နောင်တရား ၈ ဧပြီ


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အမှတ်(၁) ရပ်ကွက်၊ နန်းပုလင်းလမ်းနေ ဦးမြင့်စိုးဝေ၏နေအိမ် ယနေ့နံနက် ၈ နာရီတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးမြင့်စိုးဝေ၏နေအိမ် အလျား(၄၀)ပေ၊အနံ(၃၀)ပေ၊အမြင့်(၂၅)ပေခန့်ရှိ သွပ်မိုး၊ အုတ်ကာ ပျဉ်ခင်း(၂)ထပ် အုတ်တိုက်အပေါ်ထပ် အိပ်ခန်းအတွင်းရှိ မွေ့ယာအပေါ် တွင်ဖုန်းအားသွင်းပြီး စောင်နှင့်အုပ်ထားခဲ့ရာမှ အပူချိန်လွန်ကဲ၍ နေအိမ်အပေါ်ထပ်တွင် မီးလောင်ကျွမ်းခြင်းဖြစ်သည်။

မီးလောင်မှုကို နောင်တရားနယ်မြေရဲစခန်းရဲအုပ် တင်ဝင်းမောင်နှင့် တပ်ဖွဲ့ဝင်များ၊ နောင်တရားမီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဖြိုးလင်းကျော် ဦးစီးသော မီးသတ်ယာဉ်(၂)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နောင်တရားမြို့ ဒေသခံများက ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်သောကြောင့် ၈ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းသွားပြီး  အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း  သိရသည်။ 
    
ခွန်အောင်(နောင်တရား)