မောင်လွမ်းနီ(ရေစကြို)

 

ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလတွင် နိုင်ငံအဝန်း မြို့ရွာအသီးသီး၌ ပြည်သူအပေါင်း ဘေးကင်းစေရေးအတွက် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များ အဆက်မပြတ် ထုတ်ပြန်လျက်ရှိ၏။ အသွားအလာ ကန့်သတ်ခြင်း၊ အနေအထိုင် ဂရုပြုစေခြင်း၊ ကူးလူးဆက်ဆံမှု ဆင်ခြင်စေခြင်း အစရှိသည်တို့ကြောင့် မြို့ရွာဒေသ အသီးသီးတွင် တိတ်ဆိတ်ငြိမ်သက်လျက်သာ ရှိကြ၏။ ကပ်ရောဂါကြောင့် စိုးရိမ်ပူပန်နေကြသော ပြည်သူလူထုကြီးကား ရောဂါဆိုးကြီးကို သတိကြီးစွာဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ရုံမှအပ မည်သည့်အရာကိုမျှ တောင့်တကြလိမ့်မည်ဟု မထင်ပေ။

 

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက် မြို့ကလေးသည်လည်း ချင်းတွင်းမြစ် အနောက်ဘက် ကမ်းတွင် အများနည်းတူ တိတ်ဆိတ်ငြိမ်သက် နေပေသည်။ ချင်းတွင်းမြစ်နှင့် နှစ်မိုင်ခန့်စီ ကွာဝေးသည့် တောင်တန်းကလေး၏ အကြားတွင် တည်ရှိသော၊ သစ်တောဖုံးလွှမ်းမှုများပြီး မြေပြန့်လွင်ပြင် နည်းပါးသော၊ တော၊ တောင်၊ ချောင်း၊ မြောင်း၊ ချိုင့်ဝှမ်းများ ထူထပ်သော မော်လိုက်မြို့ကလေးတွင် ရိုးသားလှသည့် တိုင်းရင်းသားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသည်။

 

မော်လိုက်မြို့ လူမှုစီးပွားတိုးတက်လာ စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိသော်လည်း ယခင်က လမ်းပန်းဆက်သွယ်မှု အလွန်ခက်ခဲခဲ့၏။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေလမ်းကိုသာ အဓိက ထားခဲ့ရသည်။ ယခုကဲ့သို့ အချိန်မရွေး သွားလာနိုင်သော ကလေး - ကလေးဝ - မော်လိုက် ကားလမ်းမကြီး ပေါ်ပေါက်လာသည့်အခါ မော်လိုက်မြို့ကလေး၏ လူမှုစီးပွားဘ၀များမှာလည်း တစ်စထက်တစ်စ တိုးတက်လာသည်မှာ အထင်အရှားပင်ဖြစ်၏။ နိုင်ငံတော်အကြီးအကဲများ လမ်းညွှန်ခဲ့သည့်အတိုင်း ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား ရရှိရေးသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍများဖြစ်ကြောင်း မည်သူမျှ ငြင်းနိုင်ကြမည်မဟုတ်ပေ။

 

မော်လိုက်မြို့တွင် ယခုအချိန်အထိ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားမရရှိသေးပေ။ ဤသည်ပင် မော်လိုက်မြို့သူမြို့သားများ၏ အလွန်ပြင်းပြသော ချင်ခြင်းတစ်ခုဖြစ်မည်မှာ မလွဲပေ။ ခရိုင်မြို့ ဖြစ်သော်လည်း ဒီဇယ်အင်ဂျင်သုံး ဓာတ်အားပေးစက်ဖြင့်သာ ဓာတ်အားပေးထားရသည်။ မော်လိုက်မြို့ပေါ်တွင် အိမ်ထောင်စုပေါင်း ၁၆၆၈ စုရှိသည့် အနက် ၈၃၆ စုကိုသာ ၈၀၀ ကေဗွီအေ မီးစက်ဖြင့် တစ်နေ့လျှင် လေးနာရီခန့်သာ ဓာတ်အားပေးနိုင်သည်ဟု သိရသည်။ မီးစက်ဖြင့် ပေးရသည့်အတွက် ပြည်သူလူထု လိုသလောက် မပေးနိုင်၊ အကန့်အသတ် များစွာရှိသည်။ မော်လိုက်သားတို့လည်း နားလည်သည်းခံခဲ့သည်မှာ ကြာပေပြီ။

