ကျောက်ပန်းတောင်း  ၄  မေ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် ခရမ်းသီးစီးပွားဖြစ်စိုက်ပျိုးကြကာ ခရမ်းခင်းများ အောင်မြင်ဖြစ်ထွန်းကြပြီး ခရမ်းသီးဈေးကောင်းမွန်နေကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လက်ပံအိုင်ရွာ၊ လဲဂွရွာ၊ ညောင်ဖြူပင်ရွာ၊ ကုန်းတဲရွာ၊ ဆပ်ပြာကျင်းကျေးရွာ၊ မုန်းကုန်းရွာ၊ ညောင်ချိုင်းကျေးရွာ၊ မကျည်းတိုင်း၊ ကိုင်း၊ညောင်ပင်သာ၊ စည်ပင်သာကျေးရွာများသည် လယ်ယာကိုင်းကျွန်းဥယျာဉ်ခြံမြေ လုပ်ငန်းလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးကြကာ စိုက်ပျိုးသည့်သီးနှံတိုင်း အောင်မြင်ဖြစ်ထွန်းသည့် ဒေသဖြစ်ကြောင်း မုန့်ကုန်းကျေးရွာမှ တောင်သူ ဦးနန်းတင်က ပြောကြားသည်။ ခရမ်းစိုက်ပျိုးခြင်းအား ဝါဆိုလ၊ ဝါခေါင်လတွင် ပျိုးစတင်ထောင်ကာ တစ်လရှိလျှင် ပျိုးပင်ပေါက်များအား ခရမ်းစိုက်ပျိုးမည့် အခင်းထဲသို့ ရွေ့ပြောင်းစိုက်ပျိုးကြကြောင်း၊ ခရမ်းစိုက်ရာတွင် ရေသွင်းမြောင်းရှည်ဖော်ထားပြီး တစ်ပေခွဲအကွာ ရေသွင်းမြောင်းတစ်လျှောက် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး တစ်လကြာလျှင် အပွင့်ပွင့် အသီးသီးကြောင်း သိရပြီး ခရမ်းသီးဆွတ်ခူးရောင်းချချိန် ဈေးနှုန်းငါးရာကျပ်ရောင်းချရခြင်းကြောင့် ခရမ်းစိုက်ကြသည့် တောင်သူများ မိသားစုပုံမှန်ဝင်ငွေဖော်ဆောင်ပေးနေသော ခရမ်းသီးအားစိုက်ပျိုးသင့်ကြောင်း လဲဂွကျေးရွာ ခရမ်းစိုက်တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြသည်။

 

ခရမ်းသီးများအား ငါးရက်တစ်ကြိမ်ဆွတ်ခူးပြီး ခရမ်းသီးပွဲစားများက စိုက်ခင်းအထိ လာရောက်ဝယ်ယူခြင်း၊ ကျောက်ပန်းတောင်းမြို့ မြို့မဈေးသို့သွားရောက်ရောင်းချကြောင်း သိရသည်။ခရမ်းသီးမျိုး သုံးမျိုးစိုက်ပျိုးကြပြီး ဆင်စွယ်ခရမ်းမျိုးသည် အရှည်သီးဖြစ်ပြီး ဘုလုံးအစိမ်းမျိုးနှင့် ဘုလုံးအပြာခရမ်းမျိုးတို့ စိုက်ပျိုးကြကြောင်းသိရပြီး ခရမ်းစိုက်ပျိုးတောင်သူများ တစ်ပိသာငါးရာကျပ်နှုန်းဖြင့် ရောင်းချရခြင်းကြောင့် ခရမ်းစိုက်တောင်သူများ မိသားစုဝင်ငွေပုံ မှန်ရရှိနေကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

mdn