သတင်းဆောင်းပါး - နေလင်းဦး
လူ့သမိုင်းဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုဟာ အသိပညာကြောင့်လို့ ဆိုရမှာဖြစ်ပါတယ်။ အသိပညာ တစ်ဆင့်မြင့်လာတာနဲ့အမျှ လူ့ယဉ်ကျေးမှုလည်း တစ်ဆင့်ခုန်တက်လာရပါတယ်။ ခပ်ဝေးဝေးကိုမကြည့်ဘဲ အတိတ်သမိုင်းက ရာစုနှစ်အနည်းငယ်ဆီ ပြန်သွားကြည့်မယ်ဆိုရင် ဒီအခြင်းအရာကို အထင်အရှားမြင်ရမှာ ဖြစ်ပါတယ်။ အသိပညာဆိုရာမှာလည်း အခြားအသိပညာခက်မတွေထက် နည်းပညာပိုင်းကို ပိုအလေးပေး ပြောလိုတာ ဖြစ်ပါတယ်။
၁၈ ရာစုက ရေနွေးငွေ့ အင်ဂျင်တီထွင်နိုင်တော့ စက်မှုခေတ်ပြောင်းတော်လှန်ရေးကြီးဖြစ်ပြီးအလုပ်သမား လူတန်းစားတစ်ရပ် ပေါ်ပေါက်လာပါတယ်။ လူနေမှုဘဝ တွေ ပြောင်းလဲလာပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပိုမို ကူးလူးဆက်သွယ်နိုင်လာပြီး နည်းပညာရှင်နိုင်ငံတွေက ပိုကြွယ်ဝ၊ အင်အားကြီးလာကြပါတယ်။ နောက်လျှပ်စစ် ကို ရှာတွေ့တာဟာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ နယ်ပယ်ပေါင်းစုံကို တစ်ဆင့်မြင့်တွန်းပို့ပေး လိုက်နိုင်တာပါပဲ။ နောက် ထရန်စစ္စတာ၊ လေဆာကနေ ကွန်ပျူတာ၊ အင်တာနက်။ နိုင်ငံစုံကော်ပိုရေးရှင်းကြီး တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အင်တာနက်အခြေခံစီးပွားရေး လုပ်ငန်းတွေ၊ ဖျော်ဖြေရေး၊ လူမှုကွန်ရက်တွေနဲ့ ကမ္ဘာ့ရွာ (Global Village) ကမ္ဘာဆန်တာ (Globalization) တွေ ဖြစ်လာကြတယ်။ အခု ကျွန်တော်တို့ နောက်ထပ်ခေတ်ပြောင်းတော်လှန်ရေးတစ်ခု၊ ခေတ်သစ်တစ်ခုတည်းကို ချင်းနင်းဝင်ရောက်နေပါပြီး အဓိကမောင်းနှင်အား တစ်ခုကေတာ့ အသိဉာဏ်တု (artificial intelligence) နည်းပညာ ဖြစ်ပါတယ်။
အသိဉာဏ်တု
အသိဉာဏ်တုဆိုတာ ခပ်လွယ်လွယ်ပြောရရင်တော့ လူသားတွေလိုခံစား၊ စဉ်းစား တွေးခေါ်၊ ဆုံးဖြတ်ချက်ချ နိုင်တဲ့ အသိဉာဏ်တစ်ခုကို ဖန်တီးခြင်းပါပဲ။ ဒါပေမယ့် ရူပဗေဒပညာရှင် ဒေါက်တာမီချီယိုခခူကတော့ အခု လက်ရှိနည်းပညာအရတော့ လူ့အသိဉာဏ်ကို မီဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်တဲ့။ ပိုးဟပ်အဆင့် သာသာ အသိဉာဏ်ကိုသာ ဖန်တီးနိုင်ကြပါသေးတယ်တဲ့။ ပိုးဟပ် ကနေ တဖြည်းဖြည်းအဆင့်တက်ပြီး