၁၄  ဧပြီ

စေတီပုထိုးများနှင့် မတူးဖော်ရသေးသောကုန်းများ အပါ အဝင် ရှေးဟောင်းအဆောက်အအုံ ၃၈၈၂ ခု ကျန်ရှိနေသည့် ကမ္ဘာ့အမွေအနှစ် ပုဂံယဉ်ကျေးမှုနယ်မြေတွင် ပုဂံခေတ် ဗိသုကာလက်ရာများ၊ အင်္ဂတေပန်းများ၊ နံရံဆေးပန်းချီ များနှင့်အတူ စဉ့်လက်ရာများကိုလည်း တွေ့ရှိနိုင်ကြသည်။ ပုဂံခေတ်အတွင်းက စေတီများကို စဉ့်ဖြင့် တန်ဆာဆင်ရာ တွင် မြေမီးဖုတ်အုတ်ခွက်များ သို့မဟုတ် စဉ့်ရည်သုတ် ထားသည့် သဲကျောက်များကို အသုံးပြုခဲ့ကြသည်။

ထို့ကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေတွင် စဉ့်သုတ် မြေ မီးဖုတ်လက်ရာများရှိသည့် စေတီ ၂၆ ဆူနှင့် စဉ့်သုတ် သဲကျောက်လက်ရာများရှိသည့် စေတီငါးဆူကို မြင်တွေ့ နိုင်ကြသည်။

စဉ့်သုတ်ပညာ

လူသားများ၏ ယဉ်ကျေးမှုထွန်းကားခဲ့မှု ဖြစ်စဉ်တွင် မြေမီးဖုတ်အိုးများသည် အရေးကြီးသောကဏ္ဍတစ်ရပ် ဖြစ်ခဲ့ကာ မြေအိုးသည် လူသားများ၏ အစောဆုံး အသုံး အဆောင်ပစ္စည်း ဖြစ်ခဲ့သည်။ ရှေးဦးလူသားများသည် မီးကို စတင်တွေ့ရှိခဲ့ကြပြီးနောက် ရာသီဥတုဒဏ်နှင့် သားရဲ တိရစ္ဆာန်များ၏အန္တရာယ်မှ ကာကွယ်ရန် မီးကို အမြဲတမ်း ဖိုထားခဲ့ကြသည်။ မီးဖိုထားသည့်နေရာ၏ အောက်ခံ မြေ ကြီးသည် မာကျောတောင့်တင်းလာသည်ကို သိရှိခဲ့သည့် လူသားများသည် ရွှံ့ကို လိုရာပုံသွင်းကာ မီးဖုတ်ခြင်းဖြင့် အိုးသမိုင်းကို အစပြုခဲ့ကြသည်။ ယဉ်ကျေးမှု တိုးတက်လာ ချိန်တွင် မြေထည်အသုံးအဆောင်ပစ္စည်းများကို ပြုလုပ် လာနိုင်ခဲ့ကြပြီး နောက်ပိုင်းတွင် မြေထည်များ လှပခိုင်မာ စေရန် စဉ့်ရည်သုတ်လိမ်းသည့် နည်းပညာများကိုလည်း တတ်မြောက်ခဲ့ကြသည်။

စဉ့်ထည်များကို အေဒီ ၈ ရာစုတွင် မြန်မာနိုင်ငံ၌ စတင်သုံးစွဲခဲ့ပြီး ပုဂံခေတ်တွင် အသုံးပြုမှု တွင်ကျယ်ခဲ့ သည်။ စဉ့်ကို အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရာတွင် သာမက စေတီ ပုထိုးစသည့် သာသနိကအဆောက်အအုံ များကို အလှဆင်ရာ၌ပါ အသုံးပြုခဲ့ကြသည်။ ပုဂံခေတ် အတွင်း ၁၁ ရာစုမှ ၁၃ ရာစုကြား၌ စဉ့်ရည်ကို သဲကျောက် ပေါ်တွင်သုတ်လိမ်း၍ မီးဖုတ်သည့် အတတ်ပညာ ထွန်းကား ခဲ့ကာ ဇာတ်ကွက်များ ပုံဖော်၍လည်းကောင်း၊ ရောင်စုံ အကွက်များဖော်၍လည်းကောင်း စေတီပုထိုးများ၏ နံရံ တွင် ကပ်ခဲ့ကြရာ စဉ့်ကွင်းဟု ထင်ရှားခဲ့သည်။

