ကျော်လွင်ဦး(မိုးဇလ)

 

၂၀၂၀ ပြည့်နှစ်ရဲ့ နွေကာလအလွန် မိုးကြိုကာလတွေမှာ အနောက်ဘက်က သမပိုင်း မိုးလေဝသ အခြေအနေတွေ စိုးမိုးနေမှုနဲ့အတူ မိုးလေဝသအခြေအနေ အပြောင်းအလဲတွေ ဖြစ်ပေါ်စေတတ်တဲ့ ဘင်္ဂလားပင်လယ်အော်ရဲ့ မုန်တိုင်းဆင်မယ့် အရိပ်အယောင်ပြ ပုံရိပ်တွေကို ဧပြီလ ဒုတိယ ဆယ်ရက်ပတ်အကုန်မှာ နေ့စဉ်တွေ့ရှိလာခဲ့ပါတယ်။ ဒီကာလမှာ ဖြစ်တတ်တဲ့ လေထုသဘာဝဘေး ဖြစ်စဉ်တွေထဲက ဘင်္ဂလားပင်လယ်အော် မုန်တိုင်းတွေရဲ့ ယေဘုယျစရိုက် လက္ခဏာတွေနဲ့ မုန်တိုင်းဖြစ်ပေါ်နိုင်မှုဆိုင်ရာ တွေ့ရှိချက် အခြေအနေတွေကို ဆွေးနွေးတင်ပြ လိုက်ပါတယ်။ ။

 

ဘင်္ဂလားပင်လယ်အော် မုန်တိုင်းတွေရဲ့ယေဘုယျစရိုက်လက္ခဏာများ

 

ဘင်္ဂလားပင်လယ်အော် မုန်တိုင်းတွေက ဧပြီလ၊ မေလ၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ အဖြစ်များ ကြပါတယ်။ အထူးသဖြင့် ရာသီအစ ဧပြီလ၊ မေလမှာ မုန်တိုင်းတွေဖြစ်ခဲ့ရင် စွမ်းအင်အလွန်များလို့ အင်အား ပြင်းထန်တတ်ပါတယ်။ ဒါပေမဲ့ မုန်တိုင်းတွေရဲ့ စရိုက် လက္ခဏာတွေက တစ်ခုနဲ့တစ်ခု မတူတာတွေ အများကြီး ရှိသလို တူတာတွေလည်း များပါတယ်။ ဆိုင်ကလုန်း၊ တိုင်ဖွန်း၊ ဟာရီကိန်းလို့ အမည်နာမတွေ မတူပေမယ့် အဖျက်စွမ်းအားပေးတာကတော့ အတူတူဖြစ်ပါတယ်။ မုန်တိုင်းတွေ စတင်ဖြစ်ပေါ်တဲ့နေရာကတော့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၊ အရှေ့တောင်ပိုင်းမှာ အဖြစ်များပါတယ်။ စတင်ဖြစ်ပေါ်ဖို့ကတော့ ပူနွေးတဲ့ ပင်လယ်ရေ မျက်နှာပြင် အပူချိန်၊ လေထုအောက်ပိုင်း လေဝဲဖြစ်ပေါ်မှု၊ မုန်တိုင်းစတင်ဖြစ်မယ့်နေရာအနီး လေထု အထက်၊ အောက် လေအလျဉ် ရွဲ့စောင်းမှု အနည်း၊ အများ၊ လေထု အလယ်ပိုင်း ရေငွေ့ အလုံအလောက်ရရှိနေမှု၊ လေထု မတည်ငြိမ်မှု အခြေအနေတွေက အဓိကအချက်တွေ ဖြစ်ပါတယ်။ သတင်းနည်းပညာခေတ်ရဲ့ တိုးတက်လာမှုနဲ့အတူ မုန်တိုင်း စဖြစ်လာနိုင်မယ့် လေဖိအားနည်းရပ်ဝန်း တစ်ခုကို မိုဘိုင်းဖုန်းတွေမှာတောင် ငါးရက်ကနေ ၁၀ ရက်အတွင်း ကြိုတင်ပြီးရနေတဲ့ အခြေအနေဖြစ်ပါတယ်။

 

 

