တင်ဝင်းလေး
ရန်ကုန်မြို့လယ်ကောင်တွင် အရှေ့နှင့် အနောက်တန်းနေသော လမ်းမကြီးငါးသွယ်ရှိသည်။ အင်္ဂလိပ်တို့အုပ်စိုးစဉ်ကာလကတည်းက ဖောက်လုပ်ခဲ့သောလမ်းမကြီးများ ဖြစ်သည်။
တောင်အရပ်ကစ၍ဆိုရသော် ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့ဖြစ်သည်။
စတည်ဆောက်စဉ်က လမ်းများကို အင်္ဂလိပ်အခေါ် အဝေါ်အမည်များ ပေးခဲ့သည်။ ယခုနောက်ပိုင်းမှ မြန်မာ အမည်နှင့် ထင်ရှားခဲ့သော မြန်မာသူရဲကောင်းတို့၏ အမည်များဖြင့် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
သူ့ခေတ် သူ့ကာလနှင့်တွက်ချင့်၍ တည်ဆောက်ပေးခဲ့သော လမ်းကြီးများဖြစ်သည်။ ယနေ့ကာလ၊ ယနေ့ခေတ်နှင့်ဆိုပါက အလွန်ကျဉ်းမြောင်းလာပြီဟု ဆိုရမည်ဖြစ်သည်။
ထိုလမ်းမကြီးများပေါ်ဝယ် ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ်များက ၂၄ နာရီမပြတ် ဥဒဟိုသွားလာ နေကြသည်။ ဘတ်စ်ကားယာဉ်ကြီးများက ခရီးသွား ပြည်သူများကို တစ်နေကုန် ပို့ဆောင်ပေးနေကြသည်။ တိုးတက်များပြားလာသော ခရီးသွားများက နံနက် မိုးလင်းမှ မိုးချုပ်သည်အထိ အသွားအလာမပြတ်ရှိနေသည်။ ထို့ထက်ပို၍ ဆိုရသော် ရန်ကုန်မြို့လယ်ကောင်သည် လူနှင့်ယာဉ်များ အလွန်တရာရှုပ်ထွေးသော ရပ်ဝန်း ဖြစ်သည်။
ထို့အတွက် လူနှင့်ယာဉ်တို့ အန္တရာယ်ကင်းစေရန်၊ လမ်းသွားခရီးသည်များအတွက် လူကူးခုံးကျော်တံတားများကို အစိုးရအဆက်ဆက်က ငွေကြေးအမြောက်အမြား အကုန်အကျခံကာ တည်ဆောက်ပေးခဲ့သည်။
မှတ်မိသည်မှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း တက်လာသော တပ်မတော်အစိုးရလက်ထက်၌ လူကူးခုံးကျော်တံတားအများအပြားကို တည်ဆောက်ပေးခဲ့သည်။ သို့သော် တံတားများတွင် အမိုးနှင့် စက်လှေကားများ မပါဝင်ခဲ့ပေ။
အရပ်သားတစ်ဖြစ်လဲ သမ္မတ ဦးသိန်းစိန် လက်ထက်တွင်မှ အချို့သော လူကူးခုံးကျော် တံတားများတွင် အမိုးအကာနှင့် စက်လှေကား များ ထည့်သွင်းတည်ဆောက်ပေးလာသည်ကို တွေ့ရသည်။
မြို့လယ်ကောင်မှ လူကူးခုံးကျော်တံတားများကို ပြန်လည်စေ့ငုရေတွက်ကြည့်သော် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် လမ်းသစ်လမ်း ထိပ် (သူနာပြုတက္ကသိုလ်အနီး) ၌ လူကူး ခုံးကျော်တံတားတစ်စင်း ရှိခဲ့ဖူးသည်။ တစ်လ မှာ တစ်ယောက်ပင် တံတားပေါ်မှတက်၍ လမ်းကူးသူကို မမြင်ဖူးခဲ့ရပေ။ ညချမ်းအချိန် အခါ၌ ချစ်သူစုံတွဲများ နားခိုရာအဖြစ်နှင့် အရက်ဝိုင်းထိုင်သောက်သူတို့သာ ရှိခဲ့သည်။ ပြီးခဲ့သောနှစ်က ပြန်လည်ဖျက်သိမ်းသွားခဲ့ပြီ ဖြစ်သည်။
ခေတ်မီလူကူးခုံးကျော်တံတားတစ်စင်း
ဗိုလ်ချုပ်အောင်ဆန်း ဈေးသစ်ကြီးနှင့် Junction City ကုန်တိုက်ကြီး တည်ဆောက် ခြင်းနှင့်အတူ ဈေးဟောင်းနှင့် ဈေးသစ် အဆင်ပြေလွယ်ကူချောမွေ့စွာ ကူးသန်းနိုင်ရန် အတွက် ဈေးနှစ်ဈေးရှေ့တွင် ခေတ်မီလူကူး ခုံးကျော်တံတားတစ်စင်း ရှိလာခဲ့သည်။ ဈေးတည်ဆောက်သောကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့သည့်အတွက် အမိုးအကာနှင့် ဖြစ်သည်။ ရိုးရိုးကွန်ကရစ်လှေကားနှင့်အတူ စက်လှေကားအပြင် ဓာတ်လှေကားတစ်စင်းပါ ပါဝင်သည်။
