ကိုရင်သြ - ရေးသားသည်
ပစ္စက္ခကာလ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်ကလူပြုနေသော “ကိုရိုနာဗိုင်းရပ်စ်” ပိုးသည် မြင်းမဒန်း ဇောင်းက လွှတ်သလိုပင် ကမ္ဘာအနှံ့ ခြေဆန့်ခရီးနှင်နေဆဲတွင် ယင်းဗိုင်းရပ်စ်ပိုး၏ ဗဟိုချက်သည် ဥရောပတိုက်မှသည် အမေရိကန်ပြည်ထောင်စုသို့ ရွေ့သွားပြီဆိုသော သတင်း တစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ လူသားထု တစ်ရပ်လုံးကို ရမယ်ရှာနေသော “မိစ္ဆာပိုး၏ အော့ကြောလန်စရာကောင်းလှသည့် လုပ်ရပ်များ၏ အကျိုး သက်ရောက်ပုံ များကို စေ့ငုလေ့လာမိလေ၏။
လူ့အသိုက်အဝန်းကိုအညှာအတာကင်းမဲ့စွာရမ်းကား စော်ကားနေသော “ကိုရိုနာဗိုင်းရပ်စ်” သည် အံ့ဖွယ်လိလိ ဖြစ်ရလောက်အောင်ပင် အကောင်ကြီးကြီး အားကောင်း မောင်းသန်ရောဂါပိုးအဖြစ် တည်ရှိနေဆဲဖြစ်ရကား ကျွန်ုပ်တို့အနေဖြင့် အရေးတကြီး ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ ပေါ့ပေါ့ဆဆ မရှိအပ်ကြချေ။
တစ်နေ့တစ်မျိုး မရိုးရလေအောင်
“ကိုရိုနာဗိုင်းရပ်စ်” က ရုတ်ခနဲလှုပ်ခါချလိုက်သော ကမ္ဘာ့သတင်းများက တစ်နေ့တစ်မျိုး မရိုးရလေအောင် နှိုးဆွလျက်ရှိနေပြီး အဆက်မပြတ် တရစပ်ဖြစ်ပေါ်နေသော သတင်းဂယက် ရေစီးကြောင်းထဲ ကျွန်ုပ် ယက်ကန် ယက်ကန်မျောပါရင်း သတင်းဖြစ်စဉ်များပေါ်မှ သင်ခန်းစာ များနှိုက်ယူနိုင်ရန် အာရုံစူးစိုက်စွာ ရှိနေလေ၏။
အဟုန်ပြင်းစွာ ရိုက်ခတ်နေဆဲ၊ ဘေးရန်ပြုနေဆဲ “ကိုရိုနာဗိုင်းရပ်စ်” ကြောင့် ကမ္ဘာ့လူဦးရေ ၇ ဒသမ ၈ ဘီလီယံ၏ သုံးပုံတစ်ပုံအရေအတွက်ရှိ လူသားတို့မှာ ကျန်းမာရေးအရ အနေအထိုင်၊ အသွားအလာ ထိန်းချုပ် ကန့်သတ်ခံထားရကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြ ထား၏။
“ကိုရိုနာဗိုင်းရပ်စ်” ကို ပျံ့နှံ့မှု နှေးကွေးတုံ့ဆိုင်းသွား စေရန် ရည်ရွယ်လျက် ကမ္ဘာအနှံ့တွင် “ကျန်းမာရေးအရ ခြေချုပ်ချခြင်း” ကို မလွှဲမရှောင်သာ ပြုလုပ်လာရပေရာ လူမှုရေးဘဝကိုသာမက စီးပွားရေးဘဝကိုပါ ထိခိုက်ရ ပြီးလျှင် "စိတ်ကျန်းမာရေး” ကိုသတိထားကြဖို့ကျန်းမာရေး ပါရဂူများက နှိုးဆော်လျက်ရှိကြသည်။
