ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် သတင်းမီဒီယာတဲ့”

“ဘယ်လိုအဓိပ္ပာယ်နဲ့ ရေးတာလဲဆရာ”

“ဖတ်ကြည့်ကြစို့ဗျ”

 

ကျွန်တော်သတင်းထောက်

 

သတင်းစာဆရာကြီး လူထုဦးလှရေးသားသော “ကျွန်တော်သတင်းထောက်” စာအုပ်အကြောင်း ကြေးမုံ တွင် ကျွန်တော်ရေးသားတင်ပြခဲ့သည်။ ဘာ့ကြောင့် ရေးသားခဲ့ရသလဲ။ ရည်ရွယ်ချက်ရှိသည်။ တစ်ချိန်တစ်ခါက မြန်မာ့သတင်းမီဒီယာလောကနှင့် ယနေ့ သတင်းမီဒီယာလောကအကြောင်း နှိုင်းယှဉ် သိစေလို၍ ဖြစ်သည်။ ဆက်စပ်လေ့လာလို၍လည်း ဖြစ်သည်။

 

သတင်းမှန်

 

သတင်းမှန်သိဖို့၊ သတင်းမှားဖယ်ဖို့ အထူးလိုအပ်သည်။ လူထုက အမှန်အမှား ခွဲခြားသိချင်သည်။ လူထုကိုလိမ်ညာ လှည့်ဖျားသူများရှိသည်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ စသည့်ဖြင့် ထိုးနှက်တိုက်ခိုက်မှုများ ရှိစမြဲဖြစ်သည်။ ထိုအခါ သတင်းမှန်သိဖို့ အရေးကြီးလာသည်။ သတင်းမှန် ထုတ်ဖော်ရမည့် အဓိကတာဝန်ရှိသူများမှာ သတင်းထောက်များ ဖြစ်လာသည်။ သတင်းထောက်များ၏ စေတနာသည် လူထုအတွက် အထူးအရေးပါလာသည်။ သတင်း မီဒီယာသည် ခေတ်၏ကြေးမုံ ဖြစ်လာလေသည်။ ထို့ကြောင့် မြန်မာ့သတင်းမီဒီယာသမိုင်းကို လေ့လာဖို့ လိုအပ်လှပေသည်။

 

သူတို့ပြောသည့် မြန်မာ့သတင်းမီဒီယာသမိုင်း

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂၀၁၈ ၊ မေလတွင် ထုတ်ဝေခဲ့သော “သူတို့ပြောသည့် မြန်မာ့သတင်း မီဒီယာသမိုင်း” စာအုပ်အကြောင်း တင်ပြလိုသည်။ ထုတ်ဝေသူဦးသိမ်းစိုး (သတင်းမီဒီယာကောင်စီဝင်) ဖြစ်သည်။ သတင်းလောကသားများ ဖတ်ရှုသင့်သော စာအုပ်ဖြစ်ပါသည်။

 

ဦးခင်မောင်လေး၏ ဥယျောဇဉ်

 

ဆရာကြီး ဦးခင်မောင်လေး (ဖိုးသောကြာ-ခေတ်+မိုး) က ဥယေျာဇဉ် ရေးသားထားသည်။ ထိုစဉ်က ဆရာကြီးသည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေချိန် ဖြစ်ပါသည်။ စာအုပ်ထုတ်ဝေရေးကော်မတီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က အမှာရေးသည်။ ။

 

စာတမ်းများ

 

စုစုပေါင်းစာတမ်း ၁၂ စောင် ဖြစ်သည်။ ယင်းတို့မှာ

၁။ မြန်မာနိုင်ငံ သတင်းမီဒီယာအဖွဲ့အစည်းများသမိုင်း

စာတမ်းရှင် ဦးခင်မောင်လေး (ဖိုးသောကြာ-ခေတ်+ မိုး) နှင့် ဦးကျော်စွာမင်း (D.မင်း)

 

၂။ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ သတင်းမီဒီယာများ

စာတမ်းရှင် ဦးအောင်လှထွန်း

 

၃။ မြန်မာနိုင်ငံ သတင်းမီဒီယာသမိုင်း

စာတမ်းရှင် ဟံသာဝတီ ဦးအုန်းကြိုင်

 