အနော်ရထာလမ်းနှင့် ဆူးလေဘုရား လမ်းဆုံ မြို့လယ်ကောင်ဗဟိုတွင် စတုဂံပတ်လည် လူကူးခုံးကျော်တံတားတစ်စင်းရှိသည်။ မူလပထမ တည်ဆောက်စဉ်က ဆူးလေဘုရားလမ်းကိုဖြတ်၍ ထိုထားသော တစ်ဖက်တည်းသာရှိသည့် တံတားဖြစ်သည်။ နောက်ပိုင်းမှ လေးဖက်လေးတန် ဆက်၍ တည်ဆောက်ခြင်း ဖြစ်သည်။ အမိုးအကာနှင့် စက်လှေကားများ ယနေ့တိုင် တပ်ဆင်နိုင်ခြင်း မရှိသေးပေ။
လမ်းကူးနေကြဆဲဖြစ်
သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး မကောင်းသူများ တက်ရောက်ရန် အခက်အခဲ များ ရှိပေသည်။ တံတားက မြင့်မားသည့် အတွက် ခရီးသည်အများအပြားက တံတား အောက် ကားလမ်းပေါ် ယာဉ်ထိန်းရဲများ အကြားမှပင် လမ်းကူးနေကြဆဲဖြစ်သည်။ တစ်ခါတစ်ရံ လူနှင့်ကားများ ရောထွေးသွား တတ်သည်။ အန္တရာယ်များကြားက ခရီးသွား များဟုပင် အမည်ပေးရမလိုဖြစ်သည်။
ဤသို့ ယာဉ်ထိန်းရဲများရှိလျက် ခရီးသွား များ လမ်းဖြတ်ကူးနေခြင်းအပေါ် စေ့ငုကြည့်ရာ ပန်းဘဲတန်းမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက “ဆူးလေမီးပွိုင့်မှာ တာဝန်ကျတဲ့ ယာဉ်ထိန်းရဲ တွေရဲ့ အဓိကတာဝန်က မော်တော်ယာဉ်တွေ စည်းကမ်းနဲ့အညီ မောင်းနှင်နိုင်ဖို့နဲ့ ယာဉ်ကြော ရှင်းလင်းရေးတာဝန်ကို ယူထားရတာပါ။ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို လိုက်ဖမ်း နေမယ်ဆိုရင် သူတို့ရဲ့ အဓိကတာဝန်တွေ လစ်ဟင်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ခရီးသွားတွေကို စက်လှေကား လို အဆင်ပြေစွာ သွားနိုင်ရေးအတွက် ဖြည့်ဆည်းပေးဖို့တွေ လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့ဘက်ကလည်း ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်ပြီဆိုရင်တော့ စည်းကမ်းနဲ့ အညီ ဆောင်ရွက်သွားရမှာပါ။ အမှန်တော့ အဲဒီစည်းကမ်းတွေက ရှိပြီးသားတွေပါ။ အချို့ ခရီးသွားတွေက လိုက်နာမှု အားနည်းနေကြလို့ ဖြစ်နေရတာပါ”ဟု ရှင်းပြခဲ့သည်။
ထိုဆူးလေမီးပွိုင့်တွင် တစ်ခါတစ်ရံ ယာဉ်ထိန်းရဲအင်အား များစွာချ၍ စည်းကမ်းမဲ့ လမ်းကူးသူများကို တားဆီးခြင်း၊ တံတားပေါ်မှ သွားရန် လမ်းညွှန်နေကြသည်။ အချို့ တားနေ သည့်အကြားမှ ဖြတ်သန်းသည့် ခရီးသည်များ ကိုစုစည်း၍ တံတားအောက်တွင်ပင် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ခြင်းများကို လုပ်ဆောင်နေရသည်။ အသိပညာပေး ဟောပြောသူက ပြောလို့ပင် မောသွားသည်။ ထိုယာဉ်ထိန်းရဲများ ကွယ်သည်နှင့် စည်းကမ်းမဲ့ လမ်းကူးကြမြဲပင် ဖြစ်သည်။
