သစ်တောသစ်ပင်များသည် လူသားတို့အတွက် လိုအပ်သည့် သစ်နှင့် သစ်တောထွက်ပစ္စည်းများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိသည်။ ထိုမျှမက သစ်တောသစ်ပင်များသည် ကျွန်ုပ်တို့ခန္ဓာကိုယ် အတွင်းရှိ အဆုတ်ကဲ့သို့ ကမ္ဘာ့လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူရှူသွင်းပြီး အောက်ဆီဂျင်ဓာတ်ငွေ့ ပြန်ထုတ်ပေးသည့်အတွက် Lungs of the Earth ဟု တင်စားခေါ်ဝေါ်ကြသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကို သစ်တောသစ်ပင်များက ထိန်းညှိလျှော့ချပေးသည့် ယန္တရားလုပ်ငန်းစဉ်တစ်ခုကို စွမ်းဆောင်ပေးလျက်ရှိသည်။ ကမ္ဘာကြီးပေါ်တွင် ဖြစ်ပျက်နေသော ရာသီဥတုပြောင်းလဲမှုများ ဥပမာအားဖြင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူချိန်မြင့်မားခြင်း၊ မီးလောင်ခြင်းစသည်တို့ကို သစ်ပင်များက နှစ်အလိုက်၊ ရာသီအလိုက် မှတ်တမ်းတင်ထားကြသဖြင့် လွန်ခဲ့သောနှစ်များစွာအတွင်း ဖြစ်ပျက်ခဲ့သည့် ရာသီဥတုဖြစ်စဉ်များကို သစ်ပင်များမှတစ်ဆင့် ပြန်လည်ရှာဖွေ ဖော်ထုတ်သိရှိနိုင်သည်။

ထိုမျှမက အတိတ်ကာလ ရာသီဥတုအခြေအနေများ ကို သရုပ်ခွဲလေ့လာဆန်းစစ်ပြီး လာမည့်နှစ်များအတွင်း ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုအခြေအနေများကိုလည်း သိပ္ပံပညာရှင်များက ခန့်မှန်းတွက်ချက် ဖော်ပြနိုင်ပါ သည်။ သစ်ပင်တို့တွင် ဖြစ်ပေါ်နေသော နှစ်ကွင်းများ (Tree Rings) မှတစ်ဆင့် သမိုင်းဖြစ်စဉ်များကို ပြန်လည် ဖော်ထုတ်သည့်ပညာရပ်ကို အင်္ဂလိပ်ဘာသာဖြင့် Dendrochronology ဟု ခေါ်ပါသည်။ ၎င်းပညာရပ်ကို လေ့လာခြင်းဖြင့် ရှေးဟောင်းသုတေသနလုပ်ငန်းများ၊ ရေဒီယိုကာဗွန် (C14) ကို သရုပ်ခွဲဆန်းစစ်ပြီး သမိုင်း ဖြစ်စဉ်များဖော်ထုတ်ခြင်း၊ အတိတ်ကာလ ရာသီဥတု ဖြစ်စဉ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဖြစ်ရပ်များကို သစ်ပင်များ၏ နှစ်ကွင်းအကျယ် (Ring width) ကို တိုင်းတာတွက်ချက် သိရှိနိုင်ခြင်းနှင့် သစ်တောစီမံ အုပ်ချုပ်မှုကို အထောက်အကူပြုစေခြင်း ဥပမာ၊ သစ်ပင် တို့၏ ကြီးထွားနှုန်း၊ သစ်ပင်စု သိပ်သည်းမှု စသည်တို့ကို တွက်ချက်သိရှိနိုင်ပါသည်။