 

နိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၆ ခုနှစ်မတိုင်မီ ကာလများအထိ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ၃၄ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ၅၀.၀၉ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် ကြိုးပမ်းနိုင်ခဲ့သည်။

 

၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် မမှိတ်မသုန် ဦးတည်မျှော်မှန်း ကြိုးပမ်းလျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် မြို့ပေါင်း ၅၀၊ ကျေးရွာပေါင်း  ၅၉၉၂  ရွာရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် မြို့ပေါင်း ၃၂ မြို့၊ ကျေးရွာပေါင်း ၁၃၄၇ ရွာတို့ကိုသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ယခုအခါ မြို့ပေါင်း ၃၆ မြို့၊ ကျေးရွာပေါင်း ၂၆၀၉ ရွာတို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်သဖြင့် မြို့လေးမြို့နှင့် ကျေးရွာပေါင်း ၁၂၆၂ ရွာတို့ကို တိုးချဲ့ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မော်လိုက်မြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက် ပို့လွှတ်နိုင်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကြိုးပမ်းခဲ့ကြသည်။ မူလက ကလေးမြို့အနီး ရာဇဂြိုဟ် ရေအားလျှပ်စစ် စက်ရုံနှင့် ချိတ်ဆက်၍ ကလေးဝမြို့သို့ ဓာတ်အားပေးရန် ၆၆ ကေဗွီ ရာဇဂြိုဟ် - ကလေး - ကလေးဝ ဓာတ်အားလိုင်းဖြင့် လည်းကောင်း၊ မော်လိုက်မြို့သို့ ဓာတ်အားပေး ရန် ၆၆ ကေဗွီ ရာဇဂြိုဟ် - မော်လိုက်ဓာတ်အားလိုင်းဖြင့် လည်းကောင်း အသီးသီးတည်ဆောက်ရန် တစ်ပြိုင်တည်း စီမံဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

 

နည်းလမ်းကြံဆ ကြိုးပမ်းအောင်မြင်

 

မြေပြင်အနေအထားအရ ရာဇဂြိုဟ် - ကလေး အပိုင်းသည် မြေပြန့်လွင်ပြင်ဖြစ်ခြင်း၊ ကလေး - ကလေးဝ အပိုင်းတွင် မြေပြန့်နည်းပါးပြီး တောင်တန်းများ ထူထပ်သော်လည်း မဖြစ်မနေ နည်းလမ်းကြံဆ၍ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့၏။ ကလေးဝမြို့သို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ဓာတ်အားရောက်ရှိခဲ့၏။ မော်လိုက်မြို့အတွက်ကား နှောင့်နှေးခဲ့ရ၏။ နှောင့်နှေးခဲ့ရသည့် အကြောင်းလည်း ရှိ၏။

 

မူလလျာထားသော ရာဇဂြိုဟ် - မော်လိုက် ဓာတ်အားလိုင်းအူကြောင်းသည် မော်လိုက်မှ ကလေး -တမူးကားလမ်းမကြီးသို့ ဆက်သွယ်ဖောက်လုပ်ထားသော “ပြောင်ဘုတ်” ကားလမ်းကို မလွဲမသွေ အမှီပြုရမည်ဖြစ်သည်။ ပြောင်ဘုတ်ကားလမ်းသည်ပင် ပေ ၃၀၀၀ ကျော် မြင့်မားသော “မှန်တောင်တန်း” ကြီးအား ဖြတ်ကျော်တည်ဆောက်ထားခြင်းဖြစ်၏။ ပွင့်လင်းရာသီတွင်သာ အသုံးပြု နိုင်ပြီး မိုးရာသီကာလများတွင် သွားလာရန် အလွန်ခက်ခဲ၏။ ဓာတ်အားလိုင်းအူခြင်းမှာ တောထူထပ်လှသော အပိုင်းများကို မဖြစ်မနေ ဖြတ်သန်းရန် လိုသည်။ တာဝါတိုင်များ၊ ဓာတ်ကြိုးများ၊ ယာဉ်ယန္တရားများ တက်ရောက်ပို့ဆောင်ရန်ပင် အလွန်ခက်ခဲမည်ဖြစ်ကြောင်း တွေ့ရသည်။