အိမ်မွေးတိရစ္ဆာန် တွေအဆင့်၊ ပြီးတော့ နောက်အဆင့် အသိဉာဏ်လိုမျိုး အထိရလာနိုင်ပါတယ်။ နောက်အဆင့်အသိဉာဏ်ဖန်တီး နိုင်ရင်တော့ လူသားတွေအတွက် အန္တရာယ်ရှိပြီလို့ သူက သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မျောက် သတ္တဝါဟာ မိမိကိုယ်ကို ဘာဆိုတာသိတဲ့အသိ (selfawareness) ရှိပြီး သူတို့ဟာလူသားတွေမဟုတ်ဘူးဆိုတာ ကောင်းကောင်းသိကြပါတယ်တဲ့။ ဒါဟာ လူသားတွေ အတွက် စိုးရိမ်စရာအခြေအနေဖြစ်ပါတယ်တဲ့၊ ဒါပေမယ့် ဒီနည်းပညာရဖို့ ရာစုနှစ်နဲ့ချီကြာဦးမယ်လို့ အခုလောလောဆယ်မှာ စိုးရိမ်စရာမရှိဘူးလို့ ယူဆပေမယ့်လည်း အသိဉာဏ်တုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးကျင့်ဝတ်ပိုင်း အရသာမက ဖွံ့ဖြိုးတိုးတက်မှုအပိုင်းအရပါဆွေးနွေးငြင်း ခုံနေကြတာတွေကတော့ ကျယ်ကျယ်ပြန့်ပြန့်ရှိလာနေ ပါပြီ။
ဒီနေရာမှာ ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီကြီး တွေကို တည်ထောင်ထားတဲ့ စွန့်ဦးတီထွင်ပုဂ္ဂိုလ်ကြီး နှစ်ဦးရဲ့ အမြင်ကိုချန်လှပ်ထားလို့မရပါဘူး။ တစ်ဦးက တော့ မာ့ခ်ဇူကာဘတ် (MarkZuckerberg) ဖြစ်ပါတယ်။ သူက အသိဉာဏ်တုဟာ လူသားတွေအတွက် အလုပ် အကိုင်အခွင့်အလမ်းသစ်တွေ အမြောက်အမြား ဖော် ဆောင်ပေးပြီး လူနေမှုအဆင့်အတန်းတွေကို မြှင့်တင်ပေး လိမ့်မယ်လို့ ဆိုပါတယ်။ သူနဲ့အမြင်မတူသူကတော့ အီလင်မာ့စ်ခ် (Elon Musk) ပဲဖြစ်ပါတယ်။ အသိဉာဏ်တုဟာ လူသားမျိုးနွယ်အတွက် ခြိမ်းခြောက်မှုလို့ သူကမြင်ပါတယ်။ တစ်ချိန်မှာ ကိုယ်ပိုင်အသိဉာဏ်နဲ့ စက်ရုပ်တွေဟာ Terminator ဇာတ်ကားပုံစံမျိုးနဲ့ လူသားတွေကို အန္တရာယ်ပြုလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီတော့ အသိဉာဏ်တုဟာ အသွားနှစ်ဖက်နဲ့ဓားလို ဖြစ်နေပါတယ်။ ဒီအမြင်နှစ်ခုကို ကြားချပြီးကြည့်မယ်ဆိုရင်တော့ ရာစုနှစ်နဲ့ချီကြာမယ့် ရေရှည်မှာ အီလင်မာ့စ်ခ်စိုးရိမ်သလို ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရေတိုမှာတော့ မာ့ခ်ဇူကာဘတ်ရဲ့ အမြင်မှန်ပါ လိမ့်မယ်။
