ဒေါက်တာကျော်ဇင်သန့်(ဆေးသုတေသန)

 

ရောဂါဝန်ထုပ်ဝန်ပိုး (burden of disease) အကြောင်း ဆွေးနွေးကြမည်ဆိုလျှင် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံအများစုသည် ကူးစက်တတ်သောရောဂါများ (Communicable Diseases) နှင့် မကူးစက်တတ်သော နာတာရှည်ရောဂါများ (Non–Communicable Diseases) ဟူသည့် ရောဂါဝန်ထုပ်ဝန်ပိုးနှစ်မျိုးလုံးကို လတ်တလော ခံစားနေရပြီး “Double Burden of Disease” ဟု ပြောစမှတ်ပြုကြရသည်။


တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ်အပါအဝင် ရောဂါတားဆီးကာကွယ်နှိမ်နင်းရေး ကြိုးစားအားထုတ်မှုများကြောင့် ကူးစက်ရောဂါများ၏ ဝန်ထုပ်ဝန်ပိုး အနည်းငယ်လျော့ကျလာချိန်တွင် မကူးစက်တတ်သော ရောဂါများ၏ ဝန်ထုပ်ဝန်ပိုးက ထင်သာမြင်သာရှိလာခဲ့သည်။ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပြည်သူတစ်ရပ်လုံး၏ အသက်ရှည်ရာ၊ အနာမဲ့ကြောင်းကို ဦးတည်ချက်ထားပြီး စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ ်ခဲ့သဖြင့် တိုးတက်အောင်မြင်မှုများ အတော်အသင့်ရခဲ့သည်မှာ အထင်အရှားဖြစ်သည်။ သို့သော် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးအသိပညာ မြှင့်တင်ရေး၊ ကျန်းမာရေး ကဏ္ဍအသုံးစရိတ် သိသိသာသာ မြှင့်တင်ရေး၊ ပြည်သူ့ အကျိုးပြု ကျန်းမာရေးဝန်ထမ်းများ လုံလုံလောက်လောက် မွေးထုတ်တာဝန်ပေးအပ်ရေး၊ ပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံပေး မည့် အမျိုးသားကျန်းမာရေး အာမခံစနစ်ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင် အထည်ဖော်နိုင်ရေး၊ အဓိကကျသော ပြည်သူ့စွမ်းအားကို ရယူကာ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်စလုံး လက်တွဲကြိုးပမ်းမှုဖြင့် လူတိုင်းလက်လှမ်းမီ နိုင်သည့် ကျန်းမာရေးလွှမ်းခြုံစောင့်ရှောက်မှုကို ၂၀၃၀ ပြည့်နှစ်တွင် ရယူနိုင်ရေး စသည်တို့မှာ လက်ရှိတွေ့ကြုံ ရင်ဆိုင်နေရသော ကြီးမားသည့်စိန်ခေါ်မှုများပင်ဖြစ်သည်။


ကိုဗစ်- ၁၉ အစ

မြန်မာနိုင်ငံအနေဖြင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးကဏ္ဍတွင် အောင်မြင်မှု အတော် အသင့်ရရှိနေချိန်၌ ကြိုတင်မျှော်လင့်မထားသော ရောဂါဆိုးကြီးဖြစ်သည့် ကိုဗစ်- ၁၉ ရောဂါကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကူးစက်ဖြစ်ပွားသူ စတင်တွေ့ရှိခဲ့သည်။ အထူးပြု တင်ပြလိုသောအချက်မှာ အဆိုပါ ရောဂါသည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း စတင်ဖြစ်ပေါ် ကူးစက်ခဲ့ခြင်းမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံကြီး တစ်ခုတွင် ပထမဆုံး စတင်ဖြစ်ပွား ခဲ့ရာမှ ဒုတိယရေလှိုင်း (Second Wave) အဖြစ် ဥရောပနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးနီးပါး ကူးစက်ခံခဲ့ရပါသည်။