 

ကလေးဝ - မော်လိုက် လိုင်းအူကြောင်းအသစ်ရှာ

 

ဌာနမှ အတွေ့အကြုံရှိသော ကျွမ်းကျင်သူများပင် ခက်ခက်ခဲခဲ ဆောင်ရွက်ရမည်ဖြစ်ရာ လုပ်ငန်းအပ်နှံထားသော ပြင်ပကုမ္ပဏီအနေဖြင့်မူ ဆိုဖွယ်မရှိပေ။ မဖြစ်မနေ နည်းလမ်းရှာကြံ၍ ခက်ခက်ခဲခဲ တည်ဆောက်နိုင်သည့်တိုင် မကြာခဏ လိုင်းအပြစ် ဖြစ်ပွားနိုင်သည်။ လိုင်းထိန်းသိမ်းရေး ဆောင်ရွက်ရာတွင်လည်းကောင်း၊ အပြစ်ဖြစ်၍ သွားရောက်ပြုပြင်ရန်လည်းကောင်း အလွန်ခက်ခဲမည်။ လိုင်းအပြစ် တစ်ကြိမ်ဖြစ်လျှင် ရက်ပေါင်းများစွာ ဓာတ်အားပြတ်တောက်နိုင်သည်။ သွားလာ ဆောင်ရွက်ရသော ဝန်ထမ်းများအတွက်လည်း အလွန်အန္တရာယ် များလှသည်။ ဤအချက်များကြောင့် မူလသတ်မှတ် ထားသည့် ရာဇဂြိုဟ် - မော်လိုက် လိုင်းအူကြောင်းကို ပယ်ဖျက်ပြီး ကလေးဝ - မော်လိုက် လိုင်းအူကြောင်း အသစ်ကို ရှာဖွေဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်တင်ပြ၍ ခွင့်ပြုချက်ရရှိရေး အချိန်ယူဆောင်ရွက်ခဲ့ကြသည်။

 

ကလေးဝ-မော်လိုက် လိုင်းအူကြောင်းအသစ်သည် ၃၃ ဒသမ ၄ မိုင်ရှိ၏။ ဓာတ်အားလိုင်းဒီဇိုင်းအရ မြေပြန့်ဒေသများတွင် ကွန်ကရစ်တိုင်များ အသုံးပြု၍ ၁၆ ဒသမ၇ မိုင် တည်ဆောက်ရန်ဖြစ်ပြီး တောင်ပေါ်ဒေသများတွင် Lattice Tower များ အသုံးပြု၍ ၁၆ ဒသမ ၇ မိုင် တည်ဆောက်ရန် ဖြစ်သည်။ ကွန်ကရစ်တိုင်ပေါင်း ၂၈၂ တိုင် ပါဝင်ပြီး Lattice Tower ၉၇ တိုင် ပါဝင်သည်။ မော်လိုက်မြို့တွင် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေဓာတ်အားခွဲရုံ တည်ဆောက်ပြီး မော်လိုက်မြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားပေးရန် ဖြစ်သည်။

 