စက်ဝိုင်းပုံသဏ္ဌာန်ရှိသော အကွင်းလေးများ

သစ်ပင်များသည် ကမ္ဘာပေါ်တွင် နှစ်သန်းပေါင်း ၃၈၀ ကတည်းက ဖြစ်ပေါ်တည်ရှိခဲ့ပြီး အပင်၏ပုံသဏ္ဌာန်၊ အမျိုးအစား၊ သဘာဝအတိုင်းဖြစ်စဉ်များအရ သစ်ပင် ကြီးများတွင် ပင်စည် (Woody stem) များသည် သစ်ပင်ရှင်သန်ရပ်တည်နိုင်ရေး အပင်ဇီဝကမ္မဖြစ်စဉ်များ ဆောင်ရွက်ရန် အစာရေစာသယ်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ပင်စည်၏အတွင်းပိုင်းမှ ဖွံ့ဖြိုးလာ ပြီး အပြင်ဘက်သို့ ကြီးထွားကာ ပြင်ပရာသီဥတု (မိုးရေ ချိန်၊ အပူချိန်) သက်ရောက်မှုကြောင့် ကြီးထွားမှုရပ်ဆိုင်း သည့် ကာလတွင် ပင်စည်၌ နှစ်ကွင်း (Annual Ring) ဖြစ်ပေါ်လေ့ရှိသည်။ သစ်ငုတ်တစ်ခု၏ ဖြတ်ပိုင်းပုံကို အပေါ်မှ ကြည့်ရှုပါက စက်ဝိုင်းပုံသဏ္ဌာန်ရှိသော အကွင်း လေးများကို မြင်နိုင်ပါသည်။ အပြင်ဘက်ရှိ နှစ်ကွင်းသည် အတွင်းဘက်ရှိ နှစ်ကွင်းထက် ပိုမိုသက်တမ်းနုပြီး နှစ်ကွင်း များသည် ရာသီဥတုဖြစ်စဉ်ကြောင့် အကျဉ်းအကျယ် ကွာခြားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ပင်စည်တွင် နှစ်ကွင်းများဖြစ်ပေါ်စေသည့် အကြောင်းရင်း သုံးခုရှိသည်။ ၎င်းတို့မှာ မိုးရွာသွန်းသည့် ကာလပြတ်တောက် ခြင်း (No Precipitation)၊ အပူချိန် လွန်စွာလျော့ကျခြင်း (Very Low Temperature) နှင့် ရေလွှမ်းမိုးခြင်း (Inun- dation) တို့ ဖြစ်သည်။ အပင်နှစ်ကွင်းများကို လေ့လာ သည့်ပညာရပ်သည် ၁၉၈၀ နှစ်များတွင် စတင်ခဲ့ကြပြီး အထူးသဖြင့် နှစ်ကွင်းများ ထင်ရှားစွာတွေ့မြင်ရသည့် အအေးပိုင်းဒေသ ထင်းရှူးနှင့် ဝက်သစ်ချသစ်မျိုးများကို လေ့လာခဲ့ကြရာ Bristlecone ထင်းရှူးမျိုးမှ နှစ်ပေါင်း ၈၆၀၀ နှင့် Hohenheim Oak ဝက်သစ်ချမျိုးမှ နှစ်ပေါင်း ၁၂၅၀၀ အထိ နှစ်ကွင်းများကို လေ့လာနိုင်ခဲ့ကြသည်။

အပူပိုင်းဒေသနိုင်ငံများတွင် သစ်ပင်နှစ်ကွင်းများမှ ပြောင်းလဲဖြစ်ပေါ်ခဲ့သည့် ရာသီဥတုနှင့် သဘာဝပတ်ဝန်း ကျင်အခြေအနေများကို လေ့လာကြသည်မှာ မကြာသေး ပါ။ အပူပိုင်းဒေသတစ်ခုဖြစ်သည့် အရှေ့တောင်အာရှ ဒေသနိုင်ငံများတွင် ကျွန်းကဲ့သို့သော နှစ်ကွင်းထင်ရှားစွာ မြင်ရသည့်အပင်များကို သုတေသနပြု လေ့လာခဲ့ကြ သည်၊၊ မြန်မာနိုင်ငံ သစ်တောသုတေသနဌာနသည် အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်၊ ဂျာမနီ နိုင်ငံ ဂိုတင်ဂန်တက္ကသိုလ်၊ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ် တို့နှင့် နှစ်ကွင်းသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။ ကျွန်းပင်များ၏ ကြီးထွားမှုသည် မိုးရွာ သွန်းမှုကာလနှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကဲ့သို့သော နိုင်ငံ များတွင် မုတ်သုံရာသီကာလ (မေလမှ အောက်တိုဘာ လ) အတွင်း ရွာသွန်းသော မိုးရေချိန်နှင့် တိုက်ရိုက် ဆက်စပ်ကြောင်း သုတေသီများက ဖော်ထုတ်လေ့လာ နိုင်ကြသည်။ မိုးရွာသွန်းမှုများသောနှစ်တွင် နှစ်ကွင်းများ ကျယ်ပြီး ခြောက်သွေ့ကာလ မိုးနည်းသောနှစ်တွင် နှစ်ကွင်းများ ကျဉ်းမြောင်းသည်ကို တွေ့ရှိသည်၊၊ ထို့အပြင် ပင်စည်ပေါ်ရှိ နှစ်ကွင်းများ၏ အချင်းကို လေ့လာပြီး ထိုနှစ် အတွင်း မိုးရွာသွန်းမှု၊ အပူချိန်နှင့် ထူးခြားသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာဖော်ထုတ်ကြသည်။ (ဥပမာ၊ အယ်နီညိုဖြစ်စဉ်စက်ဝန်းကို လေ့လာဖော်ထုတ် ပြီး နောင်ဖြစ်လာနိုင်သည့်နှစ်ကို ခန့်မှန်းခြင်း) ထို့အပြင် မုတ်သုံရာသီ၏ဖြစ်စဉ် (Monsoon Rhythm) ကိုလည်း တွက်ချက်ဖော်ထုတ်ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အန်ကာမြို့ဟောင်းသည် ၁၅ ရာစုအတွင်း ဆိုးရွားစွာ ရေလွှမ်းမိုးမှုနှင့် ကြာမြင့်စွာမိုးခေါင်မှုများကြောင့် ခရစ်နှစ် ၁၄၃၁ ခုနှစ်တွင် မြို့ပျက်သုဉ်းခဲ့ကြောင်း ၎င်းနေရာ ရှိ သစ်ပင်ကြီးများ၏ နှစ်ကွင်းများမှတစ်ဆင့် ဖော်ထုတ် လေ့လာခဲ့ကြသည်။ ထို့ကြောင့် ယနေ့ကမ္ဘာကြီးတွင် ဖြစ်ပျက်ပြောင်းလဲနေသော ရာသီဥတုဖြစ်စဉ်များကို လေ့လာသိရှိနိုင်ရန်နှင့် ယခင်နှစ်ကာလများအတွင်း ဖြစ်ပျက်ခဲ့မှုများအပေါ်အခြေခံ၍ အနာဂတ် ရာသီဥတု ပြောင်းလဲမှုကို ကြိုတင်ခန့်မှန်းတွက်ချက်ရန်အတွက် သက်တမ်းရင့်သစ်ပင်ကြီးများကို ထိန်းသိမ်းစောင့်ရှောက် ရန် အလွန်အရေးကြီးလှပါသည်၊၊

