ပြင်ဦးလွင် ၆ မေ

 

ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွား ဧည့်သည်အများစုမှာ ပြင်ဦးလွင်မြို့၏ အထင်ကရအလှသင်္ကေတဖြစ်သော သမိုင်းဝင်နာရီစင်နှင့် ရထားလုံးပုံ ပြုလုပ်ထားသည့် ပန်းခြံအနီး အမှတ်တရ ဓာတ်ပုံရိုက်ကူးကြသည်။

 

ပြင်ဦးလွင်မြို့မှာ မန္တလေးမြို့နှင့် (၄၂)မိုင်ခန့်ဝေးသော တောင်ပေါ်မြို့ကလေးပင်ဖြစ်သည်။ မြန်မာပြည်အရပ်ရပ်မှ မေမြို့ သို့မဟုတ် ပြင်ဦးလွင်၊ တောင်လှေကားမြို့အဖြစ် တင်စားထားသည်။ နိုင်ငံတကာခရီးသွား ဧည့်သည်များ လာရောက်မှုများသော မြို့ဖြစ်ပြီး ပြည်တွင်းမှလည်း လာရောက်လည်ပတ်သည့် မြို့ကလေးပင်ဖြစ်သည်။ ပြင်ဦးလွင်မြို့ကို မြန်မာသက္ကရာဇ် ၁၂၁၂(ခရစ်နှစ်-၁၈၅၀)တွင် တည်ထောင်ခဲ့ပြီး အင်္ဂလိပ်ခေတ် ၁၈၉၇ တွင် ပြင်ဦးလွင်အမည်ကို မေမြို့အဖြစ်ကြေညာပြီး တောင်စခန်းမြို့အဖြစ် သတ်မှတ်တည်ဆောက်ခဲ့သည်။ နောက်ပိုင်းကာလတွင် ပြင်ဦးလွင်အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ထင်ရှားသော နေရာများစွာရှိပြီး ပန်းမြို့တော်အဖြစ် လူသိများသည်။

 

ပြင်ဦးလွင်မြို့သည် အေးသောရာသီဥတုရှိပြီး နေထိုင်ကောင်းသော မြို့ဖြစ်သည်။ ဥရောပဆန်သော မြို့ဖြစ်ပြီး နှစ်ပေါင်းတစ်ရာကျော် အင်္ဂလိပ်ခေတ်လက်ရာ အဆောက်အဦများ တည်ရှိသည်။ ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သူအများစုမှာ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ ပိတ်ချင်းမြောင် နန္ဒမူလှိုဏ်ဂူတော်၊ ပွဲကောက်ရေတံခွန်၊ တရုတ်ငါးပါးသီလဘုံကျောင်း၊ ကန်တော်ကလေး၊ နာရီစင်သို့ အများစု သွားလာလည်ပတ်လေ့လာကြသည်။

 

ပြင်ဦးလွင် သင်္ကေတများတွင် ထူးခြားသောအရာမှာ ရထားလုံးများပင်ဖြစ်သည်။ ရထားလုံးနှင့် သမိုင်းဝင်နာရီစင်ကို ယှဉ်တွဲမြင်ရခြင်းသည် ပြင်ဦးလွင်မြို့၏ ပြည့်စုံလှပသည့် ပန်းချီကားတစ်ချပ်ဟုပင် တင်စားထားသည်။ လက်ရှိကာလတွင် ပြင်ဦးလွင် အလှသင်္ကေတဖြစ်သည့် ရထားလုံးနှင့် နာရီစင်ပုံကို ပန်းခြောက်များဖြင့် အလှဆင်ပုံဖော်ထားရာ နေရာသည် ပြင်ဦးလွင်မြို့၏ အထင်ကရအလှသင်္ကေတ အမှတ်တရနေရာအဖြစ် တည်ရှိသည်။

 

တိမ်တမန်