခြင်းမရှိဘူးလို့ သတိပေး ခဲ့ကြပါတယ်။

 

ငွေကြေးနဲ့ကယ်တင်မယ်

 

ဘယ်လိုပင်ဖြစ်စေ ဖက်ဒရယ် ဗဟိုဘဏ် စနစ်ကတော့ အမေရိကန်ရဲ့ စီးပွားရေးကို ငွေကြေးနဲ့ ဆက်လက်စီးဆင်းနိုင်စေဖို့ ယခင်လုပ်ဆောင်ခဲ့ဖူးခြင်းမရှိတဲ့ အားထုတ်မှုမျိုးနဲ့ ကြိုးပမ်းနေပြီဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး စတီဗင်မျူချင်ကပြောကြားခဲ့ပါတယ်။ မစ္စတာ စတီဗင်မျူချင်က အဲဒီအစီအစဉ်ဟာ ကိုရိုနာဗိုင်း ရပ်စ်ကပ်ရောဂါကြောင့် ကသောင်းကနင်းဖြစ် ပွားမှုတွေအတွင်း ငွေပေါ်လွယ်မှုအတွက် လိုအပ်တဲ့ အမေရိကန်ဒေါ်လာ လေးထရီလီယံကို ဖြည့်ဆည်းပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ။

 

အေအက်ဖ်ပီ