မုန်တိုင်းတစ်လုံးစီတိုင်းမှာ စရိုက်သဘာဝ တစ်မျိုးစီ ရှိတတ်ကြလို့ မုန်တိုင်းခန့်မှန်းသူတွေအနေနဲ့ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင်မှုကို သင်္ချာပုံစံ တွက်ချက်မှုတွေနဲ့အတူ လေထု၊ ရေထု အခြေအနေတွေ ဘက်စုံ စောင့်ကြည့်သုံးသပ်ခြင်း၊ မုန်တိုင်းငယ် ဖြစ်လာပြီဆိုရင် အင်အားအဆင့်ကို ဂြိုဟ်တုတိမ်ပုံနဲ့ အခြေခံသတ်မှတ်ထားတဲ့ Dvorak Technique နဲ့အတူ တိမ်စုဖွဲ့မှုပုံစံအလိုက် မုန်တိုင်းငယ် T-Number ( ၁ ဒသမ ၅ ) ကနေ မုန်တိုင်းကြီး T-Number ( ၈ ဒသမ သုည ) အထိ အဆင့်ဆင့် အကဲဖြတ်လျက် မုန်တိုင်းအင်အားကို သတ်မှတ်ကြပါတယ်။ တိုင်းထွာချက်နည်းပါးတဲ့ ပင်လယ်ပြင်မှာ မုန်တိုင်းအဆင့်အင်အားကို T-Number နဲ့ ဆုံးဖြတ်တာ အလွန်အသုံးဝင်ပြီး မုန်တိုင်းအဆောက်အဦ ကမ်းခြေနား ရောက်ရှိလာပါက မုန်တိုင်းရေဒါများ၊ မိုးလေ၀သစခန်းမှ တိုင်းထွာတဲ့လေထု ဖိအားနဲ့ မြေပြင်တိုက်လေလာရာအရပ်၊ လေတိုက်နှုန်းတို့ဟာ အလွန်ပဲ အရေးပါတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ မုန်တိုင်းတွေရဲ့ အင်အားကောင်းမှု အခြေအနေတွေကတော့ အလွန်ရှုပ်ထွေးတဲ့ လေထုရူပဗေဒဆိုင်ရာ ဖြစ်စဉ်တွေပါဝင်နေပြီး အဓိကအနေနဲ့ ရေခိုးရေငွေ့ ရရှိမှုနဲ့ လေထု အထက်၊ အောက် လေအလျဉ်ပြောင်းလဲမှု အနည်း၊ အများတို့က အရေးပါကြောင်း တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ မုန်တိုင်းတွေက ဘယ်လိုနေရာတွေကို ဝင်ရောက်တာလဲ ဆိုတော့ လေစုဆုံမှုများတဲ့ ဒေသတွေ၊ လေထုမတည်ငြိမ်မှု များတဲ့ ဒေသတွေ၊ လေထုဖိအား ကျဆင်းတဲ့ ဒေသတွေကို ဝင်ရောက်ပါတယ်။ ကမ်းရိုးတန်း မိုးလေဝသစခန်းတွေရဲ့ နာရီအလိုက် လေထုဖိအား ပြောင်းလဲနှုန်းကိုကြည့်ရင် သိသာစွာတွေ့ရပါတယ်။ မြန်မာ့ကမ်းရိုးတန်းကို မုန်တိုင်းတွေဝင်ခါနီးမှာ ရုတ်တရက် အင်အားကောင်းလာခြင်း ရှိ၊ မရှိကို မုန်တိုင်းခန့်မှန်းသူတွေ စောင့်ကြည့်ရမယ့် အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ကမ်းခြေ ဝင်ခါနီးမှ ရုတ်တရက် အင်အားကောင်းလာတာကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ဂီရိမုန်တိုင်းကြီးမှာ ကြုံတွေ့ခဲ့ရပြီး Cyclone Rapid Intensification (RI) ဖြစ်စဉ်ကို သုတေသီတို့ အလေးထားလာကြတာ တွေ့ရပါတယ်။ မုန်တိုင်းတွေဟာ ကုန်းတွင်းဝင်ရောက်ပြီးနောက် ၂၄ နာရီအတွင်း အားပျော့သွားတတ်ပေမယ့် ကမ်းခြေ ဝင်ရောက်ချိန် အင်အားကြီးမားပါက ကုန်းတွင်းမုန်တိုင်းအဖြစ် နှစ်ရက်ကနေ သုံးရက်လောက်အထိ ရှိနေပြီးမှ အားပျော့သွားလေ့ရှိပါတယ်။ ။

 

မုန်တိုင်းများကြောင့် ဒေသအလိုက် ယေဘုယျ ဘေးကျရောက်နိုင်မှု

 

ပထဝီဝင်အနေအထားကြောင့် ယပ်တောင်ပုံစံ ရှိနေတဲ့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေဟာ သက်တမ်းကြာရှည်ခွင့် မရပါဘူး။ မြောက်ဘက်ရောက်လေ ရေပြင်ဧရိယာ ကျဉ်းသွားပြီး ရေငွေ့စွမ်းအင် အလုံအလောက် မရတော့လို့ ကမ်းခြေကို ဝင်ရောက်တဲ့အခါ အဓိကအားဖြင့် မိုးသည်းထန်ခြင်း (Torrential Rain)၊ ပြင်းထန်တဲ့လေပြင်းတွေ (Violent Wind) တိုက်ခတ်ခြင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းဒီရေ (Storm Surge) တက်ရောက်ပါတယ်။ အားကောင်းတဲ့ မုန်တိုင်းကြီး ကမ်းခြေနားမှာ ရောက်လာရင် အလွန်အားကောင်းတဲ့ မိုးတိမ်တောင်ကြီးတွေ လျင်မြန်စွာရွေ့လျားတာကြောင့် မိုးသက်လေပြင်းတွေ မကြာခဏ ကျရောက်တာ၊ ပင်လယ်ပြင်မှာ လှိုင်းအလွန်ကြီးတာ၊ လေဆင်နှာမောင်း တိုက်ခတ်တာ၊ စိုက်ဆင်းလေပြင်း တိုက်ခတ်တာမျိုးတွေ ဖြစ်ပါတယ်။ မုန်တိုင်းဒီရေ ဝင်ရောက်မှုကတော့ မုန်တိုင်းဖြတ်ကျော်တဲ့ ဒေသအတွင်းမှာ ကြုံတွေ့ရပြီး ပင်လယ်ဒီရေကြွရက်တွေ နဲ့တိုက်ဆိုင်ပါက မုန်တိုင်းဒီရေအမြင့် ပိုလေ့ရှိပါတယ်။ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ လက်မနဲ့အထက် မိုးကြီးသည်းထန်နိုင်တာ၊ တစ်နာရီ မိုင် ၁၀၀ ခန့် ပြင်းထန်တဲ့ လေပြင်းကျရောက်မှုတွေကိုလည်း ဒေသအလိုက် ကြုံတွေ့ရနိုင်ပြီး ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်း ဘေးတွေကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတွေမှာ ကြုံတွေ့ရလေ့ရှိပါတယ်။