အများအားဖြင့် စဉ့်ကွင်းများတွင် ဗုဒ္ဓဘုရားရှင်၏ ၅၅၀ ဖြစ်တော်စဉ် ဇာတ်ကွက်များကို သရုပ်ဖော်လေ့ရှိပြီး အချို့ စဉ့်ကွင်းများ၏ အောက်ဘက်တွင် ဇာတ်တော်အမည် ကို ရေးထိုးခဲ့ကြသည်။ ပုဂံဒေသမှ စဉ့်ကွင်းများသည် ဒြပ်ရှိ ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်ကြသကဲ့သို့ ယင်းတို့ကို ပြုလုပ်ခဲ့သည့် ပညာရပ်သည်လည်း ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကျန်ရှိခဲ့ပေသည်။

ပုဂံနှင့် စဉ့်

မြန်မာနိုင်ငံသမိုင်းတွင် ပထမဆုံး ဧကရာဇ်နိုင်ငံတော် ဖြစ်ခဲ့သည့် ပုဂံသည် မြန်မာတို့၏ အမျိုးသားရေးလက္ခဏာ တစ်ရပ်အဖြစ်လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးနေသည့် နေရာတစ်ခုအဖြစ်လည်းကောင်း ကမ္ဘာ့ အလယ်တွင် ထင်ရှားလှကာ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စ်ကို)က ၂၀၁၉ ခုနှစ်တွင် ပုဂံယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့ အမွေအနှစ်(World Heritage)အဖြစ် သတ်မှတ်ခဲ့သည်။

ပုဂံမြို့သည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ထဲတွင် ပါရှိကာ ညောင်ဦးမြို့မှ လေးမိုင်အကွာ ဧရာဝတီ မြစ်၏ အရှေ့ဘက်ကမ်း၌ တည်ရှိနေသည်။ ပုဂံဒေသ၏ အကျယ်အဝန်းသည် အလျား ၁၃ ကီလိုမီတာနှင့် အနံ ခြောက်ကီလိုမီတာ ရှည်လျားသည်။ ရန်ကုန်မြို့မှ ကား လမ်းဖြင့် ၆၁၂ ကီလိုမီတာဝေးသည့် ပုဂံသို့ ဧရာဝတီမြစ် အတိုင်း ရေလမ်းကြောင်းဖြင့်လာလျှင် ၄၆၈ မိုင် ကွာဝေး သည်။

ရှေးဟောင်းပုဂံပြည်တွင် ပျဉ်ပြားမင်း(ခရစ်နှစ် ၈၄၆-၈၇၆)မှ စောမွန်နစ်(ခရစ်နှစ် ၁၃၂၅-၁၃၆၈) အထိ ဘုရင် များ စိုးစံခဲ့သည်ဟု ဆိုကြသော်လည်း အနော်ရထာမတိုင်မီ အစောပိုင်း ပုဂံမင်းများနှင့်ပတ်သက်၍ တိကျ ခိုင်မာသော သမိုင်းအထောက်အထားများကို မတွေ့ရှိရသေးကြောင်း ပညာရှင်များက မိန့်ဆိုခဲ့သည်။ ပုဂံသည် အနော်ရထာမင်း (ခရစ်နှစ် ၁၀၄၄-၁၀၇၇) လက်ထက်တွင် စည်းလုံးသော ပထမမြန်မာနိုင်ငံတော် ဖြစ်လာခဲ့သည်။

အနော်ရထာမင်း နောက်ပိုင်းတွင် ကျန်စစ်သားနှင့် အလောင်းစည်သူမင်းတို့ လက်ထက်၌ ပုဂံအင်ပါယာသည် အင်အားခိုင်မာ တောင့်တင်းခဲ့သော်လည်း အလောင်း စည်သူနောက်ပိုင်း ဘုရင်များလက်ထက်တွင် တစ်စတစ်စ အင်အားလျော့ဆင်းလာခဲ့ကာ ပျက်သုဉ်းခဲ့သည်။

