မန္တလေး ၈ ဧပြီ 

ကိုဗစ်-၁၉ ရောဂါပိုးသည် ပိုးစတွေ့ပြီး နှစ်ပတ်၊ သုံးပတ်အတွင်း ရောဂါဖြစ်ပွားသူ အမြောက်အမြား တွေ့ရှိရတတ်သောကြောင့် ပြည်သူများအနေဖြင့် ကူးစက်မှုမရှိစေရန် မိမိကိုယ်ကိုယ် အထူးဂရုပြုသင့်ကြောင်း မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။ ဧပြီ ၁၀ ရက်နေ့အထိ ရောဂါပိုးရှိသူအရေအတွက် တက်လာနိုင်ကြောင်း ခန့်မှန်းထားပြီး အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“Mask မတပ်မနေရ တပ်ရပါမယ် ရောဂါရှိရှိမရှိရှိ အပြင်ထွက်ရင် Mask တပ်ပါ။ Mask တွေ အလွယ်တကူဝယ်မရရင် ဟုမ်းမိတ် Mask တွေ တပ်ပါ၊ ဒါက ဂျပန်ရယ် တောင်ကိုရီးယားရယ် ထိုင်းရယ် သူတို့ ဖြတ်သန်းမှုအတွေ့အကြုံက ထွက်လာတဲ့ ရလဒ်ဖြစ်ပါတယ်”ဟု ဦးဇာနည်အောင် ကပြောသည်။

ဧပြီလ ၆ ရက်နေ့ကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက် စာမျက်နှာပေါ်ကတစ်ဆင့် ပြည်သူတွေကို Mask တပ်ကြဖို့နှိုးဆော်ထားသလို Mask တွေကို ထပ်မှာယူထားကြောင်းနှင့် ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ကြိုးစားနေကြောင်း ပြောကြားခဲ့သေးသည်။

ယခုအသုံးပြုနေကြသည့် Mask များသည် တစ်ခုလျှင် ၄၀ဝ ကျပ်ဝန်းကျင် ဈေးပေါက်နေသောကြောင့် အခြေခံလူတန်းစားများအတွက် တစ်ရက်ကုန်ကျစားရိတ် များပြားနိုင်သဖြင့် အိမ်လုပ် Mask များကို အသုံးပြုရန် ကမ်ပိန်းလုပ်သင့်ကြောင်း ဦးဇာနည်အောင်က ပြောသည်။

“ဟုမ်းမိတ် မက်စ်ကမ်ပိန်းကို လုပ်ကိုလုပ်ရမယ်။ ဒါနဲ့ ကျော်ဖြတ်ရမယ်။ အငြင်းပွားဖို့မဟုတ်ပါ တပ်သင့်မတပ်သင့် ဟုမ်းမိတ်က ကာ၊ မကာ ကိုယ့်ဘာသာ ယုတ္တိနဲ့ စဉ်းစားရင် အဆင်ပြေပါတယ်။ ဒါကြောင့် ဟုမ်းမိတ်မက်စ်တပ်ရေး လုပ်ရမယ်”ဟု ဦးဇာနည်အောင်ကပြောသည်။

ဖြိုးအိ