အီတလီနိုင်ငံ၌ “ကိုရိုနာဗိုင်းရပ်စ်” ကြောင့် သေဆုံးသူ ဦးရေ လေးရက်ဆက်တိုက် နှေးကွေးသွားသော်လည်း ဥရောပတိုက်တွင် ဒုတိယမြောက် ဘေးဥပဒ်အဆင့်အခံ ရဆုံး စပိန်နိုင်ငံတွင် ၂၄ နာရီအတွင်း သေဆုံးသူ ၇၈၅ ဦး အထိ မြင့်တက်သွားသည်ဟု မတ် ၂၆ ရက် အခြေပြ စာရင်းအရ ကျွန်ုပ်လေ့လာမှတ်သားရ၏။ စပိန်နိုင်ငံ၌ ဧပြီ ၁၁ ရက်အထိ “အရေးပေါ်အခြေအနေ ကြေညာရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့၏။
မတ် ၂၇ ရက် အရောက်တွင်မူ “ကိုရိုနာဗိုင်းရပ်စ်” သည် “အမေရိကန်ဗိုင်းရပ်စ်” ဖြစ်လာပြီဟု အမေရိကန် မီဒီယာများက စကားလုံးတွင် အရောင်အသွေးထည့်၍ ရေးဖွဲ့ သီကျူလာကြလေသော် အမေရိကန်ပြည်ထောင်စု တည်းဟူသော မဟာအင်အားကြီးနိုင်ငံကြီး ရင်ဆိုင်ကြုံတွေ့ နေရသော ကျန်းမာရေးပြဿနာ၏ အတိုင်းအရှည်ကို ကျွန်ုပ်နှင့်ထောက်မိပြန်သည်။
မညှာမတာ အပြစ်တင်စကားဆို
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံတစ်နိုင်ငံနှင့်မဟူ နှိုင်းယှဉ်ပါက “ကိုရိုနာဗိုင်းရပ်စ်” ကူးစက်ခံရသူဦးရေ အမြင့်ဆုံးရှိလာသော နိုင်ငံဖြစ်သည်ဟု နယူးယောက်တိုင်းမ်သတင်းစာကြီးက ရေးသား ဖော်ပြသည်။ “ကမ္ဘာ့ကပ်ရောဂါ” ဘေးဆိုးကြီးအား တုံ့ပြန်နိုင်မှု စွမ်းပကားနည်းပါးမှုအတွက် အစိုးရမင်းများကို မညှာမတာ အပြစ်တင်စကားဆိုသူက ဆိုကြသည်။
“ကိုရိုနာဗိုင်းရပ်စ်” ဗဟိုချက်ပြုရာအရပ်သည် အမေရိကန်ပြည်ထောင်စုဖြစ်လာပြီဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကြေညာဖွယ်ရှိသည်ဟု ဆို၏။
ဤတွင်ရွေ့ကား “ကိုရိုနာဗိုင်းရပ်စ်” ၏ဘေးအန္တရာယ် သည် “တိမ်မယောင်နှင့်နက်သည့်” အနေအထားကို လှစ်ဟ လျက်ရှိသည်ဟုဆိုသော် ကျွန်ုပ် လွန်အံ့မထင်နိုင်ချေ။
မတ် ၂၈ ရက် အခြေပြစာရင်းအရ အမေရိကန် ပြည်ထောင်စု၌ ကမ္ဘာ့ကပ်ရောဂါကြောင့် သေဆုံးရသူ ဦးရေ ၁၅၈၁ ဦး ရှိခဲ့ပြီဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် “ကိုရိုနာဗိုင်းရပ်စ် " ကူးစက်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ဒယိမ်းဒယိုင်ဖြစ်လာ ကြရပြီး စီးပွားရေးအား ကျားကန်ပေးမည့် အစီအစဉ် တစ်ရပ်ကို အထက်လွှတ်တော်က မတ် ၂၇ ရက်တွင် အတည် ပြုပေးလိုက်ရာ “ချိန်ခါသင့်ကုထုံး” ဟု ကျွန်ုပ်ရှုမြင်မိ၏။
ကန့်ကွက်သူမရှိ အတည်ပြု
အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် မိသားစုများ အား ကယ်တင်ပေးမည့် ဒေါ်လာ ၂ ထရီလီယံ အရေးပေါ် အကူအညီပေးရေး ဥပဒေကြမ်းကို အထက်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့သည်။