ရေရှည်မှာ အန္တရာယ်များမယ်ဆိုပြီး အသိဉာဏ်တုမှာ ဘယ်သူမှရင်းနှီးမြှုပ်နှံမှုမလုပ်ဘဲ မနေကြပါဘူး။ ရင်းနှီး မြှုပ်နှံမှု၊ ဆန်းသစ်တီထွင်မှုတွေမလုပ်ရင် ခေတ်အပြောင်း အလဲအချိုးအကွေ့တစ်ခုမှာ ကျန်ရစ်ခဲ့ကြမှာ ဖြစ်လို့ပါပဲ။ အသိဉာဏ်တုဟာ ခေတ်၊ စနစ်ကို တစ်ဆင့်ခုန်ပြောင်း လဲနေပြီဖြစ်လို့ပါပဲ။
အသိဉာဏ်တုမှာ ရင်းနှီးမြှုပ်နှံခြင်း
အခုဆို ကမ္ဘာ့ထိပ်တန်းနိုင်ငံအားလုံးနီးပါး အသိဉာဏ် တုမှာ အကြီးကျယ် ရင်းနှီးမြှုပ်နှံလာ ကြပါပြီ။ အထူးသဖြင့် အမေရိကန်၊ တရုတ်၊ ကနေဒါ၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ နော်ဝေ၊ အိန္ဒိယစတဲ့နိုင်ငံတွေဟာ အသိဉာဏ်တု နည်းပညာတိုးတက်ဖွံ့ဖြိုးရေးအတွက် တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို ပုံအောသုံးနေကြပါတယ်။ တရုတ် ဆိုရင် ရည်မှန်းချက်အတော်ကြီးပါတယ်။ ၂၀၃၀ ပြည့် နှစ်မှာ အသိဉာဏ်တုနည်းပညာမှာ ကမ္ဘာ့ခေါင်းဆောင် ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ချမှတ်ထားပါတယ်။ ဒေါ်လာဘီလီယံချီပြီးတော့ ပေကျင်းနဲ့ တီယန်ကျင်း စတဲ့မြို့တွေမှာရှိတဲ့ သုတေသနစင်တာတွေကို ထောက်ပံ့ ပါတယ်။ အသိဉာဏ်တုဆိုင်ရာ စီးပွားရေးလုပ်ငန်းသစ် တွေကို ငွေကြေးအပြည့်အဝ ထောက်ပံ့ပေးထားပါတယ်။ အသိဉာဏ်တုဆိုင်ရာ ကုမ္ပဏီအားလုံးရဲ့ ၁၁ရာခိုင်နှုန်းက တရုတ်ပြည်မှာ အခြေစိုက်ကြပါတယ်။ ဒါ့အပြင် တခြားဦးဆောင်နိုင်ငံတွေထက် တရုတ်နိုင်ငံက အသိဉာဏ်တုနဲ့ပတ်သက်တဲ့ သုတေသနကျမ်းတွေ၊ စာတမ်းတွေ အများကြီးပြုစုရေးသားနိုင်ပါတယ်။ တရုတ် က ကွန်ပျူတာအင်ဂျင်နီယာကျောင်းသားအများစုက လည်းအသိဉာဏ်တုနည်းပညာကို အထူးပြုဘာသာရပ် အနေဖြင့် လေ့လာဖို့ ပိုပြီးစိတ်ဝင်စားလာကြပါတယ်။
အမေရိကန်ကတော့ အသိဉာဏ်တုနယ်ပယ်မှာ ကမ္ဘာ့နံပါတ်တစ်နေရာကနေ ဦးဆောင်နေပါတယ်။ အစိုးရရဲ့ ငွေကြေးဆိုင်ရာအထောက်အပံ့တွေအပြင် အဓိကကတော့ ရွှေ့ပြောင်းအခြေချစွန့်ဦးတီထွင်တွေနဲ့ နိုင်ငံတကာကျောင်းသားတွေကို ဆွဲဆောင်နိုင်တဲ့ အမေရိကန်ပညာရေးစနစ်ပါပဲ။ စီလီကွန်တောင်ကြား (Silicon Valley) MIT (Massachusetts Institute of Technology) နဲ့ BU (Boston University) စတဲ့ နေရာတွေဟာ အသိဉာဏ်တုနဲ့ပတ်သက်လို့ အကြီးအကျယ် သုတေ သနလုပ်နေကြတဲ့ နေရာတွေပါပဲ။ ဒါ့အပြင် Google, Facebook, Amazon တို့လို