ပုဂံသည် ခရစ်နှစ် ၁၀ ရာစုတွင် အထူး စည်ပင် ထွန်းကားခဲ့ရာ ထိုကာလသည် ပုဂံတစ်ဝိုက်၌ ဗုဒ္ဓသာသနာ ထွန်းကားခဲ့ချိန်ဖြစ်သဖြင့် ဘုရင်များနှင့် ပြည်သူများသည် စေတီ၊ ပုထိုး၊ ဥမင်တိုက်ကျောင်းများကို တည်ထားခဲ့ကြ သည်။ ပုဂံသည် သရေခေတ္တရာ တိမ်ကောပြီးနောက်ပိုင်း တွင် ထွန်းကားလာခဲ့သဖြင့် သရေခေတ္တရာ၌ ရှိခဲ့သော ဗုဒ္ဓဘာသာသည် ပုဂံတွင် ဆက်လက်တည်ရှိခဲ့ပြီး သုဝဏ္ဏ ဘူမိမှ ရောက်ရှိလာသည့် ဗုဒ္ဓဘာသာက ပုဂံတွင်ရှိနှင့်နေ သည့် ဗုဒ္ဓဘာသာကို အားဖြည့်ပေးသကဲ့သို့ ဖြစ်ခဲ့ကြောင်း ဆရာဦးဗိုကေက သုံးသပ်ခဲ့သည်။ သရေခေတ္တရာတွင် ယနေ့တိုင် တည်ရှိနေသည့် ဘောဘောကြီး၊ ဘုရားကြီး စသည့် စေတီလုံးများနှင့် ပုံစံတူ တည်ဆောက်ထားသည့် ငကျွဲနားတောင်းစေတီ အပါအဝင် ပျူဟန်စေတီများကို ပုဂံဒေသတွင် ယနေ့တိုင် မြင်တွေ့ကြရပေသည်။

ထိုအချိန်တွင် အိန္ဒိယနိုင်ငံမှ ရုပ်တုထုလုပ်ခြင်း၊ ဆေးပန်းချီရေးဆွဲခြင်း၊ အဆောက်အအုံတည်ဆောက်ခြင်း အတတ်ပညာများ အပါအဝင် အနုပညာများသည် ပုဂံသို့ ရောက်ရှိလာခဲ့ဟန်ရှိကာ ပုဂံလက်ရာ ပုဂံအနုပညာတစ်ရပ် ပေါ်ထွန်းခဲ့သည်။

ယဉ်ကျေးမှုအဆင့်တိုးတက်မှု အခြေခိုင်နေပြီဖြစ်သည့် ပုဂံခေတ်၌ မြန်မာ့စဉ့်လုပ်ငန်းသည် များစွာ ကျယ်ပြန့်နေ ခဲ့ပြီ ဖြစ်သည်။ ပုဂံခေတ်နောက်ပိုင်းတွင် ပေါ်ထွန်းခဲ့သည့် ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းနှင့် ကုန်းဘောင်ခေတ် တို့တွင် စဉ့်လုပ်ငန်းသည် ဆက်လက်တိုးတက် ထွန်းကား ခဲ့ပြီး ရခိုင်ဒေသအချို့၌ပါ စဉ့်ထည်များကို အသုံးပြုခဲ့သည့် အထောက်အထားများကို တွေ့ရှိရပေသည်။

အနော်ရထာမင်း နန်းတက်ပြီး နောက်ပိုင်းတွင် ပုဂံ ဝန်းကျင်၌ တည်ထားခဲ့သည့် စေတီပုထိုးများ၌ စဉ့်ချပ်၊ စဉ့်ပန်း၊ စဉ့်ဇာတ်ကွက်နှင့် စဉ့်အုတ်များကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် အေဒီ ၁၁ ရာစုမှ စ၍ ပုဂံစေတီပုထိုးများတွင် စဉ့်လက်ရာများ အသုံးပြုခဲ့ သည့် အထောက်အထားများကို တွေ့မြင်ကြရသည်။