အဆိုပါ ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည် ပြုပေးခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၂၇ ရက်တွင် လက်မှတ်ရေးထိုးလိုက်ရာ နိုင်ငံသားများ တိုက်ရိုက်အကျိုး ကျေးဇူးခံစားရရှိကြပေမည်။
အမေရိကန်ပြည်ထောင်စုတွင် မတ် ၂၈ ရက်က “ကိုရိုနာဗိုင်းရပ်စ်” ကြောင့် သေဆုံးသူဦးရေ ၁၅၈၁ ဦးရှိရာ တရုတ်နိုင်ငံ ၃၂၉၆ဦး နှင့် အီတလီ ၉၁၃၄ ဦးတို့နှင့် နှိုင်းယှဉ် ကြည့်နိုင်ကြောင်း အမေရိကန် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ လေ့လာချက်တွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သည် ရောဂါကူးစက်မှုအများဆုံး မြို့ကြီးတစ်မြို့ဖြစ်ပြီး မတ် ၂၆ ရက်က ၂၄ နာရီအတွင်း “ကိုရိုနာဗိုင်းရပ်စ်” ကြောင့် သေဆုံးသူ ၁၀ဝ ရှိခဲ့သည်ဆို၏။
အီတလီနှင့် စပိန်နိုင်ငံတို့မှာလည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးသူဦးရေ စံချိန်တင် မြင့်တက်ခဲ့သည်။ မတ်၂၈ရက်အခြေပြစာရင်းအရ အီတလီတွင် ရောဂါကူးစက် ခံရသူ ၈၆၄၉၈ ဦး၊ သေဆုံးသူ ၉၁၃၄ ဦး၊ စပိန်တွင် ရောဂါ ကူးစက်ခံရသူ ၆၅၇၁၉ ဦးနှင့် သေဆုံးသူ ၅၁၃၈ ဦးတို့ အသီးသီးရှိခဲ့လေသည်။
ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှာလည်း ကပ်ရောဂါပိုး စွဲကပ်ခံရသူဦးရေနှင့် သေဆုံးသူဦးရေ တလိမ့်လိမ့် တရိပ်ရိပ် မြင့်တက်ခဲ့သည်။
ဥရောပတစ်တိုက်လုံးတွင် ရောဂါကူးစက်ခံရသူဦးရေ ၃၀ဝဝဝဝ ကျော်ရှိနေပြီး ကပ်ရောဂါတိုက်ဖျက်ရေး စွမ်းစွမ်း တမံ ဆောင်ရွက်နေသော ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ပင်မကျန် ရောဂါကူးစက်မှုခံခဲ့ရသည် ဆို၏။
“ကိုရိုနာဗိုင်းရပ်စ်” အရေး စိတ်မအေးရသော ဒေသ များအနက် အရှေ့အလယ်ပိုင်းဒေသပါဝင်ပြီး အီရန်တွင် ရောဂါပိုးကူးစက်ခံရသူ ၃၂၃၃၂ ဦး၊ သေဆုံးသူ ၂၃၇၈ ဦး (မတ် ၂၈ ရက်)ရှိသည်။ တူနီးရှား၊ လက်ဘနွန်၊ အိုမန်နှင့် ကူဝိတ်တို့တွင်လည်း ရောဂါကူးစက်မှုများကို ဆက်တိုက် တွေ့မြင်လာရသည်။
ကျားမြီးဆွဲထားရဘိသကဲ့သို့
ကျွန်ုပ်တို့၏ အာရှဒေသသည်လည်း “ကိုရိုနာဗိုင်းရပ်စ်” တိုက်ဖျက်ရေးလုပ်ငန်းကို ကျားမြီးဆွဲထားရဘိသကဲ့သို့ မလျှော့တမ်း၊ မနားတမ်း စွမ်းဆောင်ကြိုးပမ်းနေကြရဆဲဖြစ်၏။ ကမ္ဘာ့ကပ်ရောဂါဘေးဆိုးကြီးထဲ “ကျီးကန်း တောင်းမှောက် ကြည့်နေကြရဆဲဖြစ်၏။
