မြိတ် ၈ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူဖြစ်စေရန်နှင့် ပြည်သူ များ အပြင်ထွက်သွားလာရာ၌ နှာခေါင်းစည်းတပ်ဆင်သွားလာသည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်ချက်ဖြင့် လမ်းသွားလမ်းလာနှင့် ခရီးသွားပြည်သူများအား ဧပြီ ၈ ရက် နံနက် ၉ နာရီက မြစ်ငယ်ရပ်ကွက်ရှိ ဗိုလ်ချုပ် ကြေးရုပ်အရှေ့တွင် နှာခေါင်းစည်းများ လှူဒါန်းတပ်ဆင်ပေးကြသည်။
“မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ် တုံ့ပြန်တဲ့ အနေနဲ့ နှာခေါင်းစည်းများကို ခရီးသွားလာလုပ်သားပြည်သူတွေ ကျန်းမာရေး သတိရှိဖို့အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးရင်းနဲ့ နှာခေါင်းစည်းများကို လှူဒါန်းတပ်ဆင်ပေးတာဖြစ်ပါတယ်” ဟု အမှတ်(၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူး ဒုရဲမှူး ကိုကို က ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ရေးတွင် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန်အတွက် မြိတ်ဆိုင်ကယ် အရောင်းလုပ်ငန်းရှင်များအသင်းမှ နှာခေါင်းစည်း အခု (၁၀ဝ၀ဝ) ကို လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်း၌ ဗိုလ်ချုပ်ကြေးရုပ်အရှေ့တွင် နှာခေါင်းစည်း(၃၀ဝ၀)ခုကို မော်တော်ဆိုင်ကယ်နှင့်မော်တော်ကားများဖြင့် သွားလာကြသူများကို တပ်ဆင်လှူဒါန်းပေးခဲ့ကြပြီး ညနေပိုင်းတွင် မြိတ်တောင်ရပ်ကွက် စန်းသီရိလမ်းဆုံတွင် ဆက်လက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ ထို့အတူ လိုအပ်သည့်နေရာများတွင်လည်း မြိတ်ဆိုင်ကယ်အရောင်းလုပ်ငန်း ရှင်များအသင်းမှ ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မြိတ်ဆိုင်ကယ်အရောင်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။
လမ်းသွားလမ်းလာနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ လှူဒါန်းတပ်ဆင်ပေးခြင်းကို အမှတ် (၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူး ဒုရဲမှူးကိုကိုနှင့် တပ်ဖွဲ့ဝင်များ၊ မြိတ်ဆိုင်ကယ်အရောင်းလုပ်ငန်းရှင်အသင်း ဉက္ကဌ ဉီးနိုင်ဦးနှင့် အသင်းဝင်များ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းကျောင်း ကျောင်းအုပ်၊ နည်းပြဆရာမများနှင့် သင်တန်းသူများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ်ပြန်/ဆက်)


