ခြူးစန္ဒီနွေး

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ကိုဗစ် -၁၉ ကပ်ရောဂါဆိုးကြီးဟာ အချိန်ကာလ ကြာမြင့်ဦးမယ်လို့ သတိပေးခဲ့ပါတယ်။ ကိုဗစ် -၁၉ ကပ်ရောဂါ ကယ်ဆယ်ရေး အစီအစဉ်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး အဆင်ပြေအောင် ပြုလုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဥရောပ ခေါင်းဆောင်တွေကြားမှာ သဘောထားအမြင်တွေ ကွဲလွဲလျက်ရှိပါတယ်။

 

ကန့်သတ်မှုများဖြေလျှော့

 

ကိုဗစ် - ၁၉ ကူးစက်ခံရသူ အရေအတွက် တဖြည်းဖြည်း လျော့ကျလာတာကိုတွေ့မြင်ရပြီး တချို့နိုင်ငံတွေမှာဆိုရင် သန်းနဲ့ချီတဲ့ပြည်သူတွေကို ကန့်သတ်မှုတွေ ဖြေလျှော့ပေးတာတွေ စတင်နေပါပြီ။ အဲဒီနောက် ကမ္ဘာကြီးမှာ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုပြန်လည် ပြင်ဆင်ရမလဲဆိုတာ အကြောင်းအရာတွေနဲ့ လုံးချာလည်လိုက်နေပါတယ်။ အချို့သော နိုင်ငံတွေကျပြန်တော့လည်း အခုမှကပ်ရောဂါကို စတင်တိုက်ဖျက်တဲ့ ကာလဖြစ်နေပါတယ်။ ကိုဗစ် -၁၉ ကပ်ရောဂါက လူပေါင်း ၁၈၀၀၀၀ ကို သေစေခဲ့ပြီး လူပေါင်း ၂ ဒသမ ၆ သန်း ရောဂါကူးစက်ခံထားရပါတယ်။ အဆိုးဆုံးနေရာတွေကတော့ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုပါပဲ။

 

ဒုတိယလှိုင်းကိုကြောက်ရွံ့

 

ဧပြီ ၂၃ ရက်မှာတော့ စတော့ရှယ်ယာဈေးနဲ့ ရေနံဈေးနှုန်းတွေ ပြန်လည်တက်လာခဲ့ပေမယ့် မသေချာ မရေရာမှုတွေကတော့ ရှိနေဆဲပါပဲ။ နိုင်ငံအလိုက် ပိတ်ဆို့ကန့်သတ်မှုတွေကို လျင်လျင်မြန်မြန်ကြီး ဖြေလျှော့ပေးလိုက်ရင် ဒုတိယလှိုင်းလုံးအနေနဲ့ ကိုဗစ် -၁၉ ပြန်လည်ဖြစ်ပွားလာမှာကို အစိုးရတိုင်းက ကြောက်ရွံ့ နေကြပါတယ်။ ကမ္ဘာပေါ်မှာ ကိုဗစ် -၁၉ ကြောင့် ထိခိုက်မှုအများဆုံးဖြစ်တဲ့ ဥရောပမှာတော့ လူပေါင်း ၁၁၀၀၀၀ သေဆုံးခဲ့ရပါတယ်။ ဥရောပခေါင်းဆောင်တွေဟာ အွန်လိုင်းကနေတစ်ဆင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး စီးပွားရေးပြန်လည် နာလန်ထူနိုင်ဖို့ အစီအစဉ်တွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တိုးတက်မှုတွေ မရမှာလည်း ကြောက်ရွံ့နေရပါတယ်။ အဲဒီအတွက် သဘောထား ကွဲလွဲမှုတွေလည်း ရှိခဲ့ပါတယ်။

 

အကူအညီတောင်းခံ

 