ပင်စည်နှစ်ကွင်းများကိုလေ့လာ

သက်ရှိသစ်ပင်ကြီးများမှ ပင်စည်နှစ်ကွင်းများကို လေ့လာရန် အပင်ခုတ်လှဲရန်မလိုအပ်ဘဲ ပင်စည်ဖြတ်ပိုင်း ပုံစံအတိုင်း နှစ်ကွင်းနမူနာချောင်းများကို ထုတ်ယူနိုင် သည်။ နေရာဒေသတစ်ခု၏ Chronological index တစ်ခု ရေးဆွဲဖော်ထုတ်ရာတွင် သက်ရှိသစ်ပင်များရှိ နှစ်ကွင်း များကိုသာမက ရှေးဟောင်းအဆောက်အဦများတွင် အသုံးပြုထားသော သစ်သားများပေါ်ရှိ နှစ်ကွင်းများကိုပါ ဆက်စပ်တိုင်းထွာဖော်ထုတ်ကြသည်။ ဂျပန်နိုင်ငံ ရှိ သစ်သားဖြင့်ပြုလုပ်ထားသော ရှေးဟောင်းဗုဒ္ဓရုပ်ပွား ဆင်းတုတစ်ဆူအား သစ်သားပေါ်ရှိ နှစ်ကွင်းကို လေ့လာ ပြီး ထုလုပ်ခဲ့သည့်နှစ်ကို ဖော်ထုတ်နိုင်ခဲ့ကြသည်။ ဘုရင့်နောင်မင်းတရားကြီးတည်ဆောက်ခဲ့သော ကမ္ဘောဇ သာဒီနန်းတော်ကြီးတွင် အသုံးပြုခဲ့သော ကျွန်းတိုင်ကြီးများ၏ နှစ်ကွင်းများကို လေ့လာ၍ ထိုခေတ်က နန်းတော် တည်ဆောက်ရာတွင် လက်ဆောင်အဖြစ် ကျွန်းတိုင်များကို ရှမ်းစော်ဘွားများအပြင် အိမ်နီးချင်းနိုင်ငံများမှပါ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အယ်နီညိုနှင့် လာနီညာဟု လူသိများသော ပစိဖိတ် သမုဒ္ဒရာ၏ အပူချိန်ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ကမ္ဘာ ပေါ်တွင် ကြာမြင့်စွာမိုးခေါင်ခြင်း သို့မဟုတ် ပြင်းထန်စွာ မိုးရွာသွန်းမှုတို့ ခံစားရလေ့ရှိသည်။ အမေရိကန်နိုင်ငံမှ သုတေသီများသည် သက်တမ်း နှစ် ၁၁၀၀ ရှိသော သစ်ပင် ၏ နှစ်ကွင်းများကို လေ့လာခဲ့ကြပြီး အယ်နီညိုနှင့် လာနီညာဖြစ်စဉ်များကို လာမည့်နှစ်များအတွက် ကြိုတင် ခန့်မှန်းတွက်ချက်ခဲ့ကြရာ နှစ်နှစ်မှ ရှစ်နှစ်ကာလ အပိုင်းအခြားတစ်ခုအတွင်း ပင်လယ်ရေပူနွေးမှုကြောင့် ဆောင်းရာသီတွင် မိုးရွာသွန်းမှုများပြားလာကာ လာနီညာ ဖြစ်စဉ်ကြောင့် အခြားတစ်ဖက်တွင် ခြောက်သွေ့မှု (မိုးခေါင်မှု) ဖြစ်ပေါ်နိုင်ကြောင်း ဖော်ထုတ်ခဲ့ကြသည်။ ထိုတွေ့ရှိချက်များမှ အယ်နီညိုတောင်ပိုင်းလှုပ်ရမ်းမှု စက်ဝန်း (El Nino Southern Oscillation Cycle) ကြောင့် နွေရာသီအတွင်း သာမန်ထက်ပိုမိုပူပြင်းပြီး ဆောင်းရာသီတွင် ပိုမိုအေးနိုင်သည့် ပြင်းထန်သည့်ရာသီဥတုဖြစ်စဉ် များကို ခန့်မှန်းဖော်ထုတ်ခဲ့ကြသည်။