ကိုဗစ်- ၁၉ ရောဂါသည် ကာယကံရှင်ကို ရောဂါပိုး စတင်ကူးစက်ခံရပြီး အသက်ရှူလမ်းကြောင်းရောဂါ ပုံသဏ္ဌာန်ဖြစ်သည့် နှာချေချောင်းဆိုးခြင်း၊ သလိပ် တံတွေးထွေးခြင်း၊ မျက်နှာတူရူစကားပြော၊ အော်ဟစ် ရယ်မောခြင်း စသည့်နည်းလမ်းများဖြင့် နီးစပ်ရာ ပုဂ္ဂိုလ်များသို့ ကူးစက်ပျံ့နှံ့ခြင်း မပြုနိုင်သေးသော ကာလကို ရောဂါပိုး အားယူချိန်ကာလ/ ရောဂါအစပျိုး ကာလ(Incubation period)ဟု ခေါ်ပါသည်။ Window period ဟုလည်း ခေါ်ဆိုနိုင်ပါသည်။ အဆိုပါကာလမှာ သာမန်အားဖြင့် ရောဂါပိုးစဝင်ပြီး ၇ ရက်မှ ၁၄ ရက် အတွင်း ဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာမပြမချင်း မည်သူမျှ သံသယဖြစ်ဖွယ် မရှိပါ။ အပေါ်ယံကြည့်ပါက လူကောင်း ပကတိအဖြစ် မြင်တွေ့ရသော ကာလဖြစ်ပါ သည်။ အဆိုပါ ရောဂါအစပျိုးကာလအတွင်း silent carrier အဖြစ် မြန်မာ နိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး မြန်မာနိုင်ငံ တစ်နံတစ်လျား ပျံ့နှံ့သွားသော လူအရေအတွက် မည်မျှရှိခဲ့သည်ကို အတိအကျ စာရင်းကောက်ယူရန် အလွန်ခက်ခဲလှပါသည်။ ယင်းအချက်မှာ ကျန်းမာရေး စီမံခန့်ခွဲသူများနှင့် ကျန်းမာ ရေးဝန်ထမ်းများအတွက် ပဟေဠိပုစ္ဆာ ဖြစ်ပါသည်။


တာဝန်ကျေသော ကျန်းမာရေးဌာန

အိမ်နီးချင်းနိုင်ငံကြီးတွင် ကိုဗစ်- ၁၉ ရောဂါ စတင် ဖြစ်ပွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ တရားဝင် သတင်းပေးပို့ချိန် (၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်သို့ အကူးအပြောင်းကာလ) မှ အစပြု၍ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိရှိခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး၏ တက်ကြွသော ဦးဆောင်မှုဖြင့် လိုအပ်သော ပြင်ဆင်ဆောင်ရွက်စုဖွဲ့မှုများကို စတင်ဆောင်ရွက်ခဲ့ပြီး အထက် အဖွဲ့အစည်းများသို့လည်း အချိန်နှင့် တစ်ပြေးညီ အစီရင်ခံတင်ပြကာ လမ်းညွှန်မှု ရယူဆောင်ရွက်ခဲ့ပါသည်။ မူလက ပြည်ထောင်စုဝန်ကြီးအဆင့် ဦးဆောင်ဖွဲ့စည်းခဲ့သော ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော အမျိုးသားအဆင့်ကော်မတီအဖြစ် အဆင့်မြှင့် ဖွဲ့စည်း ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအားလုံး စည်းချက်ညီစွာ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါသည်။


