၇ ဧပြီ
တရုတ်နိုင်ငံတွင် ဒီကနေ့ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်ဦးတစ်ယောက်မှမရှိတဲ့ ပထမဦးဆုံးရက် ဖြစ်လာကြောင်း သိရပါတယ်။ ဇန်နဝါရီလကစပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစာရင်းကို အမျိုးသားကျန်းမာရေးအဖွဲ့က ထုတ်ပြန်လာရာ ဒီကနေ့ (အင်္ဂါနေ့) ဟာ သေဆုံးသူမရှိတဲ့ ပထမရက် ဖြစ်လာပြီး ရောဂါကူးစက်ခံရသူဟာလည်း ၃၂ ဦးသာ ရှိကြောင်း ဖော်ပြထားပါတယ်။
မတ်လကစပြီး တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ ဒုတိယအကြိမ်အဖြစ်ပျံ့နှံ့ခဲ့ရာ နိုင်ငံခြားကနေ ရောက်ရှိလာသူတွေဆီကနေ ဖြစ်လာကြောင်း၊ အဲဒီအရေအတွက်ဟာ ၁၀၀၀ နီးပါး အထိ ရှိကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပျံ့ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ဟာ လူပေါင်း ၈၁,၇၄၀ ဦးကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၃,၃၃၁ဦး ရှိကြောင်း ဧပြီ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဝူဟန်မြို့မှာ နေထိုင်သူတွေကို ဇန်နဝါရီ လကစပြီး အိမ်အပြင်ထွက်ခွင့် ပိတ်ပင်ခဲ့ရာ မနက်ဖြန် ဧပြီ ၈ ရက်နေ့မှစပြီး မြို့ကနေ ထွက်ခွင့်ရရှိမယ်လို့ သိရပါတယ်။ တာဝန်ရှိသူတွေအပြောအရ စမတ်ဖုန်းများတွင် ကျန်းမာရေးအက်ပလီကေးရှင်းကို အသုံးပြုခိုင်းပြီး ရောဂါကင်းရှင်းသူတွေမှာ အစိမ်းရောင်အမှတ်အသား ရှိကြမှာဖြစ်ပါတယ်။ အဲဒီအစိမ်းရောင်အမှတ်အသား ရရှိသူတွေဟာ မြို့ကနေ ထွက်ခွာခွင့်ကို ရရှိမယ်လို့ သိရပါတယ်။
ကပ်ရောဂါပိုးကင်းစင်တဲ့ အဝိုင်းအဝန်းမှာ နေထိုင်သူတွေကို သူတို့ရဲ့ နေအိမ်တွေကနေ တစ်နေ့ကို နှစ်နာရီ အပြင်ထွက် ခွင့်ပေးပြီး ဖြစ်ပါတယ်။
MDN
ကိုးကား - AFP