အသိဉာဏ်တု နည်းပညာနဲ့ လည်ပတ်နေကြတဲ့ ကုမ္ပဏီ ၄၀ ရာခိုင်နှုန်းဟာ အမေရိ ကန်ပြည်ထောင်စုမှာ အခြေစိုက်ကြပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းအခြေချတဲ့ ဥပဒေကို ပြင်ဆင်တာတွေနဲ့ အမျိုးသားရေးဝါဒီကြီးစိုးလာတာကြောင့် အမေရိကန်ဟာ နည်းပညာနယ်ပယ်မှာ ဆက်လက်ပြီးဦးဆောင်နေနိုင် ဦးမှာလားဆိုတာတော့ ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။
ဒီလိုနည်းပညာထိပ်သီးနိုင်ငံတွေအပြင် ဖွံ့ဖြိုးစနိုင်ငံငယ်လေးတွေဟာလည်း အသိဉာဏ်တုနည်းပညာမှာ ရင်းနှီးမြှုပ်နှံလာကြပါပြီ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရဲ့ အနာဂတ်ဟာ အသိဉာဏ်တုအပေါ်မှာ အများကြီး မှီခိုအား ထားလာကြရမှာကြောင့် ဖြစ်ပါတယ်။ အသိဉာဏ်တုဟာ စီးပွားရေးနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အသွင်အပြင်သာမက အနှစ်သာရပိုင်းပါ ပြောင်းလဲပစ်နေပါတယ်။
အသိဉာဏ်တုနှင့် ဖွံ့ဖြိုးတိုးတက်မှု
သုတေသနစစ်တမ်းတစ်ခုအရ ကမ္ဘာ့ GDP ရဲ့ ဝ ဒသမ ၅ ရာခိုင်နှုန်းကို ထုတ်လုပ်နေတဲ့ ဖွံ့ဖြိုးပြီး ၁၂ နိုင်ငံဟာ အသိဉာဏ်တုရဲ့အကူအညီနဲ့ ၂၀၃၀ ပြည့်နှစ်မှာ GDP နှစ်ဆ တိုးလာလိမ့်မယ်လို့ ဆိုပါ။ (Pricewaterhosue Coopers)ရဲ့ လေ့လာသုံးသပ်ချက်အရ ကမ္ဘာ့ GDP ဟာ ၂၀၃၀ ပြည့်နှစ်မှာ အသိဉာဏ်တုနည်းပညာဖွံ့ဖြိုး လာတာကြောင့် ၁၄ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ဆိုပါတယ်။ နောက် မက်ကင်စီအဖွဲ့ (McKinsey Global Institue) ခန့်မှန်းထားတာကတော့ ၂၀၃၀ ပြည့်နှစ်မှာပဲ ကမ္ဘာ့ကုမ္ပဏီငယ်အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ အသိဉာဏ်တုနည်းပညာအနည်းဆုံးတစ်မျိုးကို အသုံးပြုနေကြမှာဖြစ်ပြီး ကုမ္ပဏီကြီးတွေ ထက်ဝက်လောက် ကတော့ အပြည့်အဝ အသုံးပြုနေကြမှာ ဖြစ်ပါတယ်။ အခု လက်ရှိမှာပဲ အသိဉာဏ်တုဟာ ဈေးကွက်စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး၊ ထုတ်လုပ်မှုလုပ်ငန်း၊ ထောက်ပံ့ ရေးလုပ်ငန်း၊ ထောက်ပံ့ဖြည့်ဆည်းကွင်းဆက် စီမံခန့်ခွဲမှု စတဲ့ စီးပွားရေးလုပ်ငန်းအားလုံးနီးပါးမှာ နေရာဝင်ယူ နေပါပြီ။