၄။ ကုန်းဘောင်ခေတ် မြန်မာ့ကြေးနန်း မီဒီယာစာ

စာတမ်းရှင် ဒေါက်တာမျိုးသန့်တင်

 

၅။ မြန်မာသတင်းမီဒီယာသမိုင်းမှ စိတ်ဝင်စားဖွယ်အချို့သော ဖြစ်ရပ်များ

စာတမ်းရှင် ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)

 

၆။ အထက်မြန်မာနိုင်ငံထုတ် သတင်းစာများ

စာတမ်းရှင် ဦးကျော်ရင်မြင့်

၇။ သတင်းစာဆရာကောင်းဖြစ်နည်း

စာတမ်းရှင် ဦးချစ်နိုင် (ချစ်နိုင်-စိတ်ပညာ)နှင့် ဦးတင်မောင်ဦး

 

၈။ ရန်ကုန်မြူနီစီပါယ်လုပ်ငန်းများ အရွေ့များနှင့်အနာဂတ်ရန်ကုန်

စာတမ်းရှင် သန်းမြင့်အောင်

 

၉။ သတင်းမီဒီယာသမားများ သိထားသင့်သည့်ဥပဒေအချို့

စာတမ်းရှင် ဦးဟန်ညွန့် (ဥပဒေ)

 

၁၀။ နိုင်ငံရေးနှင့် သတင်းစာဆရာ၏ မဟာဗျူဟာရည်မှန်းချက်

စာတမ်းရှင် ဒေါက်တာတင်ထွန်း (သထုံတင်ထွန်း)

 

၁၁။ မြန်မာသတင်းမီဒီယာနှင့် အမျိုးသမီး

စာတမ်းရှင် သင်းသင်းသာ

 

၁၂။ မြန်မာ့မီဒီယာနှင့် မြန်မာနိုင်ငံရေး

စာတမ်းရှင် သားကြီး မောင်ဇေယျနှင့် မျိုးကိုမျိုး တို့ဖြစ်ကြသည်။

 

ကောက်နုတ်ချက်

 

စာတမ်း ၁၂ စောင်စလုံး ဖတ်ရှုမှတ်သားဖွယ်ရာချည်း ဖြစ်ပါသည်။ ကျွန်တော် လက်လှမ်းမီရာ ကောက်နုတ် တင်ပြပါရစေ။

 

ဟံသာဝတီ ဦးအုန်းကြိုင်

 

ဆရာကြီးဟံသာဝတီဦးအုန်းကြိုင်က “သတင်းမီဒီယာ သမိုင်းသည် အဓိကအားဖြင့် သတင်းစာမှ စခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။ သတင်းစာသည် ပြည်သူလူထုနှင့် မကင်းကွာရသော၊ အမြဲထိတွေ့ ဆက်ဆံရသော ကြေညာမောင်းသမားကြီးသဖွယ်ဖြစ်ပါသည်။ ကမ္ဘာ့ကြည့်မှန် တစ်ချပ်ဟုလည်း တင်စားကြပါသည်။ ရတနာပုံခေတ် ပညာရှင်အမတ် ဝန်ကြီးပဒေသရာဇာက သတင်းစာဆရာများကို “ပြည်ကြီးပခုံး၊ ပြည့်မျက်လုံး” ဟု မဏိရတနာပုံ ကျမ်းတွင် ပမာနှိုင်းတု ပြုစုခေါ်ဆိုခဲ့ပါသည်” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာသမိုင်း စာတမ်းကို နိဒါန်းသွယ်ထားပါသည်။

 