ထိုမှ အနော်ရထာလမ်းအတိုင်း သိမ်ကြီး ဈေးဘက်ဆီသို့ လမ်းလျှောက်သွားပါက ပန်းဘဲတန်းမြို့နယ်အဆုံးနှင့် လသာမြို့နယ် အစပ် ရွှေတိဂုံဘုရားလမ်းဆုံ၌ စတုဂံလေးဖက် ပတ်လည် လူကူးခုံးကျော်တံတားတစ်စင်းကို တွေ့ရမည်ဖြစ်သည်။ တပ်မတော်အစိုးရ တက်ပြီးခါစက စတင်တည်ဆောက်ခဲ့သော တံတား အဟောင်းဖြစ်သည်။ စက်လှေကားနှင့် အမိုး အကာမပါပေ...။
တံတားအဆင့်မြှင့်တင်
လူကူးခုံးကျော်တံတားနှင့် ပတ်သက်၍ “ဗိုလ်ချုပ်ဈေးသစ် တည်ဆောက်ခဲ့တဲ့ ရွှေတောင်ကုမ္ပဏီကပဲ လှူတဲ့သဘောနဲ့ တည်ဆောက်သွားမှာပါ။ အဓိကအပေါ်ပိုင်းနဲ့ အမိုးအကာတွေအပြင် ခရီးသွားတွေ မျက်စိ ပသာဒရှိစေဖို့ အပင်လေးများကိုလည်း စိုက်သွားမှာပါ။ အဓိကကတော့ တံတားအဆင့် မြှင့်တင်ခြင်းလုပ်ငန်းပါ။ ယာဉ်ကြောမပိတ်ဆို့ စေရေးအတွက်ကိုလည်း အလေးထားပြီး တစ်ဖက်စီ ဆောင်ရွက်သွားမှာပါ”ဟု ကိုယ်စား လှယ် ဦးသန်းနိုင်က ပြောသည်။
တံတားဟောင်း အဆင့်မြှင့်တည်ဆောက်ရာ၌ စက်လှေကားအပါအဝင် တည်ဆောက်ခြင်းကို ရွှေတောင်ကုမ္ပဏီကပင် ငွေကြေးအကုန်ကျခံ လှူဒါန်း တည်ဆောက်ခြင်းဟု သိရသည်။
တည်ဆောက်ခြင်းကို ပြီးခဲ့သော ဖေဖော် ဝါရီ ၂၂ ရက်က သက်ဆိုင်ရာများသို့ အကြောင်းကြားစာများပို့ပြီး စတင်နေပြီဟု သိရသည်။ လုံခြုံရေးအကာအရံများပေါ်၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လိုဂိုတံဆိပ်ဖြင့် ဗီနိုင်းများ ကပ်ထားသည်။ ဗီနိုင်းပေါ်တွင် “ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် သိမ်ကြီးဈေး စတုဂံခုံးကျော်တံတား၊ ရွှေတိဂုံ ဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံ၊ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်း”ဟု ဖော်ပြ ထားသည်။
အနော်ရထာလမ်းပေါ်မှပင် လသာလမ်း ဘက်ဆီသို့ ရှေ့ဆက်သွားပါက လသာမြို့နယ် အဆုံး လမ်းမတော်မြို့နယ်အစပ် လမ်းမတော် လမ်းဆုံ၌ လေးဖက်ပတ်လည်ဆုံ လူကူးခုံးကျော်တံတားတစ်စင်းကို မြင်တွေ့ရမည် ဖြစ်သည်။ စက်လှေကားနှင့် အမိုးအကာ မရှိပေ။
တစ်ဖန် မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံ ဘုရားလမ်းဆုံ (သိမ်ကြီးဈေးများအနီး)တွင် လေးဖက်ပတ်လည်ဆုံ လူကူးခုံးကျော်တံတား တစ်စင်းရှိနေသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်က တည်ဆောက် ခဲ့သော တံတားဟောင်းတစ်ခု ဖြစ်သည်။ အမိုးအကာ စက်လှေကားများ မပါဝင်ပေ။
ကမ်းနားလမ်း တစ်လျှောက်တွင်မူ လမ်းမတော်မြို့နယ် လမ်းသစ်ထိပ်တွင် ကမ်းနားလမ်းမကြီးကိုဖြတ်၍ ထိုးထားသော လူကူးခုံးကျော်တံတား (မော်တင်တံတား)တစ်စင်းရှိသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ထိုးထားသော တံတားဖြစ်၍ စက်လှေကားနှင့် အမိုးအကာတို့ ပါဝင်ခဲ့သည်။