ကုမ္ပဏီ၏ဆောင်ရွက်ချက်များကို ဓာတ်အားပို့လွှတ်ရေးစီမံကိန်း (မြောက်ပိုင်း) ကွပ်ကဲမှုအောက်ရှိ စီမံကိန်း မန်နေဂျာ (မြို့ပြ) နှင့် စီမံကိန်းမန်နေဂျာ (၃) မန္တလေးတို့က အနီးကပ်ကြီးကြပ်ခဲ့သည်။ အခက်အခဲရှိသည်များကို နည်းပညာဆိုင်ရာ အကြံဉာဏ်ပေးခြင်း၊ ဒေသခံ ပြည်သူများအပါအဝင် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း အစရှိသည်တို့ကို ပေါင်းစပ်ဆောင်ရွက် ပေးရ၏။

 

မော်လိုက်ဓာတ်အားခွဲရုံတည်ဆောက်ခြင်းကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှ စတင်ဆောင်ရွက်နိုင်ခဲ့ရာ ၂၀၁၉ ခုနှစ်အောက်တိုဘာလကတည်းက ပြီးစီးခဲ့ပြီ ဖြစ်သည်။ ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းကိုမူ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှသာ စတင်နိုင်ခဲ့သည်။ တာဝါတိုင်များမှာ ကလေးဝ - မော်လိုက်ကားလမ်းမှ ပေ ၁၂၀၀ ခန့်မြင့်သော တောင်ပေါ်ဒေသဖြစ်ခြင်း၊ မာကျောသော ကျောက်စိုင်ကျောက်သားများကို လွန်သွားများဖြင့် ခက်ခက်ခဲခဲ တူးဖောက်ရခြင်း၊ အချို့နေရာများတွင် မိုင်းခွဲ၍ တူးဖော်ရခြင်း၊ တောင်ကမ်းပါးအစွန်းတွင်ကျရောက်သည့် တိုင်များအတွက်မြေဖြတ်ရခြင်း၊ ပစ္စည်းများသယ်ပို့ရန် ချဉ်းကပ်လမ်းများ အချိန်ယူ ဖောက်လုပ်ရခြင်း၊ လိုအပ်သည့်နေရာများတွင် မြေကာနံရံများ တည်ဆောက်ရခြင်း  အစရှိသည့် အခက်အခဲများစွာကို ဖြေရှင်းဆောင်ရွက်ခဲ့ရ၏။ သို့တိုင် မလျှော့သော ဇွဲ၊ လုံ့လနှင့် ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့် သတ်မှတ်ချိန်မတိုင်မီ၂၀၂၀ ပြည့်နှစ် မတ်လတွင်ပင် ဓာတ်အားလိုင်း တည်ဆောက်ခြင်း အားလုံးပြီးမြောက်ခဲ့ပေပြီ။

 

 

ဝမ်းနည်းဖွယ်ကောင်းသည်ကား စီမံကိန်းလုပ်ငန်းများအားလုံး ပြီးစီးချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အကန့်အသတ် များစွာရှိသည့် ကာလဖြစ်နေခြင်းပင်။ မူလက မတ်လအတွင်း ဓာတ်အားပို့လွှတ်ရန် စီစဉ်ထားသော်လည်း အသွားအလာကန့်သတ်မှုများကြောင့် ဓာတ်အား မလွှတ်ဖြစ်ခဲ့။ မော်လိုက်နေ ပြည်သူများအနေဖြင့် လာခြင်းကောင်းသော နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများကို အာသာငံ့လင့် ချင်ခြင်းဖြစ်နေသည့်တိုင် ယခုကာလအတွင်း မျှော်လင့်ကြတော့မည်မဟုတ်၊ မျှော်လင့်သည့်တိုင်လည်း ယခုကာလအတွင်းတွင် ရရှိမည်ဟု ယုံကြည်ကြမည် မဟုတ်။

 

mdn

 

