အန်ကာရာ  ၁၄  ဧပြီ

တူရကီနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်ခံရသူအသစ် ၄၇၈၉ ဦး ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်းကူးစက်ခံရသူ အရေအတွက်မှာ ၅၆၉၅၆ ဦးရှိလာပြီဟု တူရကီကျန်းမာရေးဝန်ကြီး ဖာရီတင်ကိုကာက ဧပြီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ကြောင့်နောက်ထပ် ၉၇ ဦး သေဆုံးခဲ့သည့်အတွက် သေဆုံးသူ အရေအတွက်မှာ ၁၁၉၈ ဦးအထိ တိုးလာပြီဖြစ်သည်။

တူရကီနိုင်ငံသည် ၂၄ နာရီ အတွင်း လူပေါင်း ၃၅၇၂၀ အား ကိုဗစ် - ၁၉ ရှိ မရှိ စစ်ဆေးခဲ့ပြီး စုစုပေါင်း ရောဂါရှိမရှိ စစ်ဆေးပြီးသူ ၃၇၆၁၀၀ အထိ စစ်ဆေးပြီးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ပြန်လည် နေကောင်းလာသူ ၃၄၄၆ ဦး ရှိပြီး လူနာပေါင်း ၁၆၆၅ ဦး မှာ အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေရဆဲ ဖြစ်သည်။ အသက်ရှူ အထောက်အကူပြုကိရိယာ တပ်ဆင်ထားရသူမှာ ၉၇၈ ဦးအထိ ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အသက်ရှူ အထောက်အကူပြုကိရိယာ တပ်ဆင်ထားရသူ အရေအတွက်မှာ လျော့ကျလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ခံထားရခြင်း ရှိ မရှိ များများစစ်ဆေးနိုင်လေ ကူးစက်ခံရသူအရေအတွက် များများတွေ့ရှိလေဟု ကျန်းမာရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ဆင်ဟွာ