မန္တလေး ၆ မေ
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် အဓိကလုပ်ငန်းကြီးလေးရပ်ဖြင့် ဆောင်ရွက်လျက်ရှိသော နေရာများစွာထဲတွင် မယ်ဥတောင်တော်လည်း ပါဝင်သည်။ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မယ်ဥတောင်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ စနစ်တကျ ထိန်းသိမ်းထားသည်။ မယ်ဥတောင် ကြိုးပြင်ကာကွယ်တောအနေဖြင့် ဧရိယာ(၁၆၂၆.၂၄)ဧကရှိသည်။
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် မယ်ဥတောင် ကြိုးပြင်ကာကွယ်တောအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များ စားကျက်ချခြင်း၊ မြေကိုတူးစွခြင်း၊ ခုတ်ထွင်ခြင်းရှင်းလင်းခြင်း၊ ရေစီးရေလာပျက်စီးစေခြင်း၊ ရေတွင်အဆိပ်ခပ်ခြင်း၊ ဓါတုဗေဒပစ္စည်း သို့မဟုတ် ပေါက်ကွဲစေတတ်သော အရားများအသုံးပြုခြင်း၊ တိရစ္ဆာန်များဖမ်းဆီးခြင်း၊ အမဲလိုက်ပစ်ခတ်ခြင်း၊ မီးမွေးခြင်း၊ မီးဖိုခြင်း၊ မီးသယ်ယူခြင်း သို့မဟုတ် မီးကြွင်းမီးကျန်များ ထားရှိခြင်းတို့ မပြုလုပ်ရန် သစ်တောဦးစီးဌာနမှ သတိပေးတားမြစ်ကာ ထိန်းသိမ်းမှုကို ဂရုတစိုက်ပြုလုပ်ထားသည်။
မယ်ဥတောင်ပေါ်တွင် ရသေ့ကြီးဦးခန္တီ ပြုပြင်သာသနာပြုခဲ့သည့် စေတီလည်းရှိသည်။ အခြားစေတီငယ် များစွာလည်းရှိသည်။ ထူးခြားသောနေရာအဖြစ် ချပ်ကြားဟုခေါ်သည့် သရဖီပန်းများစွာ ပေါက်နေသည့်နေရာပင်ဖြစ်သည်။ တောင်ပေါ်တွင် ဉာဏ်တော်အတောင်နှစ်ဆယ်ရှိ ဓါတ်ပေါင်းစု ကမ္ဘာလုံးစေတီတော်သစ် တည်ထားသည်။ အရန်စေတီများကိုလည်း အခြားအလှူရှင်များမှ စုပေါင်းလှူဒါန်းထားသည်။ ရပ်တော်မူ ရုပ်ပွားတော်၊ ရွှေစေတီ ငွေစေတီများကိုလည်း ဖူးမြော်နိုင်သည်။ ယခုအခါ သခင်မတောင်တော်ပေါ် တောင်တက်ကားလမ်း ဖောက်လုပ်ထားသည့်အတွက် ဘုရားဖူးများ ကား၊ ဆိုင်ကယ်များဖြင့် အလွယ်တကူ ဘုရားဖူးသွားလာနိုင်ပြီဖြစ်သည်။
ကွန်ကရစ်ကားလမ်း ဖောက်လုပ်မှုတွင် MBA ပရဟိတ စက်ဘီးစီးအဖွဲ့နှင့် အလှူရှင်မိတ်ဆွေများမှ ဘုံကိုးဆင့်ဘုရား အတက်လမ်း(၁၂၅၅)ပေကို ကွန်ကရစ်လမ်းခင်းကာ ကျားရဲတွင်းအထိ အဆင်းဒွေးလမ်းကို ဘူဒိုဇာထိုးကာ လမ်းသစ်ဖောက်လုပ်ပေးခဲ့သည်။ ကျန်သည့်လမ်းပိုင်းကိုသာ သနာပြုပုဂ္ဂိုလ်တစ်ဦး ဦးဆောင်ကာ အများလှူဒါန်းငွေများ စုပေါင်း၍ တောင်ထိပ်အထိ ကွန်ကရစ်လမ်းခင်းခဲ့သည်။ လက်ရှိကာလတွင် တောင်ခြေမှ တောင်ပေါ်အထိ တောင်တက်ကွန်ကရစ်လမ်း ခင်းပြီးသွားပြီဖြစ်သည့်အတွက် သခင်မတောင်တော်ပေါ် အလွယ်တကူ ဘုရားဖူးသွားလာနိုင်ပြီဖြစ်သည်။
ရန်ကင်းတောင်ပေါ် ဘုရားဖူးလာသူများကို မွန်းတည့် ၁၂ နာရီမကျော်ပါက စတုဒီသာထမင်းကျွေးမွေးကာ ကုသိုလ်ပြုပြီး မွန်းတည့် ၁၂ နာရီကျော်ပါက လက်ဖက်၊ ကော်ဖီများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးလျက်ရှိသည်။ ဘုရားဖူးများအတွက် တည်းခိုမဏ္ဍပ်ထိုးထားပြီး တစ်နှစ်ပတ်လုံး ကုသိုလ်ပြုကျွေးမွေးလျက်ရှိသည်။ လက်ရှိကာလတွင် မယ်ဥတောင်ပေါ်သို့ ကားဆိုင်ကယ်များဖြင့် အလွယ်တကူ ဘုရားဖူးနိုင်ပြီဖြစ်သည်။
တိမ်တမန်


