ခင်မောင်ညို  ( ဘောဂဗေဒ )

၁။ မြန်မြန်လုပ်ပါ

မရေရာတဲ့အခြေအနေမျိုးနဲ့ ကြုံကြိုက်လာတဲ့အခါမှာ နောက်ထပ်ရလာမယ့် သတင်းအချက်အလက်တွေကို မျှော်လင့်စောင့်စားနေတတ်ကြတယ်။ လူတွေရဲ့ မူလ သဘာဝကရော စီမံခန့်ခွဲမှုသင်တန်းတွေရယ်ကြောင့်ပါ။ အကျပ်အတည်းနဲ့ကြုံလာတဲ့အခါ လုပ်ပုံကိုင်ပုံတွေ မှားတတ်ကြတယ်။

မသေချာမရေရာတာနဲ့ကြုံတဲ့အခါ သေချာအောင်ဆိုပြီး နောက်ထပ်သတင်းတွေ၊ အချက်အလက်တွေရတဲ့ အထိစောင့်နေတတ်ကြတယ်။ ဒါပေမဲ့ အကျပ်အတည်းနဲ့ ကြုံတွေ့ပြီဆိုတဲ့အခါမှာ အလျင်အမြန်လုပ်ဖို့လိုတယ်။ ဆုံးဖြတ်ချက်ချမှတ်ရာမှာ နှောင့်နှေးကြန့်ကြာနေလို့ အရေးပါတဲ့အချိန်ကို ဖြုန်းနေလို့မဖြစ်ဘူး။ အကျပ် အတည်းကာလမှာ အခြေအနေက မြန်မြန်ဆန်ဆန် အရှိန်ပြင်းပြင်း ပြောင်းလဲသွားတတ်လို့ ဖြစ်ပါတယ်။ ကြန့်ကြာလေ ဆုံးရှုံးထိခိုက်မှုတွေများလေ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တချို့အဖွဲ့ အစည်းရဲ့ ခေါင်းဆောင်တွေက မြန်မြန်ဆန်ဆန် ဆောင်ရွက်နေချိန်မှာ နှေးကွေးလေးလံနေတဲ့ ခေါင်းဆောင်တွေက ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ကြရတာပါ။ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ သေသေချာချာရှင်းရှင်းလင်းလင်းဖြစ်တဲ့အထိ စောင့်နေလို့ မဖြစ်ပါဘူး။ မြန်မြန်လုပ် ကြိုးစားပမ်းစား လုပ်ကြဖို့လိုပါမယ်။

၂။ မြင်သာထင်သာရှိပါစေ

မသေချာမရေရာတာတွေနဲ့ ကြုံတွေ့တဲ့အခါ အများအားဖြင့် ခြိမ်းခြောက်မှုတွေကို အလေးမထားတတ်ကြဘဲ သတင်းဆိုးတွေကို ထိမ်ချန်ထားတတ်ကြ၊ ဖွက်ထားတတ်ကြတယ်။ အကျပ်အတည်းနဲ့ ကြုံတဲ့အခါ သတင်းဆိုးကိုပြောရတာ သိပ်လွယ်လှတာမဟုတ်ဘူး။ ဘယ်သူမှလည်း ကျေးဇူးတင်ချင်ကြတဲ့ ကိစ္စမျိုးမဟုတ် ဘူး။ လူတွေ ကိုယ့်ဝန်ထမ်းတွေ၊ ဖောက်သည်တွေ၊ တိုင်းသူပြည်သားတွေ စိတ်ဓာတ်ကျအောင် လုပ်ရာလည်း ရောက်တယ်။ ကိုယ့်ကိုလူကြိုက်လည်း နည်းသွားစေနိုင်တယ်။ အခုလိုလုပ်ဖို့ဆိုတာက ဉာဏ်ပညာရှိဖို့လိုသလို သတ္တိကောင်းဖို့လည်းလိုပါတယ်။ ဒါမှသာ တွေ့ကြုံရမယ့် အန္တရာယ်တွေကို ရှောင်ရှားနိုင်မှာပါ။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကြောင့် စိုးရိမ်ပူပန်စရာတွေ ဘယ်လိုဖြစ်လို့ဖြစ်မယ်မှန်း မသိတာတွေ၊ အဲဒီအခါ ကိုယ်ဘယ်လိုနေထိုင်ရ လုပ်ကိုင်ရမှန်းမသိတာတွေ ဖြစ်လာနိုင်တာကို နားလည်ပေးရပါမယ်။ ဒီအခါ ကိုဗစ်ကိုတိုက်ခိုက်ရာမှာ ဘာလုပ်ရမယ်၊ ဘာတွေဖြစ်လာမယ်ဆိုတာကို တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း ပြောပြထားဖို့ လိုအပ်ပါတယ်။ ပုံမှန်လည်းပြောပြရမယ်။ တချို့ခေါင်းဆောင်တွေဆို အရေးတကြီး ပြောစရာရှိတဲ့အခါ အိမ်မှာ ပေါ့ပေါ့ပါးပါးနေတဲ့အဝတ်အစားနဲ့ပဲ အသံလွှင့်ကြပြောဆိုကြတာကို တွေ့ရပါတယ်။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို သက်ဆိုင်တဲ့သူတွေ၊ အဖွဲ့အစည်းတွေအားလုံးကို အသိပေးရပါမယ်။