ကိုဗစ်- ၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီးချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝန်းလုံး ရောဂါကာကွယ်၊ ထိန်းချုပ်ခြင်း၊ နိုင်ငံဝင်ပေါက်အားလုံးကို ထိန်းချုပ်ခြင်း၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ပြည်ပပျံသန်းမှုများကို ခေတ္တရပ်ဆိုင်းခြင်း၊ ကုန်းတွင်းဝင်ပေါက်များ၊ သင်္ဘောဆိပ်၊ ရေဆိပ်များကို ထိန်းချုပ်ခြင်း၊ ရောဂါအတည်ပြုပြီး လူနာများကို Isolation သီးခြားထားရှိခြင်း၊ သံသယလူနာများနှင့် စောင့်ကြည့်ခံ ပုဂ္ဂိုလ်များကို Quarantine ပြုလုပ်ခြင်း ( Facility-based, Community-based စသည်) ၊ Fever Clinic များ ဖွင့်လှစ်ခြင်း၊ ရောဂါပျံ့နှံ့မှုရှိနေသောဒေသ၊ မြို့နယ်များကို အဝင်အထွက် ကန့်သတ်ခြင်း၊ Stay at Home နေထိုင်စေခြင်း၊ လုံခြုံရေးသတိဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်ခြင်း၊ လူစုလူဝေးနှင့် အခမ်းအနားများကို တားမြစ်ပိတ်ပင်ခြင်း၊ အထူးသဖြင့် နှစ်စဉ်ကျင်းပမြဲ မြန်မာ့ ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ကို ပြည်သူတစ်ရပ်လုံး၏ အသိ စိတ်ဓာတ်နှင့် သည်းခံချုပ်တည်းမှုဖြင့် တိတ်ဆိတ်ငြိမ်သက် စွာကျော်ဖြတ်ခဲ့ခြင်းတို့မှာ ခေတ်သစ်မြန်မာနိုင်ငံ၏ သမိုင်းဝင် ခြေလှမ်းများ ဖြစ်ခဲ့ပါသည်။ ထို့အပြင် ခရီးသွားမြှင့်တင်ရေးကဏ္ဍ၏ အရေးပါသော ဝင်ငွေရလမ်းတစ်ခုဖြစ်သည့် ပြည်ပကမ္ဘာလှည့်ခရီးသည်တင် သင်္ဘောတစ်စင်း မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ်မည့်ကိစ္စကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အရေးတကြီး အကြံပြုတင်ပြချက်အပေါ် နိုင်ငံခေါင်းဆောင်များက အရေးတယူ စဉ်းစားပြီး အဆိုပါသင်္ဘောကို ဝင်ရောက်ရပ်နားခွင့် မပြုခဲ့ခြင်းမှာလည်း Diamond Princess သင်္ဘော၊ MS Zaandam သင်္ဘောများကဲ့သို့သော အဖြစ်ဆိုးနှင့် ရောဂါပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ခဲ့ခြင်း အောင်မြင်မှု သာဓကတစ်ခု ဖြစ်ခဲ့ပါသည်။


မူရာမာယာများတဲ့ ကိုဗစ်- ၁၉

ကိုဗစ် - ၁၉ ကူးစက်မြန်ရောဂါကို ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်မှာ ရိုင်ဘိုနျူကလီးယစ်အက်စစ် (RNA) ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး တိရစ္ဆာန်များတွင် အဓိက ကူးစက်ဖြစ်ပွားလေ့ရှိပါသည်။ သာမန်အားဖြင့် လူသားများသို့ ကူးစက်ပျံ့နှံ့လေ့ မရှိပါ။ Animal to Human interface (သို့မဟုတ်) Animal to Human Transmission Barrier ကြားခံ အဆီးအတား ရှိပါသည်။ သို့သော် တိရစ္ဆာန်များနှင့် လူသားများ အနေနီးစပ်လွန်းသောကြောင့်ဖြစ်စေ၊ လူသားများ၏ ပယောဂကြောင့် သဘာဝလွန်ဖြစ်ရပ်များ ဖြစ်ပွားသောကြောင့်ဖြစ်စေ အဆိုပါ ကြားခံအဆီးအတား ကျိုးပျက်ပြီး တိရစ္ဆာန်မှ လူသားသို့ ကူးစက်ခြင်း ဖြစ်ပွားခဲ့ရပါသည်။ ပိုမိုဆိုးရွားသော ဖြစ်စဉ်အနေဖြင့် ကူးစက်ခံရသော လူသားတစ်ဦးမှ နီးစပ်ရာ အခြားလူသားများသို့ ကူးစက်ပျံ့နှံ့ခြင်း (Human to human transmission) ဖြစ်ပွားခဲ့ပါက ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ကပ်ရောဂါအသွင် ဆိုက်ရောက်လာပါသည်။ ဟောင်ကောင်မှ စတင်ဖြစ်ပွားခဲ့သည့် SARS ရောဂါ၊ ဆော်ဒီအာရေဗျနိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် MERS ရောဂါတို့မှာ ထင်ရှားသော နမူနာများဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါကပ်ရောဂါများ ဖြစ်ပွား ခဲ့စဉ်က ကံအားလျော်စွာ ရောဂါကူးစက်မှု ကင်းလွတ် ခဲ့သည့်အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါအပေါ် အတွေ့ အကြုံ မရှိခဲ့သလို အလွန်အမင်း စိုးရိမ် ကြောက်ရွံ့ခြင်း မရှိခဲ့ပါ။ ရာသီတုပ်ကွေး၊ သွေးလွန် တုပ်ကွေး၊ ဆင်တုပ်ကွေး စသည်တို့ကိုသာ ကြုံတွေ့ ခဲ့ဖူးပါသည်။


