ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် မှုကြောင့် သေဆုံးသူအရေအတွက် နှစ်သိန်း ကျော် ရှိလာပြီလို့ အမေရိကန်တက္ကသိုလ် တစ်ခုဖြစ်တဲ့ ဂျွန်ဟော့ကင်း တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။ အဲဒီလို သေဆုံးသူ ဦးရေ နေ့စဉ်တိုးလာပေမယ့် နိုင်ငံတချို့က ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဖြေလျှော့မှုတွေ ပြုလုပ်ဖို့စီစဉ်နေပြီး နိုင်ငံတချို့ကတော့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ဦးမော့လာစေမယ့် နည်းလမ်းတွေကို ရှာဖွေနေကြတာဖြစ်ပါတယ်။
ကျန်းမာရေးထောက်ခံချက်တွေ
ထုတ်ပေးဖို့ စီစဉ်
ဖြေလျှော့မှုတွေ ပြုလုပ်ရာမှာ ရောဂါ ကနေ ပြန်လည်သက်သာလာသူတွေကို ကျန်းမာရေးထောက်ခံချက်တွေ ထုတ်ပေးဖို့ စီစဉ်နေတဲ့ နိုင်ငံတချို့လည်း ရှိနေခဲ့တာ ကြောင့် ခရီးသွားလာပိတ်ပင်မှုတွေကို လျှော့ချဖို့ကြိုးစားတဲ့ နည်းလမ်းအဖြစ် ပြန်လည်သက်သာလာသူတွေကို ကျန်းမာ ရေးထောက်ခံချက်တွေ မထုတ်ပေးသင့် ကြောင်းနဲ့ ရောဂါမှပြန်လည်သက်သာလာ သူတွေလည်း နောက်တစ်ကြိမ် ထပ်မံ ကူးစက်မှုကို ကာကွယ်နိုင်စွမ်းရှိမှာ မဟုတ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိ ပေးထားပါတယ်။
လတ်တလောလုပ်ဆောင်ခဲ့တဲ့ လေ့လာ မှုများအရ ရောဂါကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာသူတွေဟာ သူတို့ရဲ့ သွေးထဲမှာ ရောဂါကာကွယ်နိုင်စွမ်းရှိတဲ့ ပဋိပစ္စည်းတွေရှိပေမယ့် တချို့ကတော့ ရောဂါကာကွယ်နိုင်စွမ်းရှိတဲ့ ပဋိပစ္စည်းတွေ အနည်းငယ်သာရှိတယ်လို့ ဖော်ပြထားပါ တယ်။ ဂျာမနီ၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတို့ အပါအဝင် နိုင်ငံအများအပြားကတော့ ရောဂါကာကွယ်နိုင်စွမ်းရှိတဲ့ ပဋိပစ္စည်းတွေ အတွက် ပြည်သူတွေရဲ့ သွေးနမူနာကို စမ်းသပ်ဖို့ စတင်လုပ်ဆောင်နေပြီလို့ သိရ ပါတယ်။
အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် ၂ ဒသမ ၉ သန်း ကျော်အထိ ရှိလာခဲ့ပြီး အဲဒီဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှု တွေကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့လည်း ကမ္ဘာတစ်ဝန်းက အစိုးရတွေဟာ အခက် အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ကြီးကလည်း ကာကွယ်ဆေးတွေ တိုးတက်ထုတ်လုပ်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ ပေမယ့် ကိုဗစ်-၁၉ ရောဂါအတွက် ထိရောက်တဲ့ကုသမှုတွေ လုပ်ဆောင်ဖို့ကို တော့ အလှမ်းကွာဝေးနေဆဲပဲဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ အမြင့်ဆုံး အနေအထားကို ရောက်ရှိနေပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက အစိုးရတွေကတော့ ရောဂါကူးစက်မှု ဒုတိယ လှိုင်းအတွက် ပြင်ဆင်ဖို့သတိပေးချက်ကို ဆန့်ကျင်ပြီး အသွားအလာကန့်သတ် ထိန်းချုပ် မှုတွေကို ဖြေလျှော့ပေးဖို့ စတင်နေတဲ့အပြင် စီးပွားရေး ပြန်လည်ဦးမော့လာဖို့အတွက် ကြိုးပမ်းမှုတွေကို လုပ်ဆောင်လျက်ရှိပါ တယ်။
အာမခံချက် မရှိသေး