ယင်းကမ်းနားလမ်းအတိုင်း ဆက်သွားပါက ပန်းဆိုးတန်းလမ်းဆုံအနီးတွင် လူကူးခုံးကျော်တံတားတစ်စင်းကို တွေ့ရမည်ဖြစ်သည်။ ယင်းတံတားတွင် စက်လှေကားနှင့် အမိုးအကာတို့ ပါရှိသည်။ ကမ်းနားလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းဆုံတွင် လူကူးခုံးကျော်တံတားတစ်စင်း တည်ဆောက်ထားသည်။ ယနေ့ အစိုးရသစ်လက်ထက်တွင်မှ တည်ဆောက်ထားသော တံတားဖြစ်သည်။ စက်လှေကားနှင့် အမိုးအကာပါရှိသည်။
ယင်းတံတားများနှင့် ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ကပင် ဤသို့ ရှင်းပြပေးထားသည်။
ဦးစားပေးဆောင်ရွက်
“ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ ကျွန်တော်တို့ စည်ပင်သာ ယာရေးကော်မတီက တွဲဖက်အတွင်းရေးမှူး ရယ်၊ လမ်းတံတားဌာနက တာဝန်ရှိသူတွေ ရယ် တွေ့ဆုံခဲ့ကြပါတယ်။ သူတို့ဆီက သူတွေ နဲ့ ရန်ကုန်မြို့က လူကူးခုံးကျော်တံတားတွေကို လိုက်စစ်ဆေးခဲ့ပါတယ်။ တံတားတွေမှာ စက်လှေကားရှိ မရှိနဲ့ အမိုးအကာတွေ ရှိ မရှိပါ။ အဲဒါတွေက နောက်ပိုင်းကျရင် စီမံချက်နဲ့ တစ်ပိုင်းချင်း တစ်ပိုင်းချင်းစီ အဆင့်မြှင့် တည် ဆောက်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။ အနော်ရထာလမ်းနဲ့ ဆူးလေဘုရားလမ်းက တံတားဆို ဦးစားပေးဆောင်ရွက်ဖို့ တင်ပြထားတာ ရှိခဲ့ပါတယ်။ ဘတ်ဂျက်အရ ဆောင်ရွက်သွားဖို့တွေ ရှိပါတယ်။
တစ်နှစ်စီမံကိန်း
“အခု လုပ်ငန်းစတင်ဖြစ်လာတဲ့ အနော် ရထာလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းဆုံ (သိမ်ကြီး ဈေးအနီးက)တံတားက အစိုးရရဲ့ ဘတ်ဂျက်ငွေနဲ့ မဟုတ်ပါဘူး။ ရွှေတောင်ကုမ္ပဏီရဲ့ ဘတ်ဂျက်နဲ့ပါ။ ဒါကလည်း အဲဒီကုမ္ပဏီက စီမံကိန်းအပိုင်း (၂)ကို ပြန်စမှာဖြစ်တဲ့အတွက် ဆက်စပ်အဆင့်မြှင့်တင် လှူဒါန်းသွားတာ ဖြစ်ပါတယ်။ တစ်နှစ်စီမံကိန်းပါ။ ဒါက တစ်ပိုင်းပေါ့နော်။
အမိုးအကာအားလုံးပါဝင်
ဆက်လက်၍ “အခု ကျွန်တော်တို့ အစိုးရ လက်ထက် အခုနောက်ပိုင်း လွှတ်တော်က ခွင့်ပြုပေးတဲ့ ခုံးကျော်တံတားတွေ အကုန်လုံးက စက်လှေကား အမိုးအကာအားလုံး ပါဝင်ပါတယ်။ အဲဒီတံတားတွေကို ပြန်ပြောရမယ်ဆိုရင် မြေနီကုန်းအနီး မဟာမြိုင်တံတား၊ ကမာရွတ်မြို့နယ်၊ နာနတ်တောနဲ့ ဘုရင့်နောင် လမ်းဆုံက ဆင်မလိုက်တံတား၊ ဗိုလ်တထောင် ဘုရားအနီးက တံတား၊ ဒေါပုံမြို့နယ်က သာကေတတံတားတွေဆို ခရီးသွားပြည်သူ တွေ သက်သောင့်သက်သာနဲ့ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြတ်သန်းသွားနိုင်ရေး အတွက်ကို လွှတ်တော်မှာ တိုက်တွန်းတင်ပြပြီး ဆောင်ရွက်ပေးခဲ့တာပါ။ နောင်တည် ဆောက်မယ့် လူကူးခုံးကျော်တံတားတွေဆို ပြည့်ပြည့်စုံစုံနဲ့ တည်ဆောက်ပေးသွားဖို့ အစီအစဉ်တွေ ရှိပါတယ်”ဟု ရှင်းပြပါသည်။
ထိုအခါ ခရီးသွားပြည်သူများကလည်း ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် “စည်းကမ်းလိုက်နာ ဘေးကင်းကွာ”ဟူသော ဆောင်ပုဒ်ကို အလေးထားကာ လူကူးခုံးကျော် တံတားများပေါ်ကသာ လမ်းကူးကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။