ကိုရိုနာဗိုင်းရပ်စ်မှာ RNA ဗိုင်းရပ်စ် ဖြစ်သည့် အလျောက် မျိုးပွားရာတွင် မျိုးရိုးဗီဇပြောင်းလဲမှု (genetic mutation) မြန်ဆန်ပြီး များပြားလေ့ ရှိပါသည်။ ရောဂါလက္ခဏာမှာ သာမန်အားဖြင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ ကျပ်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ခြေကုန်လက်ပန်းကျခြင်း စသည်တို့ အဖြစ်များပြီး ဝမ်းပျက်ဝမ်းလျှောခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ မျက်စိနာရောင်ရမ်းခြင်းတို့ ဖြစ်လေ့ဖြစ်ထ မရှိပါ။ သို့သော်လည်း ရောဂါတစ်ခုထက်ပို၍ ပူးတွဲ ဖြစ်ပွားခြင်းတို့ကြောင့် ရောဂါလက္ခဏာများ ဆင်တူ ယိုးမှားဖြစ်ခြင်း ဖြစ်သွားနိုင်ပါသည်။ တစ်ထစ်ချ လှေနံဓားထစ် မှတ်သားထား၍ မရနိုင်ပါ။ လူနာအနေဖြင့် ခံတွင်းပျက်ခြင်း၊ အနံ့ခံအာရုံ ချို့ယွင်းခြင်း စသည်တို့ကို ယခုနောက်ပိုင်း ကြုံတွေ့ရတတ်ပါသည်။ ရောဂါလက္ခဏာ အဖြစ် ယခင်က မှတ်တမ်းတင်မထား သောဖြစ်ရပ်များကို ကြုံတွေ့ရနိုင်ကြောင်း သတိချပ် သင့်ပါသည်။


ပဋိပစ္စည်းလှုံ့နှင့် ပဋိပစ္စည်း

ဤနေရာတွင် ရောဂါဖြစ်ပွားမှုနှင့် ခန္ဓာကိုယ်၏ ရောဂါပြီးစနစ် တုံ့ပြန်မှုတို့အပေါ် အကြမ်းဖျင်း ရှင်းပြလိုပါသည်။ ဗိုင်းရပ်စ်ပိုး၊ ဗက်တီးရီးယားပိုး၊ ကလာမိုင်ဒီးယားပိုး၊ ဖန်းဂပ်စ်ပိုး စသည့်ရောဂါ ဖြစ်စေ သော ပိုးအမျိုးမျိုးကို pathogen ဟုခေါ်ပါသည်။ ယင်း pathogen များသည် ခန္ဓာကိုယ်၏ ဒွါရကိုးပေါက် တို့မှ နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးတို့ဖြင့် ဝင်ရောက်ပြီး လက်ခံကောင် (ဥပမာ-လူ၊ တိရစ္ဆာန်စသည်ဖြင့်) အတွင်း ခြေကုပ်ယူရန် ကြိုးစားလေ့ ရှိပါသည်။


ယင်း pathogen များကို ပဋိပစ္စည်းလှုံ့ (antigen)ဟု လည်း ခေါ်ဆိုပါသည်။ ယင်းအပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်မှု ဖြစ်သောပဋိပစ္စည်း (antibody) များ ထွက်ပေါ် လာရေးကို လှုံ့ဆော်ပေးသဖြင့် “ပဋိပစ္စည်းလှုံ့” ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ခန္ဓာကိုယ်ထဲသို့ ဝင်လာသော ပဋိပစ္စည်းလှုံ့တိုင်းအတွက် ခန္ဓာကိုယ်၏ ရောဂါပြီး စနစ်က ပဋိပစ္စည်း ထုတ်ပေးပါသည်။


