၁၆ ဧပြီ

တောင်ကိုရီးယားနိုင်ငံကို မြောက်ကိုရီးယားနိုင်ငံကနေ  ခိုလှုံလာသူ တေးယောင်ဟို ဟာ အဓိက အတိုက်ခံပါတီ United Future Party (UFP) ကနေ  လွှတ်တော်အမတ် နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရရှိကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ခိုလှုံလာတဲ့ သူတစ်ယောက် ပထမဦးဆုံး ရွေးကောက်ခံခဲ့ရတာဖြစ်ပါတယ်။

 

မစ္စတာ တေးယောင်ဟိုက ၂၀၁၆ ခုနှစ်မှာ မိသားစုလိုက် တောင်ကိုရီးယားနိုင်ငံကို ခိုလှုံခွင့် တောင်းခဲ့သူ ဖြစ်ပါတယ်။ မစ္စတာတေးဟာ ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား ဒုတိယ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ ခိုလှုံခွင့်တောင်းခဲ့သူဖြစ်ပါတယ်။

 

မစ္စတာ တေးဟာ ဆိုးလ်ရှိ ဂန်းနန်း ဒေသဆိုင်မှာ UFP ပါတီ အမတ်လောင်း အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ရာ ၅၈ ရာခိုင်နှုန်းရဲ့ ထောက်ခံမဲနဲ့  ရွေးကောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူရွေးကောက်ခံရကြောင်း ကြေညာအပြီးမှာ မစ္စတာ တေး ငိုချလိုက်တာကိုလည်း တွေ့ရပါတယ်။

 

မစ္စတာ တေးက မြောက်ကိုရီးယားက အထက်တန်းလွှာကို ရည်စူးပြီး အာဏာရှင်ကိုမထောက်ခံဘဲ လုပ်မယ်ဆိုရင်တောင် အနာဂတ်ကို တခြားနည်းလမ်းနဲ့ လျှောက်လို့ရကြောင်း ပြောကြားပါတယ်။

 

တောင်ကိုရီးယားနိုင်ငံက ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတရဲ့ ဒီမိုကရက်တစ်ပါတီက လွှတ်တော်တွင် နေရာ ၃၀၀ မှာ ၁၆၃ နေရာရရှိတဲ့အတွက် အများဆုံး အနိုင်ရရှိတဲ့ပါတီ ဖြစ်ပါတယ်။

 

မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၆၆ ဒသမ ၂ ရာခိုင်နှုန်း လာရောက်မဲပေးတဲ့အတွက် ၁၉၉၂ ခုနှစ်နောက်ပိုင်း လွှတ်တော်ရွေးကောက်ပွဲမှာ မဲအများဆုံး လာရောက်ထည့်တယ်လို့ သိရပါတယ်။ ကပ်ရောဂါ ဖြစ်နေချိန်မှာ ပထမဦးဆုံးကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက်  မဲလာပေးသူတွေဟာ မျက်နှာဖုံးနဲ့ ပလတ်စတစ်လက်အိတ်တွေ ဝတ်ဆင်လာသလို မဲရုံအဝင်ဝမှာ အပူချိန်တိုင်းတာမျိုးပါ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

MDN
ကိုးကား - AFP