စဉ့်ဟူသည့် ဝေါဟာရကို ပုဂံခေတ်တွင် စင်ဟု ခေါ်ဆို ခဲ့သည့် အထောက်အထားကို အလိုတော်ပြည့်ဘုရား၏ အာရုံခံဆောင်နှင့် တိုက်မ ဆက်ထားသည့် နံရံထောင့်တွင် ရေးထားသည့် သက္ကရာဇ် ၅၅၆ ခုနှစ်ပါ မင်စာ ၁၅ ကြောင်း အနက် ဆဋ္ဌမမြောက် စာကြောင်းတွင် "ထိုနှစ် သက်သေမူ ခဲ့သော စင်ပုထိုး"ဟု တွေ့ရှိနိုင်ပေသည်။

စဉ့်စေတီနှင့် စဉ့်ဘုရားများ

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း စဉ့်သုတ် မြေမီးဖုတ် လက်ရာများကို အာနန္ဒာဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ မင်္ဂလာစေတီ၊ ဓမ္မရာဇကဘုရား၊ ရွှေ ဆံတော်စေတီ၊ ဆင်များရှင်ဘုရား၊ ရတနာမာန်အောင် ဘုရား၊ ဂရို့ချိုးဘုရား၊ တောင်တစ်ဝက်ဂူဘုရား၊ ဖားစေတီ၊ သရက်ကျင်းဘုရား(ပုဂံပြတိုက်ရှေ့)၊ ငကျွဲနားတောင်း၊ စဉ့်စေတီ(အလိုတော်ပြည့်ဘုရား နောက်ဘက်)၊ စူဠာမဏိ ဘုရား၊ နဂါးရုံဘုရား၊ ရွှေဂူကြီးဘုရား၊ စဉ့်ကွက်စေတီ(အလို တော်ပြည့်ဘုရားတောင်ဘက်)၊ အတွင်းစေတီ(လောက ဥသျှောင်ဘုရားအနီး)၊ ရတနာဃရကျောင်းတိုက်တံကဲ (မဟာဗောဓိဘုရား မြောက်ဘက်)၊ မှန်ဘုရား(ကုသိနာရုံ ဘုရားအနီး)၊ မှန်ဘုရား(ဓမ္မရာဇကဘုရား အရှေ့မြောက်)၊ စိုးမင်းကြီးစေတီ၊ ဗူးလယ်သီးဘုရားအနီး ဂူဘုရား(အလို တော်ပြည့်ဘုရား အနောက်တောင်ဘက်)နှင့် ကုသိနာရုံ ဘုရားအနီး မှန်ဘုရား အနောက်တောင်ဘက်ရှိ အဆောက် အအုံတို့တွင် တွေ့ရှိရကြောင်း ဆရာ မင်းဘူးအောင်ကြိုင်က စုစည်းတင်ပြခဲ့သည်။

ထို့အတူ ပုဂံယဉ်ကျေးမှုနယ်မြေ၌ စဉ့်သုတ် သဲကျောက် လက်ရာများကို ရွှေစည်းခုံစေတီ၊ ထီးလိုမင်းလိုဘုရား၊ တရုတ်ပြေးဘုရား၊ ဗူးလယ်သီးဘုရားအနီးမှ ဂူဘုရားနှင့် ကျန်စစ်သားနန်းတော်ရာနေရာမှ တူးဖော်တွေ့ရှိခဲ့သည့် စဉ့်သုတ် ကျောက်ပြားအခင်းများတွင် တွေ့ရှိရပေသည်။