တောင်ပိုင်းနိုင်ငံတွေဖြစ်တဲ့ စပိန်နဲ့ အီတလီတို့ဟာ ၂၀၀၉ ခုနှစ် စီးပွားပျက်ကပ်တုန်းကလည်း အကြွေးတွေဝိုင်းခဲ့ရပြီး အခု ကိုဗစ် - ၁၉ ကပ်ရောဂါမှာလည်း ဆိုးဆိုးရွားရွား ထိခိုက်ရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါကြောင့် စပိန်နဲ့ အီတလီတို့ဟာ စီးပွားရေး ပြန်လည်နာလန် ထူနိုင်ရေးအတွက် အကူအညီပေးဖို့ တောင်းခံခဲ့ပါတယ်။ အသက် ၅၃ နှစ်အရွယ် ပိုက်ပြင်သမား တစ်ယောက်ဖြစ်တဲ့ ပီထရိုအိုရန်ကတော့ ဒီလိုကပ်ရောဂါ ဆိုက်ကပ်နေတဲ့ ကာလမှာ သူ့ကိုဘယ်သူမှ အလုပ်မအပ်ကြဘူးလို့ ပြောပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေဖြစ်ကြတဲ့ ဂျာမနီနဲ့နယ်သာလန် နိုင်ငံတို့ကတော့ သူတို့ဟာ ကူညီဖို့အဆင်သင့်ပဲလို့ ပြောကြပါတယ်။ ဒါပေမယ့် ကာလရှည်ကြာကြီးအထိတော့ ဒီအကြွေးတွေကို ပေးထားနိုင်မှာမဟုတ်ဘူး။ မြေထဲပင်လယ်တစ်ဝိုက်က အစိုးရတွေဟာ အသုံးအဖြုန်းကြီး လွန်းတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

 

ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခြင်း မရှိ

 

ညီညီညွတ်ညွတ်ရှိတယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြသတဲ့အနေနဲ့ ဥရောပဘတ်ဂျက်ကို ပိုမိုထည့်ဝင်ဖို့ ပြင်ဆင်သွားမှာဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က ဘာလင်မြို့က လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။ အခုဆိုရင် အဖွဲ့ကြီးအတွင်းက အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံကြား သဘောထားကွဲလွဲမှုတွေ ဘယ်လိုဖြစ်ပေါ်နေ သလဲဆိုရင် အစည်းအဝေးပြီးတိုင်း ပုံမှန်ထုတ်ပြန်နေကျဖြစ်တဲ့ ပူးတွဲကြေညာချက်ကိုတောင် ထုတ်ပြန်နိုင်ခြင်း မရှိဘူးလို့ သံတမန်တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုဟာ အဆိုးဆုံး အခြေအနေထိတော့ မရောက်သေးပါဘူး။ ကပ်ရောဂါကြောင့် ဥရောပစီးပွားရေးဟာ ဧပြီလကစလို့ မကြုံစဖူး ဆိုးဆိုးရွားရွားကို ကျဆင်းနေပါတယ်လို့ စီးပွားရေးသတင်း အချက်အလက်ဆိုင်ရာ ကုမ္ပဏီဖြစ်သည့် IHM Markti က စီးပွားရေးဆိုင်ရာ စစ်တမ်းကောက်ယူမှုအရ သိရပါတယ်။ ငတ်မွတ်မယ့်ဘေးနဲ့ ကြုံရဖွယ်ရှိ စီးပွားရေး အကျပ်အတည်းအပေါ် ဖြေလျှော့ပေးဖို့ကလည်း အစိုးရတိုင်း ဖိအားပေးခံနေရတဲ့ကိစ္စပါပဲ။ ကပ်ရောဂါဆိုးရဲ့ရိုက်ခတ်မှုကြောင့် တချို့သောနိုင်ငံတွေဟာ ငတ်မွတ် ခေါင်းပါးမယ့်ဘေးနဲ့ ကြုံတွေ့ရဖွယ်ရှိကာ လူဦးရေသန်းနဲ့ချီပြီး အလုပ်လက်မဲ့တွေ ဖြစ်လာပါတယ်။ တချို့သော ဥရောပနိုင်ငံတွေမှာတော့ ပိတ်ဆို့ကန့်သတ်ထားမှုတွေကို အနည်းငယ် ဖြေလျှော့ပေးခဲ့ပြီး လူစုလူဝေးပြုလုပ်ခြင်းကိုတော့ ဆက်လက်ကန့်သတ်ထားတုန်းပါပဲ။ ကမ္ဘာ့နိုင်ငံ အသီးသီးက အစိုးရအသီးသီးဟာလည်း တူညီတဲ့ခြေလှမ်းတွေ လျှောက်လှမ်းနေကြပါတယ်။