 

တစ်နည်းအားဖြင့်ပြောရရင် အခြေအနေမှန်ကို တိတိကျကျ ရိုးရိုးသားသား တတ်နိုင်သမျှ ပြောရပါမယ်။ ကိုယ့် အနေနဲ့ တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း ပြောရပါမယ်။ သူတို့နားလည်အောင်လည်း ပြောရပါမယ်။ သူတို့ဘာလုပ်ရမလဲ၊ သူတို့ဆီက ဘာလိုချင်သလဲ၊ ဘာကိုမျှော်လင့်သလဲဆိုတာ ပြောပြရပါမယ်။ ဘာတွေမျှော်လင့်ချက်ရှိတယ်ဆိုတာ ထည့်မပြောရင် လူတွေအလွယ်တကူနဲ့ စိတ်ပျက် လက်ပျက်ဖြစ်သွားနိုင်ပါတယ်။ အနာဂတ်ကို တခြားလူတွေမြင်အောင်ပြနိုင်မှ လူတွေဆီက စွမ်းအားတွေရယူနိုင်မှာ ဖြစ်ပါတယ်။ ဘာမျှော်လင့်ချက်မှမရှိရင် ဘာလုပ်ကြမယ်လို့ သန္နိဋ္ဌာန်ချနိုင်မှာ မဟုတ်ပါဘူး။

 

၃။ ခြေလှမ်းမှားတာတွေကို အကျိုးရှိရှိတုံ့ပြန်ပါ။

မသေချာမရေရာတဲ့ အခြေအနေမျိုးနဲ့ကြုံကြိုက်တဲ့အခါ ကိုယ်လုပ်တာ ဘယ်လောက်မှန်ကန်ကြောင်း အသည်းအသန်ရှင်းပြဖို့ ကြိုးစားတတ်ကြပါတယ်။ အကျပ်အတည်းနဲ့ကြုံတဲ့အခါ ပြဿနာကလည်း အသစ်အဆန်း ဖြစ်၊ ရှုပ်ရှုပ်ထွေးထွေးလည်း ဖြစ်နေလေတော့ တခြားစနစ်ကြီးတစ်ခုလုံး လွဲချော်တာတွေလို အမှားအယွင်းတွေ၊ လုပ်မှားကိုင်မှားတွေကလည်း ဘယ်လောက်ပဲ ဂရုစိုက်လုပ် နေပေမယ့် တွေ့ကြုံရမှာပါ။ ခြေလှမ်းမှားသွားတာတွေ၊ မမျှော်လင့်တဲ့စိန်ခေါ်မှုတွေကို ခေါင်းဆောင်တွေက ဘယ်လို တုံ့ပြန်မလဲဆိုတာကလည်း အကျပ်အတည်းကို ချက်ချင်းဘယ်လို ဖြေရှင်းသလဲဆိုတာနဲ့ ထပ်တူအရေးကြီးပါတယ်။ ဝေဖန်တာကိုလက်ခံရပါမယ်။ ဆီလျော်နေရင် လက်ခံရပါမယ်။ အခြေခံပြဿနာကို အာရုံစိုက်ရပါမယ်။ အပြစ်တင်တာတွေ မလုပ်ရပါဘူး။ ကိုယ့်ရည်မှန်းချက်ကို မျက်ခြည် ပြတ်မခံရပါဘူး။ နောက်ထပ်ကြုံတွေ့ရတဲ့ပြဿနာတွေ အခုလက်ငင်းပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာပိုအာရုံစိုက်ပြီး ဆက်လက်လုပ်ဆောင်ရပါမယ်။ ကိုယ်လုပ်တာဟာ စင်းလုံးချောဖြစ်ချင်မှဖြစ်မယ်။ ဝေဖန်တာကို နားထောင်ရပါမယ်။ အသိအမှတ်ပြုရပါမယ်။ အားလုံးက အာရုံပြောင်းမသွားဘဲပြဿနာဖြေရှင်းရေးကိုသာ ဦးတည်ရပါမယ်။

