မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ နှစ်ဟောင်းကုန်ဆုံး၍ ၁၃၈၂ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းလာခဲ့ပြီ။ နှစ်သစ်နှင့် အတူ နှစ်ဟောင်းက ကိုဗစ်-၁၉ ရောဂါသည်လည်း ပါလာသည်။ ကိုဗစ်-၁၉ ရောဂါသည် သာမန်ရောဂါမျိုး မဟုတ်။ ဆိုးရွားသော ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သည်။ ၂၀၁၉ ခုနှစ် နှောင်းပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားပြီး တစ်ကမ္ဘာလုံးသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။
၂၂-၄-၂၀၂၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ရရှိသည့် သတင်းအရ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားသူ ၂၅၇၀၀၀၀ ကျော် ရှိကြောင်း၊ ကူးစက်ခံရမှု ကြောင့် သေဆုံးသူ ၁၇၇၀၀၀ ကျော် ရှိခဲ့ကြောင်း၊ သေဆုံး သူအများဆုံး နိုင်ငံများစာရင်းတွင် အမေရိကန်နိုင်ငံသည် ၄၅၀၀၀ ကျော်ဖြင့် သေဆုံးမှုအများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည်လည်း ကိုဗစ်-၁၉ ရောဂါဆိုး ကူးစက်ခံနေရသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန်လည်းရှိနေသည်။ ဤတွင် ရွေးကောက်ပွဲကြီး ကျင်းပဖြစ်မဖြစ်၊ ကျင်းပနိုင်မနိုင် ရွေးကောက်ပွဲအပေါ် မည်သို့အကျိုးသက်ရောက်မှု ရှိမရှိ သိလိုကြသည်။ မေးမြန်းလာကြသည်။ တိတိကျကျအဖြေတစ်ခု ကြို၍ မပေးနိုင်သော်လည်း မိမိ၏အတွေး ဆင်ခြင်မှုတစ်ခု မျှဝေပါရစေ။
တောင်ကိုရီးယားနိုင်ငံနှင့်ရွေးကောက်ပွဲ
တောင်ကိုရီးယားနိုင်ငံမှာတော့ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၅ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့သည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၀၀ ကို ရွေးချယ်ခဲ့သည်။ မဲရုံပေါင်း ၁၄၀၀၀ ခန့်ရှိပြီး နံနက် ၆ နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ မဲဆန္ဒရှင် အားလုံးအနေဖြင့် နှာခေါင်းစည်းများတပ်ဆင် ရန်၊ လက်များဆေးကြောရန်၊ ပလတ်စတစ် လက်အိတ် များ ဝတ်ဆင်ရန်နှင့် မဲရုံသို့ရောက်ရှိလျှင် အပူချိန်စစ်ဆေး မှုများ ပြုလုပ်ရန်စသည့် လိုအပ်ချက်များ စီစဉ်ဆောင်ရွက် ခဲ့သည်။ ယင်းရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးကာလ နှစ်ပတ်ခန့်သာရရှိခဲ့သည်။ ယင်းကာလအတွင်း နှာခေါင်း စည်းများဝတ်ဆင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုတားဆီးရန် လက်ဆွဲနှုတ်ဆက်ခြင်းကိုပင် ရှောင်ကြဉ်ခဲ့ကြရ ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသည်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလျက်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဖေဖော်ဝါရီလကုန်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှာ တစ်ရက်လျှင် လူဦးရေ ၉၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ ဧပြီလ ၂ ရက်နေ့အထိ ကူးစက်ခံရသူ ၉၉၇၆ ဦးရှိသည်။ သို့ရာတွင် ဧပြီလ ၁၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၃၀ အောက်ရှိ သည့် ဒုတိယနေ့ဖြစ်လာခဲ့သည်။ တောင်ကိုရီးယားနိုင်ငံက ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု စံပြကာကွယ်ထိန်းချုပ် ဆောင် ရွက်သည့်နိုင်ငံအဖြစ် လူသိများသည်။ ထို့အပြင် တောင် ကိုရီးယားနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား နေစဉ် ရွေးကောက်ပွဲတစ်ရပ်ကျင်းပသည့် ပထမဆုံးသော တိုင်းပြည်များတွင် ပါဝင်လာခဲ့ပြီးဖြစ်ကြောင်းကိုလည်း သတင်းများတွင်ဖတ်ရှုရသည်။
ကမ္ဘာတစ်ဝန်းရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ အရေး
ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ အရေး ရင်ဆိုင်တွေ့ကြုံနေကြရသည်။ ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန် ရွှေ့ဆိုင်းလိုက်ရသည့် နိုင်ငံ ၄၇ နိုင်ငံရှိသည်။ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကြားမှ ၂၀၂၀ ပြည့်နှစ် မတ်လနှင့် ဧပြီလတွင် ရွေးကောက်ပွဲကျင်းပခဲ့သောနိုင်ငံ ၁၄ နိုင်ငံရှိသည်။ ယခုဖော်ပြထားသည့် တောင်ကိုရီးယား နိုင်ငံ အပါအဝင်ဖြစ်သည်။ ကိုဗစ်-၁၉ ဖြစ်နေသော်လည်း ၂၀၂၀ ပြည့်နှစ်အတွင်း ယခင်ကြေညာထားသည့် ရက် အတိုင်း ရွေးကောက်ပွဲကျင်းပသွားမည့်နိုင်ငံ ကိုးနိုင်ငံရှိသည်။
မြန်မာနိုင်ငံနှင့် ကိုဗစ်-၁၉
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၃ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၂ ဦး ရှိပြီး သေဆုံးသူ ငါးဦးရှိသည်။ နိုင်ငံတော်အစိုးရအနေနှင့် ယခုကဲ့သို့ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်လာ မည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးနှင့်စပ်လျဉ်း၍ အမျိုးသား အဆင့်သတ်မှတ်ပြီး ပြည်သူလူထု၏ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ဘက်ပေါင်းစုံမှကြိုတင်ပြီး စနစ်တကျ စီမံဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းထားရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ပျံ့နှံ့သည့် ကပ်ရောဂါဆိုးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တာဝန်ကိုယ်စီရှိကြသည့်အတွက် အားလုံးအတူတကွ စည်းလုံးညီညွတ်စွာဖြင့် တုံ့ပြန်ဖြေရှင်းလျက်ရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် အပတ် တကုတ် အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်း များ၊ အုပ်ချုပ်ရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကို video conferencing စနစ်ဖြင့်တွေ့ဆုံ၍ လက်တွေ့အခြေ အနေများအား အပြန်အလှန်ဆွေးနွေးခြင်း၊ လိုအပ်သည် များလမ်းညွှန်ခြင်း၊ ဖြည့်ဆည်းပေးခြင်း၊ အားပေးစကား များ၊ ကျေးဇူးတင်စကားများ ပြောကြားခြင်းတို့ ပြုလုပ် လျက်ရှိသည်။ ၎င်း၏ Facebook စာမျက်နှာပေါ်မှာလည်း ပြည်သူတို့အား ဆောင်ရန်၊ ရှောင်ရန်များ၊ စေတနာဖြင့် ဆောင်ရွက်နေမှုများအပေါ် မေတ္တာ၊ ကရုဏာစကားများ၊ ကျေးဇူးတင်စကားများ ပြောကြားလျက်ရှိသည်။
ယခုအချိန်အခါသည် မြန်မာတို့၏နှစ်သစ်ကူးပြောင်း သည့် မင်္ဂလာအချိန်ကာလလည်းဖြစ်သဖြင့် ကျေးဇူးရှင် ဆရာတော် သံဃာတော်များက နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ပွားသရဇ္ဈာယ်ခြင်း၊ ဆုတောင်းခြင်း၊ ကရုဏာသဝဏ်လွှာပေးပို့ခြင်း၊ ဩဝါဒစကား၊ မေတ္တာစကားများ မိန့်ကြားခြင်းတို့ပြုလုပ်ခဲ့သည်။ ရဟန်းရှင်လူပြည်သူများက စေတနာ သဒ္ဓါ တရား နည်းများမဆို ပါဝင်လှူဒါန်းလျက်ရှိကြသည်။
မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲ
မြန်မာနိုင်ငံသည်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ နေရပြီး ၂၀၂၀ ပြည့်နှစ်အတွင်းတွင် ရွေးကောက်ပွဲ ကျင်းပရန်လည်း ရှိနေသည်။ မြန်မာနိုင်ငံ၏ ပထမ အကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် နေ့တွင်လည်းကောင်း၊ ဒုတိယ အကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင်လည်းကောင်း ကျင်းပခဲ့သည်။ ယခုတတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းမှာပင် ကျင်းပဖြစ်မည်ဆိုပါ က ခြောက်လကျော်သာ ကျန်ရှိပါမည်။ ယင်းအချိန်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကင်းစင်ပပျောက်သွားနိုင်ပါ စေဟု အကောင်းဆုံးကို မျှော်လင့်မိသည်။