 

ဗီယက်နမ်နိုင်ငံ၏ အောင်မြင်မှု

 

ဗီယက်နမ်နိုင်ငံမှာလည်း ကိုဗစ် -၁၉ ကူးစက်ခံရသူ နောက်ထပ်မတွေ့တော့တာကြောင့် ဗီယက်နမ် အာဏာပိုင်တွေဟာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေခိုင်းတဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ အောင်မြင်မှုဟာ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ၊ ဗိုင်းရပ်စ်ရှိသူနဲ့ ထိတွေ့မှုရှိသူတွေကို ခြေရာခံ လိုက်နိုင်တာကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

 

သေဆုံးသူမရှိခဲ့

 

အသက်၇၂ နှစ်အရွယ် ဟနွိုင်းဒေသခံတစ်ဦးဖြစ်တဲ့ ငုယင်ထရီနမ်သန်ကတော့ သံသယလူနာတွေနောက် လိုက်တဲ့အဖွဲ့ကပါ။ သူတို့အဖွဲ့ဟာ နောက်ထပ်ကူးစက်ခံရတဲ့လူ တစ်ယောက်မှ မရှိတော့တဲ့အထိ ကြိုးပမ်းရာမှာ ပါဝင်ခဲ့ကြပါတယ်။ သူတို့အဖွဲ့ဟာ လမ်းကြိုလမ်းကြားမကျန် သံသယလူနာတွေနောက် လိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာ ကူးစက်ခံရသူ ၂၆၈ ဦးရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ဘူးလို့ အာဏာပိုင်တွေရဲ့ တွက်ချက်မှုအရ သိရပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတိပေးမှု

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးကတော့ ကိုဗစ် -၁၉ ဟာ ကျွန်တော်တို့နဲ့အတူ အချိန်အကြာကြီး ရှိနေဦးမယ်၊ သွားရမယ့်ခရီးလမ်းဟာ ဝေးသေးတာကြောင့် အမှားမလုပ်မိဖို့ လိုတယ်လို့ပြောခဲ့ပါတယ်။ တချို့ တိုင်းပြည်တွေမှာဆိုရင် ကူးစက်မှုက အခုမှစတင်တာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေကတော့ သေချာတဲ့ ကုသမှုဆေးဝါး ဒါမှမဟုတ် ကာကွယ်ဆေး မရခင်အချိန်အထိတော့ တင်းကျပ်တဲ့ထိန်းချုပ်မှုတွေ ဆက်လက်ထား ရှိနေရဦးမယ်လို့ သတိပေးခဲ့ပါတယ်။

 

အမေရိကန်၏စွပ်စွဲမှုများ

 

တရုတ်နိုင်ငံဟာလည်း ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၃၀ လှူဒါန်းခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကိုပေးမယ့် ရန်ပုံငွေ ဖြတ်တောက်မယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် အခုလို လှူဒါန်းမှုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ တရုတ်ပြည်မှာကိုဗစ် -၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ် တခြားနိုင်ငံတွေကို မကူးစက်မီ ကိုဗစ်-၁၉ ရဲ့ကြောက်မက်ဖွယ် အခြေအနေတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ သမ္မတထရမ့်က စွပ်စွဲခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အများဆုံး အလှူရှင်နိုင်ငံလည်း ဖြစ်ပါတယ်။ အမေရိကန်ဟာ ကိုဗစ် - ၁၉ ကြောင့် ထိခိုက်မှုအများဆုံး နိုင်ငံဖြစ်ပြီး တရားဝင်စာရင်း ဇယား အချက်အလက်တွေအရ အမေရိကန်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၆၅၀၀ ရှိပြီး ၈၄၀၀၀၀ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

 

ကိုးကား - အေအက်ဖ်ပီ