၄။ အမြဲခေတ်မီနေပါစေ

နောက်ဆုံးအခြေအနေကို အမြဲသိနေပါစေ။ ခေါင်းဆောင်ကောင်းတွေနဲ့ပတ်သက်လို့ အထင်လွဲတတ်ကြတာတစ်ခုရှိပါတယ်။ ခေါင်းဆောင်တွေဟာ ရပ်တည်ချက်ခိုင်မာပြတ်သားရမယ်၊ လမ်းကြောင်းလုံးဝ မလွဲရဘူးတဲ့။ ခိုင်မာပြတ်သားဖို့က ဒီလိုအချိန်မျိုးမှာ လိုအပ်တာမှန်ပါတယ်။ ဒါပေမဲ့ ကပ်ရောဂါက အသစ် အဆန်းကလည်းဖြစ်၊ အပြောင်းအလဲကလည်း အလွန်မြန်ဆန်တဲ့အချိန်မှာ လမ်းကြောင်းချထားပြီး အဲဒီလမ်းကြောင်းကို တွယ်ကပ်နေရမယ်လို့ထင်ရင် မှားမယ်။ နေ့စဉ်နေ့တိုင်း ဖြစ်လာနိုင်တာတွေကို ကြိုတင် စဉ်းစားပြီးကောင်းကောင်းသဘောပေါက်နားလည်ထားဖို့ လိုအပ်ပါတယ်။ သတင်းအချက်အလက်တွေ မြန်မြန်ရနိုင်အောင် မဟာဗျူဟာတွေ ချမှတ်ရပါမယ်။ အခြေအနေတွေပြောင်းသွားရင်၊ သတင်းအချက်အလက် ( အသစ်တွေဝင်လာရင် မြန်မြန်နားလည်အောင်လုပ်ရပါမယ်။ ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်တွေကို နားထောင်ရသလိုကွဲပြားတဲ့အမြင်အမျိုးမျိုး အကြံဉာဏ် အမျိုးမျိုးကိုလည်း ရှာဖွေလက်ခံရပါတယ်။ သတင်းအသစ်တွေဝင်လာတဲ့အခါ ပြဿနာတွေကအသစ်ဖြစ် လိုအပ်တဲ့ကျွမ်းကျင်သူလည်း ပြောင်းသွားတဲ့အခါ အကြံပေးပညာရှင်တွေလည်း ပြောင်းသွားတတ်ပါတယ်။ ပြဿနာတွေ ပြောင်းသွားတဲ့အခါ သင့်တော်သူကိုရှာဖွေဖို့နဲ့ အသုံးချဖို့လည်း လိုအပ်ပါတယ်။

တာဝန်ရှိတဲ့သူတွေ အတော်များများဟာ ဆုံးရှုံးမှုတွေ၊ ဒုက္ခရောက်တာတွေကို ကြုံဖူးကြတဲ့သူတွေချည်းပါ။ ဒါပေမဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်လာတဲ့အခါ လူကြိုက်နည်းတဲ့ အလုပ်တွေကို ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ ဝန်လေးကြတယ်။ တချို့ကတော့ သူတို့ဟာ ပညာရှင်ပီသတယ်၊ စဉ်းစားတယ်၊ ခံစားချက်နောက်ကိုမလိုက်ဘူးလို့ ဆိုတတ်ကြတယ်။

ဒါပေမဲ့ အခုလိုလုပ်နေရင် အချိန်နောက်ကျ သွားတတ်တယ်။ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်တတ်ဖို့ လိုသလို သူ့ဌာန ကိုယ့်ဌာနမခွဲခြားဖို့၊ လူတွေကို ကိန်းဂဏန်းတွေအနေနဲ့မမြင်ဖို့တွေလည်း လိုအပ်ပါတယ်။ ကိုယ်ချင်းစာတဲ့စိတ်နဲ့ ခေါင်းဆောင်ရပါမယ်။

သမိုင်းနဲ့ချီပြီး အကျပ်အတည်းတွေကြုံလာတဲ့ အခါသမိုင်းတွင်တဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာတတ် ပါတယ်။ ဒါပေမဲ့ ဒီလိုခေါင်းဆောင်တွေဟာ လွယ်လွယ်နဲ့ ပေါ်ထွက်လာတာ မျိုးတော့မဟုတ်ပါဘူး။

3:09:- What Good Leadership looks like during this pandemic , HBR April 13,2020

ကြေးမုံ