အကျိုးကျေးဇူးများမည်ကို လိုလား

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူတို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် စိတ်စေတနာကောင်းများဖြင့် ကြိုးပမ်းခဲ့၏။ ကိုဗစ်-၁၉ ကို သတိကြီးစွာ ထားရမည်ဟု ခံယူလျက်ကပင် မော်လိုက်မြို့သို့ တတ်နိုင်သမျှ စော၍ဓာတ်အားပေးရန် နည်းလမ်း ရှာရသည်။ ပြည်သူလူထု တစ်ရက်စော၍ ဓာတ်အားရလျှင် တစ်ရက်စော၍ အကျိုးကျေးဇူးများမည်ကို လိုလား၏။ မြင့်မားသောစိတ်ဓာတ်၊ ထက်သန်သော လုံ့လ၊ မပေါ့ဆသော သတိတရား၊ ပြည့်စုံသော စီမံခန့်ခွဲမှု၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုတို့ဖြင့် စွန့်စားကြတော့သည်။

 

မည်မျှခက်ခဲသည်ဖြစ်စေ၊ မည်မျှကြမ်းတမ်းသည်ဖြစ်စေ ပြည်သူလူထု လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်ဆိုလျှင် အသက်ပင်စွန့်ဝံ့သည့် လျှပ်စစ်ဝန်ထမ်းများကို အသိအမှတ် ပြုနိုင်ကောင်းသည်ဟု ထင်ပါသည်။

 

အခက်အခဲအမျိုးမျိုးကြားမှ စည်းလုံးညီညွတ်စွာ စုဖွဲ့ထားသည့် စီမံကိန်းမန်နေဂျာ ဦးဆောင်သောအဖွဲ့ သည် ကိုဗစ်-၁၉ ကန့်သတ်ကာလတွင်ပင်လျှင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို ရယူ၍ မော်လိုက်မြို့သို့ ဓာတ်အားပေးနိုင်ရန် ရောက်ရှိခဲ့ပေပြီ။ ၆၆ ကေဗွီ ကလေးဝ-မော်လိုက် ဓာတ်အားလိုင်းကို မျက်မြင်စစ်ဆေးခြင်း၊ Megger Test ပြုလုပ်ခြင်းတို့ ဆောင်ရွက်ပြီးနောက် (၂၈.၄.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ကလေးဝခွဲရုံမှ မော်လိုက် ခွဲရုံအထိ ၆၆ ကေဗွီ ဓာတ်အားကို အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့ပေပြီ။

 

မော်လိုက်မြို့၏ သမိုင်းသစ်

 

အစီအစဉ်အတိုင်း (၂၉.၄.၂၀၂၀) ရက်နေ့တွင် မော်လိုက်ခွဲရုံရှိ ၆၆/၁၁ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန် စဖော်မာကြီးကို ဓာတ်အားထည့်မည် ဖြစ်သည်။ (၁.၅.၂၀၂၀) မင်္ဂလာရှိသော အလုပ်သမားနေ့တွင်ကား မော်လိုက်မြို့သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို စတင်ပို့လွှတ်နိုင်ပေတော့မည်။ မော်လိုက်မြို့၏ သမိုင်းသစ် ဖြစ်ပါစေသတည်း။

 

စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အစိုးရသစ် လက်ထက်တွင် မင်းကင်းမြို့ အား၂၀၁၇ ခုနှစ် အောက်တို ဘာလတွင်လည်းကောင်း၊ ကလေးဝမြို့အား ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် လည်းကောင်း အသီးသီးဓာတ်အားပေး နိုင်ခဲ့ပြီးဖြစ်ရာ မော်လိုက်မြို့သည် တတိယမြောက် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိမည့်မြို့ ဖြစ်ပေသည်။ ထူးခြားသည်ကား ကိုဗစ်-၁၉ ကန့်သတ် ကာလများအတွင်းတွင်ပင် မီးလင်းခဲ့သည့် အာဂမြို့ တစ်မြို့အဖြစ် မှတ်တမ်းတင်နိုင်တော့မည်ဖြစ်၏။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရည်မှန်းထားသည့်အတိုင်း ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် မီးလင်းရေး ခရီးရှည်ကြီးကို မလျှော့သော စိတ်ဓာတ်တို့ဖြင့် ဆက်လက် ချီတက်ရပေဦးမည်။ စာရေးသူသည် စီမံကိန်းတာဝန်များဖြင့် မော်လိုက်မြို့သို့ မကြာခဏ ရောက်ရှိခဲ့ဖူး၏။ စာရေးသူကိုယ်တိုင်လည်း ချင်းတွင်းမြစ်ကမ်းဘေးမှ မွေးဖွားကြီးပြင်းခဲ့သူပီပီ ချင်းတွင်းကို ချစ်၏။ ချင်းတွင်းနှင့် ဆက်စပ်သမျှကိုလည်း ချစ်၏။ ချင်းတွင်းဘေးရှိ ဆိတ်ငြိမ်အေးချမ်းသော မော်လိုက်မြို့လေးကိုလည်း ချစ်၏။ မော်လိုက်မြို့ကဲ့သို့ပင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း နိုင်ငံတော်ဓာတ်အားစနစ်မှ မရရှိသေးသော မြို့နယ်၊ ကျေးရွာဒေသများ အားလုံးသို့လည်း ထပ်တူရစေချင်၏။ တစ်နိုင်ငံလုံးရှိ တောင်ပေါ်မြေပြန့် သွေးချင်းတို့အားလုံးလည်း အမြန်ဆုံး ဓာတ်အားရရှိစေလိုသည်မှာ မှန်ကန်သောသစ္စာဟုဆိုဝံ့ပေသည်။