ပုဂံခေတ်က စေတီတော်များ၏ ပစ္စယာအဆင့်ဆင့်ရှိ စိန်တန်းများ၌ စဉ့်သုတ် သဲကျောက်ပြားများဖြင့် နေရောင် ခြည်အောက်တွင် တောက်ပနေစေရန် အလှဆင်ခဲ့ကြသည်။ အစိမ်းရောင် စဉ့်ကွက်များပေါ်တွင် လေးထောင့် သို့မဟုတ် သုံးထောင့် အဝါရောင်အကွက်များဖြင့် ထပ်ဆင့် ခြယ်လှယ် ခဲ့ကြသည်။ ယင်းတို့အနက် ၅၅၀ ဇာတ်တော်လာ ဇာတ် ကွက်များဖြင့် အလှဆင်ထားသည့် စဉ့်လက်ရာများကို ရွှေစည်းခုံ၊ အာနန္ဒာ၊ ဓမ္မရာဇက၊ ရွှေဆံတော်နှင့် မင်္ဂလာ စေတီတို့တွင် မြင်တွေ့နိုင်ကြသည်။

ပုဂံဘုရားများမှ စဉ့်ကွင်းများ

အာနန္ဒာဘုရားသည် ပုဂံမြို့အဝင် သရပါတံခါး၏ အရှေ့တောင်ဘက်တွင် တည်ရှိကာ အာနန္ဒာဘုရားကို တည်ခဲ့သည့် ခုနှစ်သက္ကရာဇ် ထိုးထားသော ကျောက်စာ ကို မတွေ့ရှိရသေးသော်လည်း ကျန်စစ်သားမင်း(ခရစ်နှစ် ၁၀၈၄-၁၁၁၃)က ခရစ်နှစ် ၁၀၉၀ တွင် တည်ခဲ့သည်ဟု လက်ခံထားကြသည်။ စေတီတော်၏ မုခ်လေးဘက်ရှိ အဆောင်များကို အမိုးဆင့်များ ပြုလုပ်ထားပြီး စေတီ၏ လိုဏ်အတွင်း အပြင်၌ ဗုဒ္ဓဆင်းတုတော်များ၊ ရုပ်တုများ၊ ဇာတ်နိပါတ်ရုပ်ချပ်များကို နေရာအပြည့် တန်ဆာဆင်ထား သည်။ စေတီတော်လိုဏ်အတွင်း အလယ်ဗဟို၌ ပတ်လမ်း နှစ်ထပ်ရံထားသော လေးထောင့်မဏ္ဍိုင်၏ မျက်နှာလေးဘက် တွင် ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကြီး လေးဆူကို ထားရှိ သည်။

အာနန္ဒာ ဂူဘုရားကြီးကို မြန်မာမှုဗိသုကာ ပန်းရံ၊ ကျောက်ဆစ် ပန်းတမော့၊ အင်္ဂတေ ပန်းတော့၊ သစ်သား ပန်းပုနှင့် ကြေးသွန်း ပန်းတဉ်းလက်ရာများဖြင့် တန်ဆာဆင် ထားကာ ဘုရားကြီး အောက်ခြေပတ်လည်နှင့် အမိုးပေါ် တွင် ရောင်စုံစဉ့်ကွင်းများကို တွေ့ရှိနိုင်သည်။ သက်တမ်း နှစ်ပေါင်း ၉၂၀ ကျော်ခဲ့ပြီဖြစ်သည့် အာနန္ဒာသည် ပုဂံ ရှေးဟောင်းဘုရားများအနက် အလှပဆုံးနှင့် အနုလက်ရာ အကောင်းဆုံးဖြစ်သဖြင့် "အနုမှာ အာနန္ဒာ"ဟု ထင်ရှားခဲ့ ပေသည်။