သတင်းမီဒီယာ သတင်းစာတို့သည် နာရီ၊ မိနစ်၊ စက္ကန့်နှင့်အမျှ နေ့စဉ်ဖြစ်ပျက် ပြောင်းလဲနေသော လူ့လောက အခြေအနေအရပ်ရပ် ဖြစ်စဉ်ထုပ္ပတ် အကြောင်းရပ်တို့ကို စဉ်တိုက်ဆက်တိုက် ဖော်ပြပေးနေပါသည်။ သတင်းစာ၏ ကျေးဇူးကြောင့် တိုင်းရေးပြည်ရေး၊ မြို့ရေး၊ ပြရေးများမှအစ ကမ္ဘာ့ရေးရာ သတင်းများကို အချိန်မီ သိရှိနေကြရပါသည်။ သတင်းစာသည် အမည်နှင့် လိုက်လျောညီစွာ အရပ်ရပ် သတင်းများကို စာဖြင့် ရေးသားဖော်ပြထားခြင်းဖြစ်သည်။ သတင်းစာ (သို့မဟုတ်) သတင်းမီဒီယာ လုပ်ငန်း၏ အဓိကအချက်မှာ သတင်းဖြန့်ချိမှုပင်ဖြစ်သည်။ သတင်းစာ၊ သတင်းမီဒီယာများ မပေါ်မီ ရှေးကျလွန်းသော ခေတ်အခါက လူတို့သည် ကင်းစခန်းတစ်ခုမှ ကင်းစခန်း တစ်ခုသို့ အုန်းမောင်း (သို့မဟုတ်) ကုလားတက်များ၊ သံတိုသံရှည် တီးခေါက်အချက်ပေး သတင်းပို့ကြရသည်။ သားရေဖြင့် စည်းကြပ်ထားသော စည်းများကို ရိုက်တီး၍ တစ်စခန်းမှ တစ်စခန်း၊ တစ်ရွာမှ တစ်ရွာသို့ သတင်းပေးပို့လေ့လည်း ပြုခဲ့ကြသည်။

 

ရှေးမြန်မာမင်းများ လက်ထက်တော်က အမိန့်တော် ပြန်တမ်းများကို မောင်းကြေးနင်းခတ်၍ မြို့ရွာနယ်ပယ် အသီးသီးသို့ သတင်းဖြန့်ချိကြသည်။ ၁၈၃၆ ခုနှစ်တွင် မော်လမြိုင်မြို့မှ အမေရိကန် ခရစ်ယာန်သာသနာပြုများ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော “မော်လမြိုင်ခရော နီကယ်” (The Maulmain Chronicle) သတင်းစာမှအစပြု၍ မြန်မာသတင်းစာ သို့မဟုတ် မြန်မာသတင်းမီဒီယာ လုပ်ငန်းစတင်ခဲ့သည် ဆိုရမည်ဟု ဟံသာဝတီ ဦးအုန်းကြိုင်က ရေးသားထားသည်။

 

သတင်းစာ(သတင်းမီဒီယာ)ကို ကမ္ဘာ့ကြည့်မှန်တစ်ချပ်ဟုလည်း တင်စားကြသည်။ ဟုတ်သည်၊ တစ်ကမ္ဘာလုံးမှ ပုံရိပ်များသည် ထိုကြည့်မှန်ချပ်တွင် လာ၍ထင်သကဲ့သို့ ကမ္ဘာအရပ်ရပ်တို့၌ စက္ကန့်မလပ် ဖြစ်ပျက်နေသော သတင်းအမျိုးမျိုးသည် ထိုကြည့်မှန်နှင့်တူသော သတင်းစာတို့၌ လာ၍ထင်ကြသည်။ သတင်းစာ (သတင်းမီဒီယာ) မည်သည် ပြည်သူပြည်သားတို့၏ဝန်ကို အမြဲတမ်း ထမ်းရွက်သယ်ပိုး ပေးကြရသည်။ ပြည်သူ့ရန်စွယ် ပြည့်အန္တရာယ်တို့ကိုလည်း ပြည်သူတို့အတွက် မလပ်မပြတ် အမြဲတမ်းကြည့်ရှု လေ့လာနေကြရသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံကြီးများတွင် သတင်းစာ (သတင်းမီဒီယာ) ကို စတုတ္ထမဏ္ဍိုင် အရာထား၍ အားကိုးလေးစားကြသည်။ မြန်မာနိုင်ငံတွင်လည်း သတင်းစာ (သတင်းမီဒီယာ) ကို ထိုအခေါ်အဝေါ်အတိုင်း နေရာပေး၍ တလေးတစား အရာထားကြသည်။

 

