ကြို့ပင်ကောက် ၆ ဧပြီ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ရွာမမြောက်ရပ်ကွက် ကံညီနောင်လမ်းရှိ ဦးဘာဘူလေး(ခ)ဦးမောင်မောင်မြင့်၏ နေအိမ်သို့ ဧပြီ ၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ဓါးကိုယ်စီကိုင်ဆောင်ထားသော လူအယောက် ၂၀ ခန့် အတင်းဝင်ရောက်ပြီး ဓါးများဖြင့်ဝိုင်းခုတ်ကြရာ ဦးမောင်မာင်မြင့်ကမိသားစုနှင့်အတူနေအိမ်တံခါးပိတ်ကာ နေအိမ်မှ ထွက်ပြေးခဲ့သည်။
ဦးမောင်မောင်မြင့်နေအိမ်သို့ နေ့စဉ်ပန်းလာရောင်းရန် ရောက်ရှိနေကြသော ဒေါ်စန်းစန်းမော် (၅၈)နှစ်၊ သားနှစ်ဦးဖြစ်သူ အောင်ကိုကိုဦး (၄၀)နှစ်နှင့် အောင်ဇော်ဇော် (၂၆)နှစ်တို့အား ဓါးများဖြင့် ဝိုင်းခုတ်ကြသဖြင့် အောင်ဇော်ဇော်မှာ သေဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဓါးဖြင့်ဝိုင်းခုတ်ခဲ့ကြသော ကိုမောင်အေး၊ ဦးရောင်ကြီး၊ ကိုဖိုးဆောင်းနှင့် အတူပါလာသော လူ (၂၀) ဦး တို့အား ကြို့ပင်ကောက်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


