ဝါရှင်တန် ၁၆ ဧပြီ
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ကျဆင်းခဲ့သောနိုင်ငံ၏စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် စက်မှုလုပ်ငန်းရှင်များထံမှ အကြံပြုချက်များ တောင်းခံသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။
အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် စက်မှုလုပ်ငန်း ၁၇ ခုမှ လုပ်ငန်းရှင် ၂၀၀ ခန့်အား အမေရိကန်စီးပွားရေး ပြန်လည်ရှင်သန်ရေးဆိုင်ရာ စက်မှုလုပ်ငန်းအုပ်စုတွင် ပါဝင်ဆောင်ရွက်စေမည်ဖြစ်သည်။ သတ်မှတ်ထားသော စက်မှုလုပ်ငန်းများမှာ ဘဏ်လုပ်ငန်း၊ ငွေကြေးဆိုင်ရာ လုပ်ငန်း၊ စွမ်းအင်၊ ကာကွယ်ရေး၊ အားကစားနှင့် အခြား ကဏ္ဍများပါဝင်သည်။ ထရမ့်က သူ့အနေဖြင့် ယခုအချိန်တွင် ခရီးအသွားအလာ ပိတ်ပင်ထားသော ဒေသများအတွက် ပြန်လည်ဆောင်ရွက်မည့် စီးပွားရေးအစီအမံများနှင့် စည်းမျဉ်းများကို ရေးဆွဲထားသည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ထိုအစီအစဉ်များကို နယူးယောက် ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကီမိုအပါအဝင် အခြားပြည်နယ်များမှ အုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးသွားမည်ဟု ထရမ့်က ပြောကြားသည်။ ဗုဒ္ဓဟူးနေ့မှစတင်ပြီး စက်မှုလုပ်ငန်းရှင်များ၏ အကြံပြုချက်များကို တောင်းခံသွားမည်ဟု ထရမ့်က ပြောကြားသည်။
အိမ်ဖြူတော်ကပြောကြားရာတွင် အုပ်စုမတူသော နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် အမေရိကန်နိုင်ငံ ကြွယ်ဝသော အနာဂတ်ကိုရရှိစေရန် အတူတကွဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူများက နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုများဖြစ်နေသဖြင့် စီးပွားရေး လုပ်ငန်းများကို ပြန်လည်စတင်ရန် အချိန်စောကြောင်း ပြောကြားခဲ့ပြီးနောက် ထရမ့်၏ စီးပွားရေးဆိုင်ရာ အကြံပြုချက် တောင်းခံခြင်းဖြစ်လာခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ


