ဒေါက်တာမိုးမိုးသွယ်
၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၆ ရက်နေ့ဟာ “ကမ္ဘာ့မူပိုင်ခွင့်နေ့” World IP Day ဖြစ်ပါတယ်။ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီး (World Intellectual Property Organization-WIPO) ဖြစ်တည်လာတဲ့ “WIPO Convention” အသက်ဝင်ခဲ့တဲ့နေ့က ၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၆ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့ကို အသိအမှတ်ပြုတဲ့အနေနဲ့ ဧပြီလ ၂၆ ရက်နေ့ကို “ကမ္ဘာ့မူပိုင်ခွင့်နေ့” အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့မူပိုင်ခွင့်နေ့ကို ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီးက အဖွဲ့ဝင်နိုင်ငံများမှာ မူပိုင်ခွင့် ဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ပြီး နှစ်စဉ်ကျင်းပခဲ့ပါတယ်။ ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့ကြီးက မူပိုင်ခွင့်နေ့အတွက် မူပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ ဆောင်ပုဒ်တစ်ခုကို နှစ်စဉ်ရွေးချယ် သတ်မှတ်ပေးပါတယ်။ WIPO ရဲ့ ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ဝင်နိုင်ငံများကို အဲဒီဆောင်ပုဒ်နဲ့သက်ဆိုင်တဲ့ သတင်းစကားကို ပြောကြားပေးလေ့ရှိပါတယ်။ WIPO ရဲ့ အဖွဲ့ဝင် နိုင်ငံအသီးသီးက မူပိုင်ခွင့်နေ့အတွက် ချမှတ်ပေးတဲ့ဆောင်ပုဒ်ကို လမ်းညွှန်ချက် တစ်ခုအနေနဲ့ခံယူပြီး မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတ မြှင့်တင်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ကျင်းပပြုလုပ်ကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၀၁ ခုနှစ်မှာ WIPO ရဲ့ ၁၇၆ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ဖို့အတွက် ယခုပညာရေးဝန်ကြီးဌာန (ယခင်သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန)၊ သုတေသနနဲ့ တီထွင်စမ်းသစ်မှုဦးစီးဌာနအောက်မှ ဌာနခွဲတစ်ခုဖြစ်တဲ့ မူပိုင်ခွင့်ဌာနက ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီးနဲ့ အဓိက ဆက်သွယ်ဆောင်ရွက်မယ့် ဌာနအဖြစ် တာဝန်ယူခဲ့ပါတယ်။ မူပိုင်ခွင့်ဌာနအနေနဲ့ မူပိုင်ခွင့်ဥပဒေများ ရေးဆွဲခြင်းနှင့် ပြင်ဆင်ခြင်း၊ မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများ ဖြန့်ဝေခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ မူပိုင်ခွင့်နှင့်စပ်လျဉ်းသော လှုပ်ရှားမှုများ ပြုလုပ်ခြင်းစတဲ့ ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံနှင့် မူပိုင်ခွင့်နေ့အခမ်းအနားများ
မူပိုင်ခွင့်ဌာနအနေနဲ့ ၂၀၁၄ ခုနှစ်ကစပြီး “ကမ္ဘာ့ မူပိုင်ခွင့်နေ့” World IP Day အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့ပါတယ်။ ယခင်နှစ်များမှာ ရန်ကုန် သို့မဟုတ် နေပြည်တော်မှာ မူပိုင်ခွင့်နေ့ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ မူပိုင်ခွင့်နေ့ အခမ်းအနားမှာ မူပိုင်ခွင့်ဌာနရဲ့ မူပိုင်ခွင့်ဥပဒေများနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ပြည်တွင်း ပြည်ပပညာရှင်များ၏ အသိပညာပေး ဟောပြောပွဲများ၊ မူပိုင်ခွင့်ရေးရာ စကားဝိုင်းများ၊ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ကြုံတွေ့ နေရသော ပြဿနာများအပေါ် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။ တီထွင်စမ်းသပ်မှုများ တိုးမြှင့်ရေးအတွက် တက္ကသိုလ်များ၏ သုတေသနပြိုင်ပွဲနှင့် ပြပွဲများ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပြခန်းများ၊ မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသထွက်ကုန်ပြခန်းများ စတဲ့ အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မူပိုင်ခွင့်ဆိုင်ရာ ဗဟုသုတများ မြှင့်တင်နိုင်ရေးအတွက် မူပိုင်ခွင့်နေ့ စာစီစာကုံး ပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများ၊ တီထွင်ဆန်းသစ်မှု သုတေသနပြိုင်ပွဲများ၊ ထုတ်ကုန်ဒီဇိုင်းပြိုင်ပွဲများ၊ မူပိုင်ခွင့် အသိပညာပေး ကာတွန်းပြိုင်ပွဲများ စသည်တို့ကိုလည်း အချို့နှစ်များမှာ ကျင်းပပေးနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် က စတင်ပြီး မူပိုင်ခွင့်နေ့အတွက် ဂုဏ်ပြုသီဆိုတဲ့ သီချင်းများကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။
ယခုနှစ်ရဲ့ ဧပြီလ ၂၆ ရက်နေ့မှာ ကျရောက်မယ့် “မူပိုင်ခွင့်နေ့” အခမ်းအနားကို သတင်းမီဒီယာများ၊ မူပိုင်ခွင့်ဌာနရဲ့ Facebook(IP Myanmar) နဲ့စာစောင်များမှ တစ်ဆင့် မူပိုင်ခွင့်ဆိုင်ရာ သတင်းဆောင်းပါးများ၊ ပိုစတာများ၊ မူပိုင်ခွင့်ကို တိုက်တွန်းနှိုးဆော်တဲ့ ပိုစတာ၊ ကဗျာ နဲ့ အသိပညာပေး ကာတွန်းများကို ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံမှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ မူပိုင်ခွင့်ဥပဒေများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ရဲ့ “မူပိုင်ခွင့်နေ့ အထိမ်းအမှတ်စကားဝိုင်း” အစီအစဉ်မှတစ်ဆင့် အများ ပြည်သူကို မျှဝေသွားမှာဖြစ်ပါတယ်။
စိမ်းလန်းတဲ့အနဂတ်ကို တီထွင်ဖန်တီးကြပါစို့
၂၀၂၀ ပြည့်နှစ် မူပိုင်ခွင့်နေ့အတွက် ချမှတ်ထားတဲ့ ဆောင်ပုဒ်က “ Innovate for a Green Future" စိမ်းလန်းတဲ့ အနာဂတ်ကို တီထွင်ဖန်တီးကြပါစို့” ဖြစ်ပါတယ်။ အနာဂတ်ကမ္ဘာကို သန့်ရှင်းစင်ကြယ်စေရန် ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့နဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် သာယာလှပဖို့အတွက် ယနေ့ဆောင်ရွက်သင့်တဲ့ လမ်းကြောင်းကို ပုံဖော်နိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ စိမ်းလန်းတဲ့ အနာဂတ်ဆိုတာ လေထုအတွင်းမှာ ကာဗွန်ထုလျော့နည်းပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနဲ့ ဥတုရာသီပြောင်းလဲမှုများကို ထိန်းထားနိုင်တဲ့ အနာဂတ်ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုမျိုး စိမ်းလန်းတဲ့အနာဂတ်ကို တည်ဆောက်နိုင်ဖို့အတွက် သိပ္ပံနဲ့နည်းပညာ၊ စိုက်ပျိုးရေး သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးစတဲ့ နယ်ပယ်အသီးသီးမှာ ဆန်းသစ် တီထွင်မှုများကို မြှင့်တင်ကြရန်နဲ့ ထိုသို့တီထွင်မှုတွေ အပေါ်မှာ မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ ရရှိနိုင်ဖို့ အတွက် တွန်းအားပေးတဲ့ လမ်းညွှန်ဆောင်ပုဒ်တစ်ခု ဖြစ်ပါတယ်။
မူပိုင်ခွင့်နဲ့ အသိအမှတ်ပြု တွန်းအားပေးခြင်းအားဖြင့် ယနေ့ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ရာသီဥတု ပြောင်းလဲမှုများ၊ ကမ္ဘာကြီးပူနွေးလာမှုများ၊ ရေလွှမ်းမိုးမှုများ၊ သစ်တော လောင်ကျွမ်းမှုများ၊ ဥတုရာသီ ဖောက်ပြန်မှုများ၊ လေထုအတွင်း ကာဗွန်ပမာဏမြင့်မားလာမှုများ၊ အိုဇုန်းလွှာ ပါးလာမှုကြောင့် ခရမ်းလွန်ရောင်ခြည် ပမာဏ မြင့်မားလာမှုများ၊ စွမ်းအင်အစားထိုး အသုံးပြုနိုင်မှုများ အစရှိတဲ့ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နဲ့ ဖြစ်ပေါ်ဆဲ၊ ဖြစ်ပေါ်လတ္တံ့သော သဘာဝဘေးအန္တရာယ် ဆိုးများကို အဖြေရှာနိုင်တဲ့ ဆန်းသစ်တီထွင်မှုများစွာ ထွက်ပေါ်လာနိုင်မှာဖြစ်ပါတယ်။ ဆန်းသစ်သော နည်းပညာတွေကို အသုံးပြုပြီး အနာဂတ်ကမ္ဘာကြီး စိမ်းလန်းစိုပြည်နိုင်ဖို့အတွက် ရေ၊ မြေ ၊ လေထု စတဲ့ သဘာဝပတ်ဝန်းကျင် ညစ်နွမ်းစေမယ့် အပြုအမူများကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့ကြီးအနေနဲ့လည်း အဖွဲ့ဝင်နိုင်ငံများရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်မယ့် အစီအစဉ်များနဲ့ ဆန်းသစ်တီထွင်မှုများကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုလျက်ရှိပါတယ်။ ဥပမာအားဖြင့် ဥရောပကော်မရှင်အနေနဲ့ ဥရောပသမဂ္ဂ နိုင်ငံများ၌ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်သန့်စင်သည့် နိုင်ငံများအဖြစ် ရပ်တည်သွားနိုင်ရန်အတွက် ရည်ရွယ်ချက်များချမှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ ပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီးက ချမှတ်ပေးတဲ့ဆောင်ပုဒ်ကို လမ်းညွှန်ချက်အဖြစ် မှတ်ယူပြီး အနာဂတ် စိမ်းလန်းစိုပြည်ရေးအတွက် တီထွင်ဖန်တီးနိုင်မှုစွမ်းအားများ မြှင့်တင်နိုင်ရေးနဲ့ မူပိုင်ခွင့်စနစ် အသုံးပြုရေးဆိုင်ရာ လှုပ်ရှားမှုများကို တက္ကသိုလ်များ၊ သုတေသနဌာနများ၊ စိုက်ပျိုးရေး သုတေသနဌာနများ စသည့် သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တက္ကသိုလ်များနဲ့ သုတေသနဌာနများအနေနဲ့ တီထွင်မှုဆိုင်ရာ သတင်းအချက်အလက်များကို ပိုမိုထိရောက်စွာ ရယူအသုံးပြုနိုင်ရေးအတွက် နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုအထောက်အကူပြု စင်တာများ (Technology and Innovation Support Centers - TISCS) နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများကိုလည်း ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ မူပိုင်ခွင့်ဥပဒေများ
မြန်မာနိုင်ငံမှာ မူပိုင်ခွင့်ဥပဒေများဖြစ်တဲ့ စက်မှု ဒီဇိုင်းမူပိုင်ခွင့် ဥပဒေနဲ့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေကို မတ်လ ၁၁ ရက်နေ့နဲ့ စာပေနှင့် အနု ပညာမူပိုင်ခွင့်ဥပဒေကို မေလ ၂၄ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ မူပိုင်ခွင့်ဥပဒေများကို နိုင်ငံတော်သမ္မတရဲ့ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သောနေ့ရက်မှာ စတင် အာဏာတည်စေမှာ ဖြစ်ပါတယ်။ အဆိုပါ မူပိုင်ခွင့်ဥပဒေများကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တာဝန်ခံဝန်ကြီးဌာနအနေနဲ့ တာဝန်ပေးအပ်ထားပါတယ်။ မူပိုင်ခွင့်ဌာနအနေနဲ့ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းစဉ်များကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ဆက်လက်ဆောင်ရွက် လျက်ရှိပါတယ်။
မူပိုင်ခွင့်ဌာနအနေနဲ့ မူပိုင်ခွင့်ဥပဒေများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နည်းဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းများ ပြုစုရေးဆွဲခြင်း၊ မူပိုင်ခွင့် ဦးစီးဌာနနဲ့ လိုအပ်တဲ့အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်နိုင်ရန်နဲ့ လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ခြင်း၊ မူပိုင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက် ခြင်းစသည့်တို့အပြင် ပြည်သူအများကိုလည်း မူပိုင်ခွင့် ဆိုင်ရာ ဗဟုသုတများကိုလည်း ဖြန့်ဝေလျက်ရှိပါတယ်။ မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော်ရာမှာ လူ့စွမ်းအားအရင်းအမြစ်နဲ့ နည်းပညာဆိုင်ရာ လိုအပ် ချက်များနဲ့ အခြားသောလိုအပ်ချက်များ ရှိနေတာကြောင့် ဥပဒေ(၄)ရပ်လုံးကို တစ်ပြိုင်နက်အကောင်အထည်ဖော် ခြင်းထက်ဦးစားပေးအစီအစဉ်အလိုက် ဥပဒေတစ်ခုချင်းစီ အကောင်အထည်ဖော်ခြင်းက ပိုပြီးထိရောက်နိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုမှာ အရေးပါတဲ့ ကုန်အမှတ်တံဆိပ်များကို အကာအကွယ်ပေးနိုင်ဖို့အတွက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ဦးစွာအကောင် အထည်ဖော်ဆောင်ရွက်ဖို့အတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ ပြီးနောက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနဲ့ အနုပညာမူပိုင်ခွင့် ဥပဒေနဲ့ တီထွင်မှု မူပိုင်ခွင့် ဥပဒေတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ရန် ရည်မှန်းထားပါတယ်။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေရဲ့ နည်းဥပဒေရေးဆွဲခြင်း၊ လျှောက်လွှာများ ပြင်ဆင်ခြင်း၊ မူပိုင်ခွင့်မှတ်ပုံတင် အခကြေးငွေများသတ်မှတ်ခြင်းနဲ့ ကုန်အမှတ်တံဆိပ် စစ်ဆေးခြင်း ဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်မယ့် ဝန်ထမ်းများအား လေ့ကျင့်ပညာသင်ကြားမှုများနဲ့ အများပြည်သူကို ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အသိပညာပေးခြင်း၊ စသည်တို့ကို ဆောင်ရွက်လျက်ရှိပါတယ်။
ဥပဒေများကို အကောင်အထည်ဖော်ပေးမည့်ကော်မတီ
အတည်ပြုပြဌာန်းပြီးတဲ့ မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မူပိုင်ခွင့် ဆိုင်ရာ ဗဟိုကော်မတီ၊ အေဂျင်စီနဲ့ ဦးစီးဌာနတို့ကို ဖွဲ့စည်းတည်ထောင်ရမှာ ဖြစ်ပါတယ်။ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီကတော့ မူဝါဒပိုင်းဆိုင်ရာများကို အဓိကဆောင်ရွက်မှာဖြစ်ပြီး မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီနဲ့ မူပိုင်ခွင့် ဦးစီးဌာနအနေနဲ့ မူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၆ ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ က မူပိုင် ခွင့်ဆိုင်ရာ ဗဟိုကော်မတီကို မူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဗဟိုကော်မတီကို ဒုတိယသမ္မတဦးဆောင်ပြီး မူပိုင်ခွင့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဦးဆောင်မှုပေးမှာဖြစ်ပါတယ်။ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ၏ ပထမ အကြိမ် အစည်းအဝေးကို များမကြာမီကာလမှာ ကျင်းပ နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးလူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ စမ်းသစ်တီထွင် ဖန်တီးနိုင်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ တိုးမြှင့်နိုင်ဖို့ကို အထောက်အကူ ပြုနိုင်မယ့် မြန်မာနိုင်ငံရဲ့ မူပိုင်ခွင့် ဥပဒေများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင် ရွက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ။
မြန်မာ့အလင်း