ပုဂံဒေသရှိ စေတီပုထိုးများတွင် ယနေ့တိုင် ကျန်ရှိ နေသည့် စဉ့်ကွင်းများအနက် အာနန္ဒာဘုရားမှ စဉ့်ကွင်း များသည် လက်ရာအကောင်းဆုံးဖြစ်သည်။ ယင်းတို့ကို ပြုလုပ်စဉ်က မီးမဖုတ်မီ၊ စဉ့်ကွင်းစိုနေစဉ် ဇာတ်ကွက်ပုံ များကို ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပညာရှင်များက ယူဆကြသည်။ ထို့အပြင် အာနန္ဒာဘုရားပေါ်သို့ တက်ရန် လှေကားမပြုလုပ်ခဲ့သဖြင့် လူအများ၏ ကိုင်တွယ်ထိတွေ့မှု များမှ ကင်းလွတ်ခဲ့သလို ဘုရားကြီးကို ခေတ်အဆက်ဆက် စောင့်ရှောက်ခဲ့သူများက ကောင်းစွာ ထိန်းသိမ်းခဲ့သဖြင့် စဉ်ကွင်းချပ် အများစုကို ယခုတိုင် အကောင်းအတိုင်း မြင်တွေ့ကြရပေသည်။ အာနန္ဒာဂူဘုရား၏ အောက်ခြေ ပတ်လည်တွင် ၅၅၀ ဇာတ်တော်လာ ဇာတ်ကွက်များ ပါရှိ သည့် စဉ့်ကွက်များနှင့်အတူ ပုံများမဖော်ထားသည့် အစိမ်း ရောင် ပြောင်စဉ့်ကွက်များကိုလည်း မြင်တွေ့နိုင်ကြပေ သည်။

တရုတ်ပြေးမင်းဟု ထင်ရှားခဲ့သည့် နရသီဟပတေ့မင်း တည်ခဲ့သည့် မင်္ဂလာစေတီသည် ပုဂံမှ ချောက်သို့ သွား သည့် ကားလမ်းဘေးတွင် တည်ရှိပြီး မြင်းကပါရွာ၏ မြောက်ဘက်တွင်ရှိသည်။ မင်္ဂလာစေတီသည် ရွှေစည်းခုံ စေတီနှင့် တည်ထားပုံချင်း တူညီသကဲ့သို့ ရွှေစည်းခုံစေတီ ကဲ့သို့ပင် စေတီတော်ကို စဉ့်ကွက်များဖြင့် အလှဆင်ထား သည်။ စေတီတော်၏ အုတ်ခုံနှင့် ပစ္စယာအဆင့်ဆင့်၌ စဉ့်ကွင်းပေါင်း ၁၂၄၅ ကွက်ရှိခဲ့ရာ လက်ရှိတွင် ၇၄၉ ကွက် သည် စဉ့်ကွင်းများမရှိသည့် လွတ်နေသောအကွက်များ ဖြစ်သည်။ မင်္ဂလာစေတီမှ စဉ့်ကွင်းအချို့ကို ၁၉၀၁ ခုနှစ်က ဂျာမန်လူမျိုး မစ္စတာနောတလင်းက ခွာယူသွားခဲ့သည်။

မင်္ဂလာစေတီ၏ ပစ္စယာထောင့်များ၌ အရံစေတီ လေးဆူ ရှိသည့်အနက် အရှေ့တောင်ထောင့်နှင့် အနောက် တောင်ထောင့်ရှိ စေတီနှစ်ဆူကို စဉ့်အုတ်များဖြင့် တန်ဆာ ဆင်ထားကာ စဉ့်သားပေါ်၌ ဘီလူးပန်းဆွဲများ ထည့်သွင်း ပြုလုပ်ထားသည်။

စဉ့်ကွက်များရှိသော ဘုရားတစ်ဆူဖြစ်သည့် ဓမ္မရာဇက သည် ဖွားစောရွာ သစ်မထီးကျောင်းတိုက်အနီး တည်ရှိ၍ သက္ကရာဇ် ၅၅၈ ခုနှစ်တွင် နရပတိစည်သူမင်းက တည်ထား ခဲ့သည်။ ပန္နက်ငါးမြှောင့်ဖြင့် တည်ဆောက်ထားသည့် ဓမ္မ ရာဇကစေတီ၏ ပစ္စယာသုံးဆင့်တွင် ၅၅၀ ဇာတ်တော်လာ ဇာတ်ကွက်များကို စဉ့်သုတ် အုတ်ချပ်များဖြင့် တန်ဆာဆင် ထားသည်။ သို့သော် စဉ့်ကွင်းအများစုသည် ပျက်စီးနေ ကြပြီး စတုတ္ထပစ္စယာရှိ စဉ့်ကွင်းများတွင် လေးထောင့် ကွက်အတွင်း၌ နနွင်းမကင်းကွက်များ ပြုလုပ်ထားသည်။

