ယခု ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူ အများစုသည် အိမ်တွင်ပင် နေထိုင်ကြရ သည်ဖြစ်ရာ မိမိအိမ်တွင် နေထိုင်ရင်း ဟင်းသီးဟင်းရွက်များကို အိမ်ခြံဝင်း၊ တိုက်ခန်းဝရန်တာ စသည်တို့၌ တစ်ပိုင် တစ်နိုင် စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေး နှင့်ညီညွတ်သော လတ်ဆတ်သည့်သီးနှံ များကို စားသုံး၍လည်းရ ငြီးငွေ့ခြင်းများ လည်း ပြေပျောက်ကာ စိုက်ပျိုးခြင်း ဗဟု သုတပညာများလည်း တိုးပွားရရှိနိုင်ပါသည်။
မြို့ပြစိုက်ပျိုးရေး (Urban Agriculture၊ Urban Farming၊ Urban Gardening) ဆိုသည့် သီးနှံစိုက်ပျိုးခြင်းမှာ (အထူးသဖြင့် အချိန်တိုအတွင်း စားသုံးနိုင်သည့် ဟင်းသီး ဟင်းရွက်များ) ကျေးလက်၊ တောရွာစိုက်ခင်း များတွင်မဟုတ်ဘဲ မြို့နေလူထုအားလုံး (လူကြီး၊ လူငယ်၊ ကျောင်းသား ကျောင်းသူ အစရှိသဖြင့်) မိမိအိမ်ရှိ မြေလွတ်များ၊ မြေလွတ်မရှိသည့် တိုက်ခန်းများတွင် ဝရန်တာ များ၌ အိုးငယ်လေးများဖြင့် အလွယ်တကူ စိုက်ပျိုးနိုင်သည့် အပင်များကို ဆိုလိုပါသည်။ ဥပမာ ခရမ်းချဉ်၊ ငရုတ်ပင်၊ ချဉ်ပေါင်ပင်၊ ဆလတ်ပင်၊ ရုံးပတီပင် အစရှိသည့် အပင် များဖြစ်ပါသည်။
မျိုးစေ့ရရှိရေးကိုမူ နီးစပ်ရာ စိုက် ပျိုးရေးဦးစီးဌာနရုံးများ၊ မျိုးစေ့အရောင်းဆိုင် များ၊ ကုမ္ပဏီများ၊ ရန်ကုန်မြို့တွင် မြေပဒေသာကျွန်း စိုက်ပျိုးရေးအရောင်းဆိုင် တွင် ဆက်သွယ်ဝယ်ယူရရှိနိုင်ပါသည်။
စိုက်ပျိုးရာတွင် စိုက်ပျိုးသည့်နေရာ သည် တိုက်ခန်းဖြစ်ပါက နေရောင်ခြည် သို့မဟုတ် အလင်းရောင် ရရှိသောနေရာ ဖြစ်ပြီး နေ့စဉ် ရေလောင်းပေးနိုင်ရပါမည်။
ထိုသို့စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုး ကျေးဇူးများမှာ -
(က) အစားအသောက် ဘေးကင်းလုံခြုံမှု (Food Security) ရှိ၍ လတ်ဆတ်ပြီး အန္တရာယ်ကင်းသည့် ဟင်းသီး ဟင်းရွက်များကို မိသားစုအားလုံး ကောင်းမွန်စွာ စားသုံးနိုင်ပါမည်။
(ခ) ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး (Environmental Health) ပိုမိုကောင်းမွန်လာနိုင်ပြီး အပင်များ များ စိုက်ပျိုးနိုင်လေ သန့်ရှင်းကောင်း မွန်သောလေများ ရရှိနိုင်လေဖြစ်ရာ အိမ်ခြံဝင်းရှိသူများက သစ်ပင်ကြီး များကိုပါ စိုက်ပျိုးနိုင်ပါက အပူဒဏ် ကိုလည်း တစ်နည်းတစ်ဖုံ ကာကွယ် ရာ ရောက်ပါသည်။
လူမှုရေးအကျိုးသက်ရောက်မှု (Social Impact) အနေဖြင့် -
(ဂ) အစုအဖွဲ့လိုက် ကျန်းမာမှုကို ပေးစွမ်း နိုင်ပါသည်။ အချို့ တိုက်ခေါင်မိုး ပေါ်တွင် ဥယျာဉ်ခြံငယ်လေး (Roof Garden) ဖန်တီးပြီး စားသုံး သီးနှံ ဟင်းသီးဟင်းရွက်များသာမက ပန်းမန်များဖြစ်သည့် နှင်းဆီ၊ ဂန္ဓမာ၊ မေမြို့၊ စံပယ်နှင့် အလှမြက်ခင်း များကို စိုက်ပျိုးထားရာ အပန်းဖြေ စရာ နေရာကောင်းအဖြစ် ဖန်တီး ထားပါသည်။ အလွန်ကောင်းမွန် သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။
နောက်ထပ် စိုက်ပျိုးမွေးမြူရေးတစ်ခုဖြစ် သည့် Aquaponics (ငါး၊ ပုစွန်မွေးမြူခြင်း- Aquaculture) နှင့် မြေမဲ့စိုက်ပျိုးခြင်း/ ရေတွင်စိုက်ပျိုးခြင်း (Hydroponics) ကိုရောစပ်ကာ မိမိအိမ်ခြံဝင်းနှင့် ခေါင်မိုးများ ပေါ်၌ စိုက်ပျိုးမွေးမြူသည့် နည်းစနစ်တစ်ခု ဖြစ်ပါသည်။
ဤစနစ်သည် ငါး၊ ပုစွန်မွေးမြူနေ သည့်ရေထဲက မြေမဲ့စိုက်ပျိုးပင်များထံ မရောက်မီ ဘေးထွက်ပစ္စည်းများ၊ အညစ် အကြေးများ၊ အဆိပ်အတောက်များကို နိုက်ထရိုဂျင်အဖြစ် ပြောင်းလဲပေးသည့် ဗက်တီးရီးယား (Nitrifying Bacteria) များက နိုက်ထရိတ်အဖြစ် ပြောင်းလဲပေး လိုက်သဖြင့် အပင်အတွက်လိုအပ်သည့် နိုက်ထရိုဂျင် တစ်စိတ်တစ်ဒေသအဖြစ် ပေးနိုင်ပါသည်။
ဤစနစ်ကို ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ထုတ်လွှင့်လျက်ရှိသော တောင်သူလယ်သမား ရုပ်သံလိုင်း (Farmer Channel) တွင် Aquaponics အကြောင်း မကြာခဏ ပြသလျက်ရှိပါသည်။
မြေမဲ့စိုက်ပျိုးရေး (Hydroponics) အကြောင်းကို (အထူးသဖြင့် ဆလတ်ပင် စိုက်ပျိုးခြင်း) စိုက်ပျိုးရေးတက္ကသိုလ် မကွေးနယ်မြေတွင်လည်းကောင်း၊ အီတလီ နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်း INGO တစ်ခုဖြစ်သော TDH တွင်လည်း ကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းတွင်လည်းကောင်း သွားရောက် ကြည့်ရှုလေ့လာမေးမြန်းနိုင်ပါသည်။
ထိုသို့ အိမ်မှာနေရင်း ဓာတုအဆိပ် အတောက်ဖြစ်စေနိုင်သည့် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာလည်းကင်း မိမိကျန်းမာရေး နှင့် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်သည့် စိုက်ပျိုးမွေးမြူရေးကို ပြုလုပ်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။
ဒေါက်တာမျိုးကြွယ် (AUAA)