အပူပိုင်းဒေသနိုင်ငံများတွင် သစ်ပင်များ၏ နှစ်ကွင်း မှတစ်ဆင့် ရှေးလွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ဖြစ်ပေါ် ခဲ့သော ရာသီဥတုပြောင်းလဲမှုများကို လေ့လာသုတေသန ပြုမှုမှာ အအေးပိုင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါး သည်ဟု ဆိုနိုင်သည်။ ကျွန်းနှင့် ထင်းရှူးကဲ့သို့သော သစ်ပင်များကို လေ့လာမှုများအရ ၎င်းသစ်မျိုးများသည် သက်တမ်းရှည်ကြာစွာ ရှင်သန်ကြီးထွားနိုင်ပြီး ရာသီ ဥတုအပေါ် တုံ့ပြန်ဖြစ်ပေါ်သည့် နှစ်ကွင်းများကို ထင်ရှား စွာတွေ့မြင်နိုင်သဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကို လေ့လာသိရှိနိုင်ရန် ထိန်းသိမ်းထားသင့်ပေသည်။

အချုပ်ဆိုရသော် ကမ္ဘာပေါ်တွင် လူသားများ၏ လုပ်ဆောင်ချက်များကြောင့် သဘာဝပတ်ဝန်းကျင်အခြေ အနေများ ပျက်ယွင်းလာမှုကြောင့် လည်းကောင်း၊ သဘာဝ ဖြစ်စဉ်များကြောင့် လည်းကောင်း ရာသီဥတုပြောင်းလဲ ခြင်းကို မလွဲမသွေ ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်ပါသည်။ ထိုသို့ ရင်ဆိုင်ဖြေရှင်းရန်အတွက် သစ်ပင်များသည် ရှေးယခင်က ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို ပြန်လည်လေ့လာရန် လွန်စွာအထောက်အကူပြုသကဲ့သို့ သဘာဝပတ်ဝန်းကျင်တည်ငြိမ်ရေး၊ ရာသီဥတုပြောင်းလဲ မှု လျှော့ချရေးအတွက် မရှိမဖြစ်လိုအပ်ပေသည်။ သစ်ပင် များက ဖော်ပြပေးနိုင်သည့် ယခင် ရာသီဥတုပြောင်းလဲ မှုဖြစ်စဉ်များကို လေ့လာဆန်းစစ်၍ လာမည့် အနာဂတ် ကာလများတွင် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုအခြေ အနေများကို ကြိုတင်ခန့်မှန်း သိရှိနိုင်ခြင်းဖြင့် လက်ရှိ ကမ္ဘာကြီးတည်မြဲရေး၊ လူသားတို့၏ အကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ရှိသစ်ပင်ကြီးများအား ထာဝစဉ် ထိန်းသိမ်းစောင့်ရှောက်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။

ဒေါက်တာညီညီကျော် (သစ်တော)