ပုဂံစဉ့်ဖိုများ

စဉ့်ဖြင့် အဆင်တန်ဆာများ ပြုလုပ်နိုင်ရန် စဉ့်ဖိုများ ပြုလုပ်ခဲ့ကြသဖြင့် ပုဂံဒေသတွင် စဉ့်ဖိုဟောင်း ခုနစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။ ထပ်မံတွေ့ရှိနိုင်သေးသည့် စဉ့်ဖို များလည်း ကျန်ရှိနေပေသည်။ ပုဂံ စဉ့်ဖိုများအနက် စဉ့်ဖို အမှတ်(၁)ကို ၁၉၆၃ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ လက်တွေ့သုတေသနလုပ်ငန်းအဖွဲ့မှ အကြီးတန်း သုတေ သနအရာရှိ ဦးကျော်ငြိမ်းနှင့် ပြည်သူ့အိုးအိမ် ပြန်လည် ထူထောင်ရေးအဖွဲ့(PHRB)မှ Mr.S.D.Strologo တို့က တူးဖော်ခဲ့ကြသည်။ ယင်းစဉ့်ဖိုသည် မြင်းကပါရွာမှ အရှေ့ တောင် ဘက်သို့ ကိုက် ၁၅၀ ကွာဝေးပြီး စဉ့်နှင့်ရောနေသည့် ကျက်နေသော မြေများ၊ ချော်ခဲများ၊ စဉ့်အိုးကွဲများနှင့် စဉ့်သုတ် မြေထည်ပစ္စည်းအပိုင်းအစများကို တွေ့ရှိခဲ့သည်။ သို့သော် ယင်းစဉ့်ဖိုသည် စဉ့်အိုးစဉ့်ခွက်များဖုတ်ခဲ့သည့် ဖိုဖြစ်ပြီး ပုဂံစေတီပုထိုးများမှ စဉ့်ကွင်းများနှင့် ပတ်သက်မှု မရှိကြောင်း ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်၊ နှစ်ချုပ်အစီရင်ခံစာ(၁၉၆၂-၁၉၆၃)တွင် ဖော်ပြခဲ့သည်။ ပုဂံစဉ့်ဖို အမှတ်(၁)ကို ဩစတြေးလျနိုင်ငံမှ စဉ့်ပညာရှင် မစ္စတာဒွန်ဟိန်းနှင့် ရှေးဟောင်းသုတေသနဦးစီးဌာန(ပုဂံ ဌာနခွဲ)မှ ဝန်ထမ်းများက ထပ်မံတူးဖော်ခဲ့သည်။

စဉ့်ဖိုအမှတ်(၂)သည် မြင်းကပါရွာတောင်ဘက် နန်း ဘုရားအနီးမှ အိမ်ဝင်းတစ်ခု၌ရှိကာ ယင်းနေရာသည် ၁၉၈၈ ခုနှစ်မတိုင်မီက စက်ဘီးလမ်းဖြစ်သဖြင့် ရှေးဟောင်း သုတေသနဦးစီးဌာနက လမ်းလွှဲကာ စဉ့်ဖိုကို တူးဖော်ပြီး ထိန်းသိမ်းခဲ့သည်။ ဖိုနှုတ်ခမ်းတွင် စဉ့်အစိမ်းရောင်နှင့် အဝါရောင်များ စွန်းပေနေခဲ့သည်။

ဖိုအမှတ်(၃)သည် မြင်းကပါရွာ အနောက်တောင်ဘက်ရှိ ရွှေဥမင်ကျောင်း၏ တောင်ဘက်၌ တည်ရှိ၍ ဖိုအမှတ်(၂) မှ မီတာ ၂၅၀ အကွာ ဧရာဝတီမြစ်ကမ်းအနီးတွင် တည်ရှိ သည်။ ယင်းဖိုကို ၁၉၈၉ ခုနှစ်က တူးဖော်ခဲ့ပြီး ရှေးဟောင်း သုတေသနဦးစီးဌာနက ထိန်းသိမ်းထားခဲ့သည်။