ဆက်လက်၍ ဆရာကြီး ဦးအုန်းကြိုင်က အွန်လိုင်း မီဒီယာမှ နေ့စဉ်ပုံမှန် ထုတ်လွှင့်နေကြသော ရေဒီယို အသံလွှင့်မီဒီယာ ၁၂ မျိုးနှင့် ရုပ်သံလွှင့်မီဒီယာ ၁၅ မျိုး တွေ့ရကြောင်း ပြည်သူအများစုသည် မိုဘိုင်းဖုန်း သုံးစွဲ လျက်ရှိကြောင်း၊ အင်တာနက် သုံးစွဲသူဦးရေများပြားလာကြောင်း စသည်ဖြင့် မျက်မှောက်ခေတ် သတင်းမီဒီယာ၏ သတင်းအချက်အလက်နှင့် နည်းပညာ သုံးစွဲမှုအကြောင်းများကို အပိုင်း(၃)ပိုင်းခွဲ၍ ရေးသားထားလေသည်။

 

ဦးအောင်လှထွန်း

 

စာတမ်းရှင် ဦးအောင်လှထွန်းက မြန်မာနိုင်ငံနှင့် နိုင်ငံတကာသတင်းမီဒီယာများ စာတမ်းကို ရေးသားပြုစုရာတွင် ယနေ့ကမ္ဘာ၌ အရှိန်အဟုန်ဖြင့် ထွန်းကားလာနေသည့် အွန်လိုင်း အီလက်ထရွန်းနစ်မီဒီယာ (online electronic media) များထက် ရှေးကျသော ပင်မနိုင်ငံတကာသတင်းဌာန (International news agency) များမှာ သတင်းမီဒီယာလောကတွင် ကြီးလေးကြီးဟု ဖော်ညွှန်းလေ့ရှိကြသည့် ရိုက်တာ (Reuters)၊ အေပီ (AP) ခေါ် (Associated Press)၊ အေအက်ဖ်ပီ (AFP) ခေါ် Agence France-Press နှင့် ယူပီအိုင် (UPI) ခေါ် United Press International တို့ပင် ဖြစ်ကြသည်။ ရိုက်တာနှင့် အေအက်ဖ်ပီတို့မှာ ထိုခေတ်ကာလက အင်အားကြီး နိုင်ငံများဖြစ်ကြသည့် ဗြိတိန်နှင့် ပြင်သစ်တို့တွင် စတင်ပေါ်ပေါက်ခဲ့ပြီး အေပီနှင့် ယူပီအိုင်တို့မှာ ထွန်းသစ်စ အင်အားကြီး အမေရိကန်ပြည်ထောင်စုတွင် စတင်ခဲ့ကြောင်း မြန်မာနိုင်ငံနှင့် နိုင်ငံတကာ သတင်းမီဒီယာများ စာတမ်းတွင် နိဒါန်းသွယ်ရေးသားခဲ့သည်။

 

ကမ္ဘာ့ပထမဆုံး နိုင်ငံတကာ သတင်းဌာန

 

ကမ္ဘာ့ပထမဆုံး နိုင်ငံတကာသတင်းဌာနမှာ ပြင်သစ်လူမျိုး စာရေးဆရာ၊ ဘာသာပြန်ဆရာနှင့် ကြော်ငြာ လုပ်ငန်းရှင် ချာလ်းလူဝီဘာဗ (Charles-Louis Havas) (၁၈၇၃ - ၁၈၅၈) က ၁၈၃၅ ခုနှစ်တွင် ပဲရစ်၌ ထူထောင်ခဲ့သည့် Agence Hava ပင်ဖြစ်သည်။ သတင်းဌာန (press agency) ဆိုသည့် စိတ်ကူးစိတ်သန်းကို ပထမဆုံး စိတ်ကူးပြီး အကောင်အထည်ဖော်ခဲ့သူမှာ ချာလ်းလူဝီအာဗ ဖြစ်သည်။ နောင်နှစ်ပေါင်း ၁၀၀ ကျော်အကြာတွင် Agence Hava ကို အေအက်ဖ်ပီ (AFP)(Agence France Press) ခေါ်  ပြင်သစ်သတင်းဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း ဦးအောင်လှထွန်းက သုတေသနပြုရေးသား ထားသည်။

 