ရောဂါပိုးတွေ့ရှိပြီး ပြန်လည်သက်သာ လာသူတွေဟာ နောက်တစ်ကြိမ် ထပ်မံ ကူးစက်မှုကို ခုခံနိုင်စွမ်းရှိတယ်ဆိုတဲ့ အာမ ခံချက်မရှိသေးဘူးလို့လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဧပြီ ၂၄ ရက်က သတိပေးပြောကြား ခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းတွေ သီတင်းပတ် ပေါင်းများစွာပိတ်ထားပြီးနောက် လုပ်ငန်းခွင် ကို ပြန်လည်ဝင်ရောက်နိုင်မယ့်နည်းလမ်း အဖြစ် ရောဂါမှပြန်လည်သက်သာလာသူတွေ ကို ကျန်းမာရေးထောက်ခံချက်တွေ ထုတ်ပေးဖို့ အစိုးရတွေက လုပ်ဆောင်လာခဲ့ပြီးတဲ့နောက် မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အခုလိုသတိ ပေးချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကနေ ပြန်လည် သက်သာလာသူတွေနဲ့ ရောဂါကာကွယ်တဲ့ ပဋိပစ္စည်းတွေဟာ ကိုဗစ်-၁၉ ရဲ့ ဒုတိယ အကြိမ် ရိုက်ခတ်လာနိုင်တဲ့ လှိုင်းဂယက်ကို ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတဲ့ အာမခံချက် အခုအချိန်အထိ မရှိသေးဘူးလို့လည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ကြေညာချက်တစ်စောင် မှာ ပြောကြားခဲ့ပါတယ်။
လူဦးရေ ၄ ဘီလီယံကျော်လောက်ဟာ အသွားအလာကန့်သတ်မှုဆိုင်ရာ ညွှန်ကြား ချက် ဒါမှမဟုတ် မိမိအိမ်မှာသာ နေထိုင်ရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေရဲ့အောက်မှာ ရှိနေ ဆဲဖြစ်ပြီး ထိန်းချုပ်ဟန့်တားမှုတွေကို ဘယ်လိုတည်ငြိမ်စွာဖြေလျှော့ပေးမယ်၊ ကျောင်း တွေကို ဘယ်အချိန်ပြန်ဖွင့်မယ်၊ စီးပွားရေး လုပ်ငန်းတွေကို ဘယ်လိုပြန်စမယ်ဆိုတာနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဦးမော့ လာအောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာ တွေနဲ့ပတ်သက်ပြီး အစိုးရတွေကလည်း အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။
ဂျာမနီနိုင်ငံက ထောင်နဲ့ချီတဲ့စမ်းသပ်မှု တွေ ပြုလုပ်ခဲ့သလို တခြားနိုင်ငံတွေကလည်း ရောဂါကနေ ကင်းလွတ်ခွင့်အဆင့်ကို သတ်မှတ် နိုင်ဖို့ ကြိုးပမ်းမှုတွေကို ကိုယ်စီဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ဆေးထုတ်လုပ်မှုကို တိုးတက်လုပ်ဆောင်ဖို့ အတွက် မကြုံစဖူးကြိုးပမ်းမှုတစ်ရပ်ကို ပူးပေါင်းလုပ်ဆောင်ကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေကို တောင်းဆိုထားတာဖြစ်ပါ တယ်။
ဒါ့အပြင် “ကျွန်ုပ်တို့ဟာ ဘယ်အရာနဲ့မှ မတူတဲ့ ကမ္ဘာလုံးဆိုင်ရာဘုံရန်သူနဲ့ ရင်ဆိုင်နေ ရတယ်။ ကိုဗစ်-၁၉ ရောဂါကနေ လွတ်မြောက် တဲ့ ကမ္ဘာတစ်ခုအတွက် သမိုင်းမှာ ကြီးမား များပြားလှတဲ့ ပြည်သူ့ကျန်းမာရေး ကြိုးပမ်းမှု လိုအပ်တယ်”လို့လည်း ကုလသမဂ္ဂအတွင်းရေး မှူးချုပ်က ဗီဒီယိုကွန်ဖရင့်တစ်ခုမှာ ပြောကြား ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နေရ
ဘယ်လိုကာကွယ်ဆေးပဲဖြစ်ဖြစ် လူတိုင်း အတွက် ဘေးအန္တရာယ်ကင်းဖို့လိုသလို ဝယ်ယူ နိုင်စွမ်းရှိတဲ့ ဈေးနှုန်းလည်းဖြစ်သင့်တယ်။ ဒါ့အပြင် အားလုံးလက်လှမ်းမီနိုင်မယ့်ဆေး လည်း ဖြစ်သင့်တယ်လို့ ဂျာမနီနဲ့ ပြင်သစ် နိုင်ငံတို့မှ နိုင်ငံခေါင်းဆောင်တွေတက်ရောက် ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့တာဖြစ်ပါတယ်။
အနောက်နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် နေ့စဉ်သေဆုံးသူ အရေအတွက်ဟာ ကျဆင်းလာတယ်လို့ ထင်ရ ပေမယ့် တချို့နိုင်ငံတွေကတော့ ကိုရိုနာ ဗိုင်းရပ်စ်ကို တိုက်ဖျက်နေရဆဲအဆင့်သာ ရှိသေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း က သတိပေးပြောကြားခဲ့ပါတယ်။