တရုတ်နိုင်ငံသည် နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်မှုအားလုံးကို ပိတ်ပင်ထားပြီး နိုင်ငံတကာ လေကြောင်းခရီးစဉ်များကို အရေအတွက် လျှော့ချခြင်း၊ လေယာဉ်ဖြင့်လိုက်ပါသူ ခရီးသည်ဦးရေကို ၇၅ ရာခိုင်နှုန်း အထိလျှော့ချခြင်း စသည်ဖြင့် ရောဂါကာကွယ်ရေးအစီအမံ များကို အပူတပြင်း ကိုင်တွယ်ဆောင်ရွက် လျက်ရှိသည်။
လတ်တလောတွင် တရုတ်အစိုးရ၏ ဦးတည်ချက်မှာ ရောဂါကူးစက်မှု “ဒုတိယလှိုင်း” မှကျော်လွှား လွန်မြောက် ရေးပင် ဖြစ်သည်။
သို့ရာတွင် “ကိုရိုနာဗိုင်းရပ်စ်” ဘေးဆိုးကြီးနှင့် ပတ်သက်၍ ခါးသီးသော အတွေ့အကြုံများ ရရှိခဲ့သော လူဦးရေ ၁၁ သန်းရှိ ဝူဟန်မြို့မှာ မတ် ၂၈ ရက်တွင် ခရီးသွားလာခွင့် ကန့်သတ်ချက်များကို လျှော့ချပေးနိုင်ခဲ့ရာ နှစ်လကျော်ကြာမျှ အထီးကျန်စွာ ရှိနေခဲ့သော မြို့ကြီးမှာ တစ်စိတ်တစ်ဒေသ စိတ်သက်သာမှုရခဲ့ကြပေပြီ။
မည်သို့ပင်ဖြစ်စေ တရုတ်၊ တောင်ကိုရီးယားနှင့် စင်ကာပူနိုင်ငံတို့မှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ရိုက်ပုတ်မှုနှင့် ရင်ဆိုင်နေကြရပေသည်။
၂၀၂၀ တိုကျို အိုလံပစ်ပွဲတော် ကျင်းပခြင်းကို ဆိုင်းငံ့ထားလိုက်ရသည့် ဂျပန်နိုင်ငံတွင် မတ် ၂၈ ရက်က ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာခဲ့ပြီး မြို့တော်တိုကျိုတွင် တစ်ရက်တာကာလအတွင်း လူပေါင်း ၆၀ ကျော် ရောဂါကူးစက်ခံခဲ့ရကာ အိမ်နီးချင်း ချိဘစီရင်စု တွင်လည်း ရောဂါကူးစက်မှု တိုးပွားခဲ့သည်။
“ကိုရိုနာဗိုင်းရပ်စ်” ကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်ရာတွင် လူတစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေး အကြား ခပ်ခွာခွာလေးကြရန်မှာ အထူးအရေးကြီးလှကြောင်း ကျန်းမာရေးပါရဂူများက အကြံပြုထားသည်။ ခပ်ခွာခွာနေထိုင်ခြင်း(SocialDistancing)၊ အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine)၊ သီးသန့်ခွဲထုတ်ထားခြင်း (Isolation) တို့သည် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရေးအတွက် အထူးအရေးကြီးပုံကို တွေးတောမိရင်း “မတတ်သာ ခပ်ခွာခွာနေပါမှ” ဟု ကျွန်ုပ်ကျူးရင့်မိပါသတည်း။ ။