 

၂၀၂၀ပြည့်နှစ် ဧပြီလ ၂၈ ရက်နေ့ မိုးလေဝသအခြေအနေတွေနဲ့ မုန်တိုင်းဖြစ်နိုင်ခြေ

 

ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်ကိုယ်စား၊ ဘင်္ဂလားပင်လယ်အော် နိုင်ငံတွေအတွက် မုန်တိုင်းဆိုင်ရာ ခန့်မှန်းချက်၊ သတင်း၊ အကြံပြုချက်တွေ ပေးပို့ထုတ်ပြန်ပေးနေတဲ့ အိန္ဒိယနိုင်ငံ မိုးလေဝသဌာနရဲ့ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် ထုတ်ပြန်တဲ့ ဒေသဆိုင်ရာ မိုးလေဝသ ခန့်မှန်းချက်မှာတော့ ဧပြီလ ၃၀ ရက်နေ့လောက်မှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး နောက်နှစ်ရက်လောက်မှာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ကြောင်း၊ နောက် ၂၄ နာရီအတွင်း အားကောင်းတဲ့ မုန်တိုင်းငယ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားပါတယ်။

 

မုန်တိုင်း သတင်း၊ သတိပေးချက်များ

 

မြန်မာ့မိုးလေဝသအခြေအနေက ဘင်္ဂလားပင်လယ်အော်မှာ တစ်ခုခု ထူးခြားမှုရှိတာနဲ့ ပြောင်းလဲသွားတတ်လို့ နေ့စဉ်မိုးလေဝသ ခန့်မှန်းချက်တွေမှာ ဘင်္ဂလားပင်လယ်အော်အခြေအနေကို ပထမဆုံး ကြေညာပေးနေရတာ ဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်လာခဲ့ရင် အဝါရောင် မုန်တိုင်းသတင်း၊ မြန်မာ့ကမ်းရိုးတန်းကို မုန်တိုင်း ဦးတည်လာရင်တော့ လိမ္မော်ရောင် မုန်တိုင်း သတိပေးချက်အဆင့်နဲ့ ထုတ်ပြန်ပေးပါတယ်။ မုန်တိုင်းကမ်းခြေကို မဖြတ်ကျော်မီ ၁၂ နာရီမှာ အနီရောင် သတိပေးချက်နဲ့ မုန်တိုင်းကမ်းဖြတ်နေချိန်မှာ အညိုရောင် သတိပေးချက်တွေ ထုတ်ပြန်ပေးပါတယ်။ မုန်တိုင်း အန္တရာယ် ကင်းရှင်းသွားချိန်မှာတော့ အစိမ်းရောင်အဆင့်နဲ့ သတင်းတွေ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ဂီရိမုန်တိုင်းမှာတော့ အဝါ၊ လိမ္မော်၊ အနီ၊ အညို၊ အစိမ်းရောင် သတိပေးချက်တွေနဲ့ မုန်တိုင်းကြိုတင်သတိပေးစနစ် အောင်မြင်ခဲ့တာ တွေ့ရပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေ နဲ့ ၂၀၂၀ ပြည့်နှစ် မေလဆန်းမှာ မုန်တိုင်းဖြစ်ပေါ်ခဲ့ပါက မြန်မာ့ကမ်းရိုးတန်းဆီကို ဦးတည်ခဲ့ရင်လည်း အရင်အတွေ့အကြုံကောင်းတွေကို ပေါင်းစပ်ပြီး ဒေသတွင်း မိုးလေဝသဗဟိုဌာနတွေရဲ့ သတင်းအချက်အလက်တွေ၊ ခန့်မှန်းချက်တွေ၊ မြေပြင်မိုးလေဝသ တိုင်းထွာချက်တွေ၊ သတင်းအချက်အလက်တွေနဲ့အတူ မုန်တိုင်းသတင်း၊ သတိပေးချက်တွေ ဆက်တိုက်ထုတ်ပြန်ပေးသွားဦးမှာ ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြလိုက်ပါတယ်။ ။

 

ကြေးမုံ