ချောင်းဦး   ၂၀   ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် ကိုဗစ်-၁၉  ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေး အတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် မြို့မစည်ပင်သာယာဈေးမှ ဥပုသ်ဈေးတွင် ယာယီပျံကျဈေးအဖြစ် ဖွင့်လှစ်နေမှုကို မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ယာယီဈေးအဖြစ် ဧပြီ ၂၀ ရက် နံနက်က စတင်ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ယာယီဈေးဖွင့်လှစ်နိုင်ရေးအတွက် ဈေးဆိုင်ခန်းများကို (၆)ပေပတ်လည် အကွက် သတ်မှတ်ပေးခြင်းနှင့် လမ်းအကျယ် (၁၀)ပေခြားစီ ရောင်းဝယ်နိုင်ရေး၊  သတ်မှတ်နေရာများတွင် ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရေး၊ ပြည်သူ့အားကစားကွင်း အဝင်ဝတွင် အများသုံးလက်ဆေးရေကန်များကို ဆောင်ရွက်ပေးခြင်း၊ ယာယီဈေးသို့ လာရောက်ကြသည့် ဈေးရောင်းချသူ ဈေးဝယ်သူများကို Mask တပ်ဆင်အသုံးပြုပြီး လက်ဆေးပြီးမှသာ ဈေးအတွင်း ဝင်ရောက်စေခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်သန့်ဝင်းက ပြောသည်။

အခြေခံစားသောက်ကုန်များနှင့် အဝတ်အထည်များ ဝယ်ယူနိုင်ရန်အတွက် မြို့မစည်ပင်သာယာဈေးကို နံနက် ၆ နာရီမှ မွန်းလွဲ ၂  နာရီထိ ဖွင့်လှစ်ပေးထားပြီး ပြည်သူ့အားကစားကွင်းအတွင်း ဖွင့်လှစ်သည့် ယာယီဈေးကို  နံနက် ၄ နာရီမှ မနက်  ၁၁ နာရီထိ ဖွင့်လှစ်ရောင်းချခွင့်ပြုမည် ဖြစ်သည်။

ပြည်သူ့အားကစားကွင်းအတွင်း ဖွင့်လှစ်သည့် ယာယီဈေးတွင် ကုန်စိမ်း၊ ကုန်ခြောက်နှင့် သားငါး ရောင်းချသည့် ဈေးသည်ပေါင်း ၄၀ဝ ကျော်  ရှိကြောင်း  သိရသည်။

အိအိအောင်(ချောင်းဦး)