 

ရည်မှန်းချက်သို့ ရောက်ရှိ

 

အခက်အခဲပေါင်းများစွာ ရင်ဆိုင်ကျော်လွှား ဖြတ်သန်းခဲ့ရမှုများမှာ နောက်ဆုံးတော့ ရည်မှန်းချက် သို့ ရောက်ရှိပါပြီ။ ဌာနအပေါ် စိတ်ရှည်လက်ရှည်ထား၍ စောင့်ဆိုင်းပေးခဲ့ကြသော မော်လိုက်သားတို့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိရပါသည်။

 

“မော်လိုက်က ပြည်သူတွေ၊ ပျော်လိုက်ကြ ကြည်ဖြူစေ”ဟု မေတ္တာပို့သပါသည်။ ကာလကြာရှည် ခက်ခဲစွာ ကြိုးပမ်းတည်ဆောက်ခဲ့ရသည့်  ၆၆ ကေဗွီ ကလေးဝ - မော်လိုက် ဓာတ်အားလိုင်းနှင့် မော်လိုက် ဓာတ်အားခွဲရုံကြီးကို ဌာနနှင့်အတူ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြပြီး အဓွန့်ရှည် တည်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ထောမနာ တေးထပ်ကလေး ဖြင့် ဂုဏ်ပြုအပ်ပါသတည်း။

 

မြစ်သလ္လာ ကမ်းအနောက်က

လွမ်းလောက်တဲ့ မြို့တည်ရာ

မော်လိုက်လို့ အမည်သာတယ်

စည်သာယာ တစ်ခေတ်ဆန်း။

ရှေးကာလ ချောင်ကျခဲ့သလေ

အမှောင်ညရှည် ဖြတ်သန်း။

ချင်ခြင်းတပ် ရတက်ဖြစ်ပိုတယ်

လျှပ်စစ်ကို မျှော်တမ်း။

စန်းလဂ်သာ အချိန်ရောက်ပြီမို့

ခြောက်ဆယ့်ခြောက် လိုင်းမဟာ။

လျှပ်စစ်တွေ လောက်ငှဖို့

ဆောက်ခဲ့ကြ ခွဲရုံအပါ။

အနောက်ဘက် မြစ်သလ္လာမှာ

ခေတ်ဆန်စွာ ဖွံ့ဖြိုးကြစေကွဲ့

ထိုးရတဲ့ ကမ္ပည်းမဟာ

ဟီးခြိမ့်ခြိမ့်သာ။

ထူးခြားတဲ့ ထိုသနစ်ပါ

COVID အခါ မှတ်တမ်းတင်ခဲ့လေး။

 

 (ပါဝင်ဆောင်ရွက်သူများ၊ လမ်းညွှန်အကြံပြုသူများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုပါသည်)