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါကြီး ကျရောက်နေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ကြရပါမည်။ ရွေးကောက်ပွဲအတွက် အခြေခံ မဲစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၉ ခုနှစ် ဇူလိုင်လကတည်းက ပြုစုထားရှိပြီးဖြစ်သည်။ ပြောင်းလဲမှုများကို အချိန်နှင့်တစ်ပြေးညီ စိစစ်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲအတွက် အဓိက အရေးကြီးဆုံးအချက်မှာ မဲစာရင်းဖြစ်သည်။ အခြေခံ မဲစာရင်းကို ပြည့်ပြည့်စုံစုံ ပြုစုထားရှိပြီးဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် စိတ်အေးရ သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၉ ခုနှစ်ကို အခြေခံမဲစာရင်းပြုစုသည့်နှစ်အဖြစ် သတ်မှတ် ပြီး ၂၀၁၉ ခုနှစ်အတွင်း ပြီးစီးအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့သည် ။ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများအတွက် အခြေခံမဲစာရင်း ကို သက်ဆိုင်ရာနှစ်များ၏ မတ်လ၊ ဧပြီလ၊ မေလ၊ ဇွန်လများတွင် အပြင်းအထန် ပြုစုခဲ့ကြရသည်။ အကယ်၍များ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် အခြေခံမဲစာရင်းကို ၂၀၁၉ ခုနှစ်အတွင်းတွင် မပြုစုခဲ့ဘဲ ယခင်ကဲ့သို့ မတ်လ၊ ဧပြီလ၊ မေလ၊ ဇွန်လများ တွင် ပြုစုမည်ဆိုပါက ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ဆိုးရောဂါ ဖြစ်ပေါ်မှုနှင့်ကြုံကြိုက်ရကာ အခက်အခဲများစွာ ရှိနိုင်ပါမည်။
မည်သို့သောအခြေအနေမျိုးနှင့်ကြုံတွေ့နေရစေကာမူ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်း များ၊ တစ်ဦးတစ်ယောက်ချင်း ပုဂ္ဂိုလ်များအားလုံးတို့သည် ကိုဗစ်-၁၉ရောဂါ ကပ်ရောဂါဆိုးကြီးကို တားဆီး ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကျရာကဏ္ဍမှ ပါဝင်ပူးပေါင်း ဆောင်ရွက်ကြရင်း စိုးရိမ်ကြောင့်ကြမှုတွေကြားမှ မိမိတို့ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းတာဝန်များကို စွမ်းအားရှိသဖြင့် လုံ့လစိုက်၍ ဆောင်ရွက်ကြရမည်သာ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက် ရန်ရှိသည်များကို မကျန်ရှိရအောင် ဆောင်ရွက်နေရမည် သာ။ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲတွင် ပါဝင် ပတ်သက်နေသူများကလည်း မိမိတို့ ဆောင်ရွက်ရန်ရှိ သည့် လုပ်ငန်းတာဝန်များကို ကြိုတင်ပြင်ဆင် ဆောင် ရွက်နေကြရမည်သာ။ ပြည်သူများသို့ ရွေးကောက်ပွဲ ဆိုင်ရာအကြောင်းအရာများကို စဉ်ဆက်မပြတ် ဆက် လက်မျှဝေ အသိပေးနေရဦးမည်သာ။
စုပေါင်းအားဖြင့် အောင်နိုင်ပါမည်
ယနေ့ ကမ္ဘာတစ်ဝန်း ရင်ဆိုင်တွေ့ကြုံနေရသည့် ကိုဗစ်-၁၉ ရောဂါ ကပ်ရောဂါဆိုးကြီးသည် မည်သို့ သောအခြေအနေသို့ ရောက်ရှိနေပါစေ မြန်မာနိုင်ငံအနေ ဖြင့် တာဝန်ရှိအစိုးရဌာန၊ အဖွဲ့အစည်းများ၊ တပ်မတော် သားများအပါအဝင် ပြည်သူပြည်သားများအားလုံးတို့၏စုပေါင်းအား၊ ရဟန်းရှင်လူ ပြည်သူပြည်သားအားလုံးတို့၏သစ္စာအား၊ မေတ္တာအား၊ ကရုဏာအား၊ ကုသိုလ် စေတနာအား၊ သဒ္ဓါအား၊ ပညာအား၊ ဇွဲလုံ့လအား၊ စည်းလုံးညီညွတ်မှုအား၊ ကိုယ်တိုင်ပါဝင်ပေါင်းစည်းမှု အား၊ စိတ်ချင်းပေါင်းစည်းမှုအား တည်းဟူသော အားဆယ်အား၏ စွမ်းပကားများဖြင့် မကြာမီအချိန် ကာလ အနည်းငယ်အတွင်းမှာပင် ဤကပ်ရောဂါဆိုးကြီး ကို တားဆီးကာကွယ် ထိန်းချုပ်နိုင်ကြပါမည်။ မြန်မာ ပြည်သူပြည်သားများနှင့် ကမ္ဘာသူကမ္ဘာသားများအားလုံး ကပ်ရောဂါဆိုးကြီးမှ လွတ်မြောက်ပြီး နှလုံးစိတ်ဝမ်း အေးချမ်းကြပါမည်။ မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးသည်လည်း ဘေးအန္တရာယ် အပေါင်းမှလွတ်ကင်းကာ ချောမောအောင်မြင်စွာ ကျင်းပ သွားနိုင်ကြပါမည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေမိကြောင်း ပါဗျာ။
-ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး လွင့်စဉ် ပပျောက် ချုပ်ငြိမ်းသွားပါစေ၊
-မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသား များ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊
-၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး ချောမောအောင်မြင်စွာ ကျင်းပနိုင်ပါစေ။ ။
မောင်စာဂ