အေအက်ဖ်ပီ AFP သတင်းဌာန၊ ရိုက်တာသတင်း (Reuters) ဌာန၊ ဝေါလ့်ဖ် (WOLFF)၊ အေပီ  (AP)(Associated Press)၊ ယူပီအိုင် (UPI-United Press International) အက်ဖ်တီ (FT) နှစ်ကေးရှင်းဘွန်း(Nikkei Shinbum) နှင့် ဒီပီအေ (DPA) သတင်းဌာန၊ ရှင်ဟွာ (Xinhua) သတင်းဌာန၊ ရုရှတပ်စ်(TASS) သတင်းဌာနများအကြောင်းများကိုလည်း တိတိကျကျ လေ့လာရေးသားထားသည်။

 

ကမ္ဘာ့ပထမဆုံး နိုင်ငံခြားသတင်းထောက်

 

လန်ဒန်မြို့တွင် ၁၇၈၅ ခုနှစ်က စတင်ထုတ်ဝေခဲ့သော တိုင်းမ် (The Times) သတင်းစာ၏ သတင်းထောက် ဟန်နရီ ခြဘ်ရော်ဘင်ဆင် (Henry Crabb Robinson) (၁၇၇၅-၁၈၆၇) သည် ကမ္ဘာ့ပထမဆုံး နိုင်ငံခြား သတင်းထောက်နှင့် စစ်သတင်းထောက်ဖြစ်ကြောင်း ရေးသားထားသည်။ နိုင်ငံခြားစစ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး လျှမ်းလျှမ်းတောက် ကမ္ဘာကျော်ဖြစ်လာသော ပုဂ္ဂိုလ်ကြီး သုံးဦးကြောင်းကို လူငယ်သတင်းထောက်များ အားကျ အတုယူဖွယ်ဖြစ်အောင် ဦးအောင်လှထွန်းက ဖော်ထုတ်ရေးသားခဲ့သည်။ အဆိုပါသုံးဦးမှာ ဆာဝင်စတန်ချာချီ (၁၈၇၄-၁၉၆၅)၊ ဂျက်လန်ဒန် (၁၈၇၆- ၁၉၁၆) နှင့် ဖရဒ်ဒရစ် ဖောဆိုက် (၁၉၃၈) တို့ဖြစ်သည်။ ၎င်းတို့အကြောင်း အသေးစိတ်ကို စာတမ်းတွင် လေ့လာ ဖတ်ရှုနိုင်ပါသည်။

 

စာတမ်းရှင် ဦးအောင်လှထွန်း၏ သုံးသပ်အကြံပြုချက်တွင် နိုင်ငံတကာသတင်းဌာနများသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား မိမိတို့နိုင်ငံ၏ပုံရိပ်ကို ပုံဖော်ပေးနေကြသည်ဆိုသော အချက်ကို အမြဲသတိရသင့်သည်။ မိမိတို့နိုင်ငံနှင့် ပတ်သက်သည့် မူဝါဒများ ချမှတ်ရာတွင်လည်း နိုင်ငံတကာသတင်းမီဒီယာများ၏ ရေးသားချက်များအပေါ်တွင်သာ များသောအားဖြင့် အခြေခံလေ့ရှိသည်ကို သတိမူသင့်ကြောင်းနှင့် နိုင်ငံတကာသတင်းဌာနကြီးများသည် မိမိနိုင်ငံ၏ ပုံရိပ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် ပုံစံအမျိုးမျိုးဖြင့် ပုံဖော်ပေးနိုင်သဖြင့် ယင်းတို့အား စနစ်တကျလေ့လာ ဆက်ဆံရန်လိုအပ်ကြောင်း တင်ပြထားပါသည်။

 

ကျန်ရှိသော သတင်းမီဒီယာ စာတမ်းများအကြောင်းကိုလည်း အလျဉ်းသင့်က တင်ပြရေးသားပါဦးမည်။

 

နိဂုံး

 

သတင်းမီဒီယာ၏ အင်အားသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါလှပုံကို မြန်မာမီဒီယာသမိုင်း စာအုပ်ကညွှန်းဆိုနေပါကြောင်း .....။ ။

 

ကြေးမုံ