အသိဉာဏ်တုနည်းပညာက စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့တဲ့နေရာမှာနည်းလမ်းသုံးသွယ်ရှိပါတယ်။ ပထမတစ်မျိုးကတော့ လုပ်အားတိုးတက်လာမှု (labor productivity) ဖြစ်ပါတယ်။ အသိဉာဏ်တုသုံးစက်ရုပ်တွေ အသုံးပြုလာနိုင်မှာဖြစ်လို့ လုပ်အား၊ အချိန်ခန့်ခွဲမှုအပိုင်း မှာ အများကြီးတိုးတက်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရင် အသိဉာဏ်တုသုံးစက်ရုပ်တွေဆိုတော့ အနားမပေးဘဲ ခိုင်းနိုင်တဲ့သဘောပါပဲ။ ဒီတော့ လုပ်အား အဆမတန် တိုးလာမယ့်သဘော ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ဒြပ်မဲ့လုပ်အား (virtual workforce) ဖြစ်ပါတယ်။ အသိဉာဏ်တုဆိုတဲ့အတိုင်း လူသားကို အားကိုးစရာမလိုဘဲ ပြဿနာတွေ၊ အခက်အခဲတွေကို သူတို့ဘာသာ စဉ်းစားတွေးခေါ် ဖြေရှင်းလာနိုင်ကြပါ လိမ့်မယ်။ တတိယအချက်ကတော့ ပထမအချက်နဲ့ ဒုတိယ အချက်ကို ဆန်းသစ်တဲ့အတွေးအခေါ်၊ စွန့်ဦးတီထွင်မှုတွေနဲ့ ပေါင်းစပ်လိုက်ရင် တစ်နွယ်ငင်တစ်စင်ပါဆိုသလို အခြားနယ်ပယ်တွေမှာပါ သက်ရောက်ပြောင်းလဲမှုတွေရှိလာပြီး နယ်ပယ်သစ်၊ လုပ်ငန်းသစ်တွေ အမြောက်အမြား ပေါ်ထွန်းလာနိုင်မှာ ဖြစ်ပါတယ်။
အသိဉာဏ်တုနှင့် နိုင်ငံတကာဆက်ဆံရေး
နိုင်ငံရေးဆိုတာ ချက်ကစားနည်းလိုပါပဲ။ ကိုယ်တွေ့ရင် သူလိုက်ရွှေ့တယ်။ ကိုယ်ကော သူပါ အနိုင်လိုချင်ကြ တယ်။ ဒီကစားနည်းမှာ လူတွေထက် ပိုတော်တာက အသိဉာဏ်တုပါပဲ။ လူတစ်ယောက်ရဲ့ခေါင်းထဲမှာ အများဆုံးတွေးနိုင် ရင် ရွှေ့ကွက်ဆယ်ဂဏန်းလောက်ပေါ့။ အသိဉာဏ်တု ကတော့ စက္ကန့်ပိုင်းအတွင်းမှာ ရွှေ့ ကွက်ပေါင်းသန်းချီ စဉ်းစားနိုင်ပြီး အဲဒီအထဲက အကောင်းဆုံးရွှေ့ကွက်ကိုရွေးနိုင်တယ်။ ဒီလိုအားသာချက်ကြောင့် မူဝါဒချမှတ်တဲ့ နေရာတွေမှာ အသိဉာဏ်တုကို စတင်အသုံးပြုလာနေကြ ပါပြီ။ နိုင်ငံတကာရေးရာကိစ္စတွေမှာ အသိဉာဏ်တုကရယူ အသုံးပြုနေတဲ့ သတင်းအချက်အလက်ပမာဏဟာ လူ့ဦးနှောက်နဲ့ ဘယ်လိုမှ လိုက်မမီနိုင်၊ မဆံ့တဲ့ ပမာဏ ပါပဲ။ ကောက်တေးပါတီ (cocktail party) ပွဲတွေက အတင်းအဖျင်းတွေကစလို့ စပိုင်ဂြိုဟ်တုတွေက ပေးပို့တဲ့ ဓာတ်ပုံတွေအထိ ပါပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆို ခွင့်ရှိသူပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဆုံး ဖြတ်ချက်တွေချတဲ့နေရာမှာ နည်းပညာရဲ့ အကူအညီ ယူတယ်လို့ ပြောဖူးပါတယ်။ နောက်ပြီး ဝန်ကြီးဌာနရဲ့ သတင်းအချက် အလက်နည်းပညာဆိုင်ရာ ၂၀၁၇-၂၀၁၉ မဟာဗျူဟာစီမံချက်မှာလည်း မူဝါဒဆိုင်ရာ ရပ်တည်ချက် ကိုအထောက်အပံ့ဖြစ်ဖို့၊ အသိသတိရှိဖို့နဲ့ ပွင့်လင်းမြင်သာမှုပိုရှိစေဖို့ အမေရိကန် သံတမန် ဝန်ထမ်းတွေဟာ လွန်စွာအစွမ်းထက်တဲ့ ခေတ်မီနည်းပညာတွေကို အသုံးပြုနေတယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ စီမံချက်မှာပဲ ဆုံးဖြတ်ချက်တွေ ချရာမှာ၊ ပြဿနာဖြေရှင်း ရာမှာနဲ့ စွန့်စားရနိုင်ခြေကို တွက်ချက်ရာမှာ အသိဉာဏ် ပိုပြီး ပွင့်လင်းဖို့ နည်းပညာရဲ့ အရေးကြီးပုံကို ဖော်ပြထားပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း တရုတ်သံတမန် တွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာ တရုတ်နိုင်ငံရဲ့ ပြည်ပရေးရာ ကိစ္စတွေမှာ အစဉ်အလာကို ချိုးဖျက်ပြီး သိပ္ပံနည်းကျ ဥပဒေသတွေ၊ မူဝါဒတွေ ရှာဖွေဖော်ထုတ်သွားကြဖို့ တိုက်တွန်းထားပါတယ်။ သံခင်းတမန်ခင်းကိစ္စတွေမှာ အသိဉာဏ်တုကို အမှန်တကယ် အသုံးပြုသွားမှာဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း the South China Morning Post သတင်းစာကို ထပ်လောင်းပြော ကြားထားပါတယ်။ တကယ်လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ တရုတ်သိပ္ပံအကယ်ဒမီက တည်ဆောက် ပေးတဲ့ အသိဉာဏ်တုကို အသုံးပြုနေပါတယ်။ ပြည်ပ လုံခြုံရေးရာဌာနက အသုံးပြုနေတဲ့စနစ်ဟာ ရရှိနိုင်သမျှ သတင်းအချက်အလက်တွေကို မူတည်တွက်ချက်ပြီး ပြည်ပကတရုတ်သံရုံးတွေဆီ အကြံပြုချက်တွေကို အချိန်နဲ့တစ်ပြေးညီ ထောက်ပံ့ပေးနေပါတယ်။
အသိဉာဏ်တုနဲ့ လူတွေကွာခြားချက်က အသိဉာဏ် တုက သတင်းအချက်အလက်မြောက်မြားစွာကို စက္ကန့် ပိုင်းအတွင်း စိစစ်သုံးသပ်နိုင်ပြီး အဖြေအမျိုးမျိုးအကြံပြုနိုင် ကာ အကောင်းဆုံးအဖြေကို ရွေးပေးနိုင်တာပါပဲ။ လူတွေရဲ့ ဦးနှောက်ဟာ အကန့်အသတ်ရှိပါတယ်။ စဉ်းစားတွေးခေါ်မှုမှာ ဘက်လိုက်တတ်ပါတယ်။ အဂတိ တရားလေးပါးကြောင့်ပဲဖြစ်ဖြစ်၊ ကျင်လည်ဖူးတဲ့ အသိုင်း အဝိုင်း၊ ယဉ်ကျေးမှု၊ ပညာရေးစနစ်၊ ကျင့်ဝတ်၊ ကိုးကွယ်ယုံကြည်ရာတွေကို လိုက်ပြီးတော့ပဲဖြစ်ဖြစ် လူတွေရဲ့ ဆုံးဖြတ်ချက်ဟာ အပြစ်အနာအဆာ မကင်းနိုင်၊ မပြည့်စုံ နိုင်ပါဘူး။ အသိဉာဏ်တုကတော့ လူတွေမှာရှိတဲ့ အားနည်းချက်တွေနဲ့ ကင်းလွတ်နေတော့ ပိုပြီးပြည့်စုံ၊ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်၊ အဖြေမျိုးပေးနိုင်ကြပါ တယ်။ ပေးနိုင်ကြပါလိမ့်မယ်။ နည်းပညာပိုင်းမှာ ပိုမို ပြည့်စုံလာမယ်ဆိုရင်။
ရှန်ဟိုင်းနိုင်ငံတကာ လေ့လာရေးပညာအင်စတီကျုက အသိဉာဏ်တုအသုံးပြုမှုကို အဓိကထားသုတေ သနလုပ်နေတဲ့ အကြီးတန်းသုတေသီ ဒေါက်တာဖန်ရှုယီ ကတော့ အနာဂတ်မှာ အသိဉာဏ်တု နည်းပညာသုံးတဲ့ နိုင်ငံနဲ့ မသုံးတဲ့နိုင်ငံယှဉ်လိုက်ရင် မသုံးတဲ့ နိုင်ငံကတော့ အဘက်ဘက်မှာ တစ်ဖက်သတ် အရှုံးချည်းပါပဲတဲ့။ ဆုံးဖြတ်ချက်ချနိုင်မှု၊ အနိုင်အရှုံး၊ စွန့်စားရနိုင်ခြေ စတာတွေကို တွက်ချက်ရာမှာ တစ်ပန်းရှုံးနေပါ တယ်တဲ့။
အသိဉာဏ်တု ဝိရောဓိ
အသိဉာဏ်တုဖွံ့ဖြိုးတိုးတက်မှုဟာ နယ်ပယ်အသီးသီးမှာ တိုးတက်ပြောင်းလဲမှုတွေ ယူဆောင်လာနေတာ မှန်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း ရှိလာနိုင်ပါတယ်။ စတန်းဖို့ဒ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် ဖန်စစ်ဖူကူယားမားက အမေရိကန် လမ်းမတွေပေါ်မှာ လူမဲ့ကား (self- driving car) တွေ ရောက်လာမယ်ဆို စိုးရိမ်ဖို့ကောင်းတာက တက္ကသိုလ်မတက်ဖူးတဲ့ အသက်လတ်ပိုင်းရောက်နေတဲ့လူဖြူ ယာဉ်မောင်းတွေ ကိစ္စပါပဲတဲ့။ အမေရိကန်မှာ အဆင့်မြင့်ပညာဒီဂရီလက်မှတ်မရှိတဲ့လူဖြူ၊ ၄၀ ရာခိုင်နှုန်းလောက်ဟာ ယာဉ်မောင်းအလုပ်ကို လုပ်ကြပါတယ်။ အကယ်၍ လူမဲ့ကားတွေသာ အသုံးပြု တော့မယ်ဆိုရင် ဒီလူတွေအလုပ်လက်မဲ့ဖြစ်ကြရမှာဖြစ်ပြီး အစိုးရအနေနဲ့လည်း သူတို့ကို အလုပ်သစ်ပေးဖို့၊ လုပ်ငန်းခွင် အပြောင်းအလဲအတွက် ပြန်ပြီးလေ့ကျင့်သင်ကြားပေးဖို့ဆိုတဲ့ကိစ္စဟာ ခေါင်းခဲစရာ ဖြစ်လာပါလိမ့် |မယ်။ ဒီတော့ လုပ်အားဈေးကွက်မှာ အလုပ်တစ်မျိုးတည်းကိုပဲ ထပ်တလဲလဲလုပ်ရတဲ့ လူသားတွေရဲ့ အောက်ခြေ ကာယအလုပ်အကိုင်အခွင့်အလမ်းတွေဟာ အသိဉာဏ်တုကြောင့် ထာဝရပျောက်ကွယ်သွားတော့မယ့် အခြေ အနေဖြစ်နေပါတယ်။