အပါယ်ရတနာဘုရား၏ အနောက်မြောက်ဘက်ရှိ လေသာကျောင်း၏ အရှေ့ဘက်တွင်တည်ရှိသည့် ဖိုအမှတ် (၄)သည် ဘဲဥပုံဖြစ်ပြီး အခြားဖိုများနှင့် မတူဘဲ မီးထိုး ပေါက်ကို အရှေ့ဘက်တွင် ပြုလုပ်ထားသည်။ ဖိုနှုတ်ခမ်းဝ တွင် စဉ့်အစိမ်းများ စွန်းပေနေသည်။ အပါယ်ရတနာဘုရား ၏ အနောက်ဘက် မီတာ ၃၀ တွင်ရှိသည့် ဖိုအမှတ်(၅) တွင် မီးထိုးပေါက်နှင့် မီးခိုးထွက်ပေါက် ပါရှိကာ ဖိုအနီးမှ စဉ့်အိုးကွဲများနှင့် စဉ့်ချော်များကို တွေ့ရှိခဲ့သည်။

ထို့အတူ စိမ်းညက်ညီအစ်မဘုရား၏ အနောက်ဘက် ၁၃၇ မီတာတွင်ရှိသည့် ဖိုအမှတ်(၆)၏ ဖိုနှုတ်ခမ်းတွင် စဉ့်အစိမ်းများ စွန်းပေနေကာ ဖိုအနီးမှ စဉ့်ထည် အစိတ် အပိုင်းများကို တွေ့ရှိခဲ့သည်။ ပုဂံစဉ့်ဖို အမှတ်(၇)သည် အပါယ်ရတနာဘုရား၏ အရှေ့တောင်ဘက် ၁၈ မီတာ အကွာ၌ တည်ရှိကာ အမှတ်(၂)စဉ့်ဖိုကဲ့သို့ပင် လမ်းပေါ်၌ တည်ရှိခဲ့သည်။

တစ်ချိန်က ပုဂံရှိ စဉ့်လက်ရာများကို အခြားတစ်နေရာမှ တင်သွင်းလာခဲ့သည်ဟု ယူဆမှုများ ရှိခဲ့သော်လည်း ပုဂံ ဒေသတွင် စဉ့်ဖိုများကို တွေ့ရှိပြီးနောက် ပုဂံ၌ပင် စဉ့်ထည် များကို ထုတ်လုပ်ခဲ့ကြောင်း အထောက်အထားခိုင်မာခဲ့ သည်။ စဉ့်ယဉ်ကျေးမှုထွန်းကားခဲ့သည့် ပုဂံ၌ အထင်ရှားဆုံး စဉ့်စေတီဖြစ်သည့် ငကျွဲနားတောင်းစေတီမှ အုတ်အချို့ တွင် စဉ့်ရည်များ ဆက်နေသဖြင့် စေတီကို တည်ခဲ့စဉ်က အုတ်စီပြီးမှ စဉ့်ရည်ကိုသုတ်ခဲ့ကြောင်း ဆရာဦးဗိုကေက သုံးသပ်ခဲ့သည်။

အဆင့်အတန်းမြင့်သည့် မြန်မာမှု ဗိသုကာလက်ရာ များနှင့်အတူ ပုဂံတွင် ထွန်းကားခဲ့သည့် စဉ့်ယဉ်ကျေးမှု သည် ပုဂံ၏ဂုဏ်ရည်ကို မြှင့်တင်ပေးခဲ့ပေသည်။ ။

မောင်သာ(ရှေးဟောင်းသုတေသန)

ကိုးကား

(၁) ပုဂံရှိ စဉ့်လက်ရာများနှင့် စဉ့်ဖိုများ(မင်းဘူးအောင်ကြိုင်)

(၂) ပုဂံသုတေသနလမ်းညွှန်(ဦးဗိုကေ)

(၃) ရှေးဟောင်းသုတေသန နှစ်ချုပ်အစီရင်ခံစာများ