အဆိုးရွားဆုံးခံခဲ့ရ
လက်ရှိမှာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူဦးရေ ၂၀၀၆၉၈ ဦး ရှိသွားပြီဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါဒဏ်အခံရဆုံး နိုင်ငံဟာ အမေရိကန်နိုင်ငံပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၅၀၀၀၀ ကျော်ရှိသွားပြီဖြစ် သလို ကူးစက်ခံရသူအရေအတွက်ကလည်း ၉၆၀၀၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားကတည်းက အလုပ်အကိုင် ၁၆ သန်းဆုံးရှုံးမှုနဲ့အတူ ကပ်ရောဂါရဲ့ ရိုက်ခတ် မှုကို အဆိုးရွားဆုံးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံက ခေါင်းဆောင် တွေဟာ ခပ်ခွာခွာနေခြင်းဆိုတဲ့ ဆောင်ရွက် ချက်ကို ဖြေလျှော့ပေးဖို့ နည်းလမ်းတွေကို ရှာဖွေရေးအတွက် ဖိအားတွေအောက်မှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံနဲ့ အခြားသောနိုင်ငံ တွေဟာ လုပ်ငန်းတွေပြန်လည်စတင်ဖို့ အသွား အလာထိန်းချုပ်ဟန့်တားမှုတွေ ဖြေလျှော့ ပေးဖို့ လုပ်ဆောင်နေပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ဒုတိယအများဆုံး နိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံကတော့ နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှုတွေကို ဖြေလျှော့ ပေးရေး ဆုံးဖြတ်ချက်ချဖို့ စောင့်ဆိုင်းနေတာ ဖြစ်ပြီး မတ် ၉ ရက်ကနေ စတင်ခဲ့တဲ့ အသွား အလာ ကန့်သတ်မှုကို မေလအစပိုင်းမှာ ဖြေလျှော့ပေးသွားဖို့ရှိနေတာဖြစ်ပါတယ်။
အမ်ဘာတိုမာရန်ဂိုလို ပရော်ဖက်ရှင်နယ် အီတလီ စက်ဘီးစီးသမားတချို့ကတော့ တူရင်မြို့တစ်ဝန်း သူ့ရဲ့စက်ဘီးပေါ်မှာ စားနပ်ရိက္ခာတွေတင်ပြီး လိုက်လံရောင်းချ ရတာကို ကျန်းမာစွာနေထိုင်နိုင်ရေး နည်းလမ်းနဲ့ကိုက်ညီမှုရှိပြီး ကူညီရာလည်း ရောက်တဲ့အတွက် ကာလရှည်အသွားအလာ ကန့်သတ်ထားတာကို သဘောတူလက်ခံ ထားတာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံအပါအဝင် အခြား သော ဥရောပနိုင်ငံတချို့က မေလလယ်မှာ အသွားအလာကန့်သတ်မှုတွေ ဖြေလျှော့ပေးရေးကြေညာဖို့ရှိနေတဲ့အပြင် သီရိလင်္ကာ နိုင်ငံကလည်း သီတင်းငါးပတ်ကြာပြီးနောက် နိုင်ငံတစ်ဝန်း ညမထွက်ရအမိန့်ကို ဧပြီ ၂၇ ရက်မှာ ဖြေလျှော့သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံကတော့ အသွား အလာကန့်သတ်မှုကို မေ ၁၁ ရက်တိုင်အောင် ဆက်လက်ထားရှိမယ်လို့ ဆိုပါတယ်။
ကူးစက်ခံရသူ
၂ ဒသမ ၉ သန်းကျော်ရှိလာ
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂ ဒသမ ၉ သန်းကျော်ရှိလာ ခဲ့ပြီး သေဆုံးသူအရေအတွက် နှစ်သိန်း ကျော်ရှိလာချိန်မှာပဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာ သူတွေကို ကျန်းမာရေးထောက်ခံချက် ထုတ်ပေးဖို့ နိုင်ငံအတော်များများက စီစဉ် နေကြပါတယ်။ ဒါ့အပြင် တချို့သောနိုင်ငံ တွေကတော့ ရောဂါကနေ ပြန်လည် သက်သာလာသူတွေကို လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခွင့်နဲ့ ခရီးသွားလာ ခွင့်တွေပေးဖို့အထိ စီစဉ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ရောဂါပြန်လည်သက်သာလာသူတွေဟာ နောက်တစ်ကြိမ် ထပ်မံကူးစက်မှုကို ကာကွယ်နိုင်လိမ့်မယ်ဆိုတဲ့ အာမခံချက် မရှိဘူးလို့ သတိပေးထားတာဖြစ်ပါတယ်။
ကိုးကား-အေအက်ဖ်ပီ
အလင်းသစ်
ကြေးမုံ