ဥရောပသမဂ္ဂပါလီမန်ရဲ့ သုတေသနစာတမ်းတစ်ခုမှာ ဖော်ပြထားတာရှိပါတယ်။ အသိဉာဏ်တုကြောင့် စီးပွားရေးတိုးတက်လာပေမယ့် လုပ်အားကြောင့်ရတဲ့ ဝင်ငွေ (labor income) ဟာ တိုးလာမှာ မဟုတ်ပါဘူး။ စက်တွေပဲအလုပ်လုပ်နေတော့ လူတွေအလုပ်လက်မဲ့ ဖြစ်လာ၊ ဝင်ငွေနည်းလာမယ့်သဘောပါ။ ဒီတော့ စားသုံးမှု (consumption) ထိုးကျပြီး စီးပွားတိုးတက်မှုကို ထိခိုက်ကာ မလိုလားအပ်တဲ့ နောက်ကြောင်းပြန် ရလဒ်ထွက် လာနိုင်ပါတယ်။ ဒါကြောင့် အသိဉာဏ်တုကြောင့်ရတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လူ့အဖွဲ့အစည်းအတွင်း ဘယ်လို ပြန်လည်ခွဲဝေစီမံခန့်ခွဲမလဲဆိုတဲ့ ကိစ္စကိုလည်း အလေးအနက် ဆွေးနွေးနေကြပါပြီ။
နောက်တစ်ခုက အသိဉာဏ်တုနည်းပညာကိုစတင် သုတေသနပြု၊ သုံးစွဲကြတဲ့နိုင်ငံတွေနဲ့ နောက်မှအသုံးပြု မယ့် နိုင်ငံတွေကြားမှာ ကြီးမားတဲ့ကွာဟမှုတွေလည်း ရှိလာမှာဖြစ်ပါတယ်။ အသိဉာဏ်တုဆိုတာအချက်အလက် ဒေတာကို ဗဟိုပြုရတာဖြစ်ပါတယ်။ အချက်အလက်ဒေတာ များများစုနိုင်လေလေ အသိဉာဏ်တု နည်းပညာမြန်မြန် ဖွံ့ဖြိုး၊ ရှေ့ရောက်လေလေပါပဲ။ ဒီတော့ အသိဉာဏ်တု နည်းပညာရှေးဦးနိုင်ငံတွေဟာ နည်းပညာသစ်နဲ့ သတင်း အချက်အလက်အများကြီး စုဆောင်းထားနိုင်ပြီး နောက်ကျကျန်မယ့်နိုင်ငံတွေကို အမြတ်ထုတ်နိုင်ပါတယ်။ သူတို့ရဲ့ နည်းပညာ၊ စီးပွားရေးတိုးတက်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံ တွေက အချက်အလက်တွေကို နှိုက်ယူအသုံးပြုနိုင်ပါ တယ်။ ဒါကိုကမ္ဘာကျော်စာအုပ် Sapiens ကို ရေးသားသူ အစ္စရေးလူမျိုး သမိုင်းပါမောက္ခ ယုဘနာဟလာရီက သတင်းအချက်အလက်ကျွန်ပြုခြင်း (datacolonization) လို့တောင် ပြောဖူးပါတယ်။
အနာဂတ်မှာ ရင်းနှီးမြှုပ်နှံခြင်း
ဒီလိုအကောင်းအဆိုးတွေ ရောပြွမ်းနေပေမယ့် အသိဉာဏ်တုနည်းပညာဟာ ကျွန်တော်တို့ကို ခေတ်သစ်၊ စနစ်သစ်တစ်ခုဆီကို ပို့ဆောင်နေတယ်ဆိုတာတော့ ယုံမှားသံသယဖြစ်စရာမရှိပါဘူး။ ဒါကြောင့် အသိဉာဏ် တု နည်းပညာမှာ ရင်းနှီးမြှုပ်နှံတာဟာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ရာ ခိုင်မာတဲ့ အနာဂတ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံတာလို့ဆိုရမှာ ဖြစ်ပါတယ်။ ။


