ဘားအံ ၈ ဧပြီ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မှုခင်းကျဆင်းရေးနှင့် လုယက်မှု၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းရေးအတွက် ရည်ရွယ်ပြီး ဘားအံမြို့ပေါ် ရပ်ကွက်များအတွင်းနှင့် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစခန်းများတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဧပြီ ၇ ရက်နေ့မှ ညနေ ၆ နာရီမှ စတင်ကာ အင်အားပြလှည့်ကင်း(SHOW OF FORCE) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များ၊ ဘားအံမြို့ပေါ်ရှိ ကိုဗစ်-၁၉ စောင့်ကြည့်ရေး စခန်းများဖြစ်သည့် လှာကမြင်မူလတန်းလွန်ကျောင်း၊ အုန်းတပင်အထကကျောင်း၊ တောင်ကလေးအထကကျောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းတို့တွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် အောင်မြတ်မိုး၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး လင်းထွဋ်၊ ဘားအံ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးသန့် တို့ဦးစီး၍ မော်တော်ယာဉ် (၁၇)စီးဖြင့် အင်အားပြလှည့်ကင်း(SHOW OF FORCE) ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ စောင့်ကြည့်ရေးစခန်းများတွင် လုံခြုံရေးတာဝန်ကျ တပ်ဖွဲ့ဝင်များအား စစ်ဆေးကာ ကြက်ဥများ၊ ဟင်းသီးဟင်းရွက်များ ထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။
အလားတူ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်မြို့နယ် အသီးသီးတွင်လည်း အင်အားပြလှည့်ကင်း(SHOW OF FORCE) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