နယူတန်၏ တတိယနိယာမအတိုင်း သက်ရောက် မှုတိုင်းအတွက် လားရာ(အကျိုး)ဆန့်ကျင်သော တန်ပြန် သက်ရောက်မှု ထုတ်ပေးခြင်းနှင့် အလား သဏ္ဌာန်တူပါသည်။ ခန္ဓာကိုယ်က ထုတ်ပေးသော ပဋိပစ္စည်း အားကောင်းလျှင် ဝင်လာသော ရောဂါပိုး ပဋိပစ္စည်းလှုံ့ကို နိုင်ပါသည်။ Immune system ချို့ယွင်း အားနည်းပြီး ကိုယ်ခံအားကျဆင်းနေသူ (ဥပမာ-နာတာရှည်ရောဂါ ခံစားနေရသူ၊ ကိုယ်ခံအား ကျဆင်းအောင် ဆေးတစ်မျိုးမျိုးဖြင့် ချိုးနှိမ်ထားခြင်း ခံရသူ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါခံစားနေရသူ) ဖြစ်ပါက ခန္ဓာကိုယ်က ထုတ်ပေးသော ပဋိပစ္စည်း အားနည်းပြီး ဝင်လာသော ရောဂါပိုး ပဋိပစ္စည်းလှုံ့ကို မခုခံမကာကွယ်နိုင်ဘဲ ရှုံးနိမ့်ပါမည်။ ယင်းမှာ ပဋိ ပစ္စည်းလှုံ့နှင့် ပဋိပစ္စည်းတို့၏ တိုက်ပွဲပင် ဖြစ်ပါသည်။


သဘာဝတရား၏ နိယာမအတိုင်း ပဋိပစ္စည်းလှုံ့ နှင့် ပဋိပစ္စည်းတို့ အဝင်အထွက်၊ အတိုးအဆုတ် ရှိပါသည်။ ယင်းတို့ကို ရောဂါ ဝင်ရောက်ရာလမ်းကြောင်း (ဥပမာ-အသက်ရှူလမ်းကြောင်း၊ အစာလမ်းကြောင်း) တစ်လျှောက် တစ်သျှူးများ၊ ခန္ဓာကိုယ်မှ ထွက်သော/လည်ပတ်နေသော အရည်များ (ဥပမာ-နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ်၊ သွေး၊ တံတွေး သလိပ်၊ ဆီး၊ ဝမ်းနမူနာ)တို့တွင် ရှာဖွေနိုင်ပါသည်။ [ ပုံ(၁)ဖြင့် အကျဉ်းချုပ်ရှင်းပြပါမည်။]


ဆင်နှင့် ဆင်ခြေရာခွက်ရှာဖွေခြင်း

ပုံ(၁)တွင် ဖော်ပြထားသည့်အတိုင်း ရောဂါ ကူးစက်မှုစတင်ဖြစ်ပေါ်ပြီး နေ့ရက်အလိုက် ဖြစ်ပေါ် ပြောင်းလဲမှုများကို သဘောပေါက်လွယ်အောင် ရှင်းပြလိုပါသည်။ ယင်းဖြစ်စဉ်မှာ သွေးအတွင်း ဖြစ်ပေါ်မှုကို ညွှန်းဆိုထားခြင်း ဖြစ်ပါသည်။ ကိုဗစ်- ၁၉ ရောဂါပိုး RNA မျိုးရိုးဗီဇ antigen သည် စတင်ထိတွေ့ ဝင်ရောက်ချိန်မှ ငါးရက်အတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြသောအဆင့် (asymptomatic stage) ဖြစ်ပြီး ငါးရက်မှ ၁၀ရက်အတွင်း ကာလ၌ ရောဂါလက္ခဏာများ အစပျိုး ဖြစ်ပေါ်လေ့ရှိပါသည်။


ပထမ ၁၀ ရက် ကာလတွင် သိသာထင်ရှားသော လက္ခဏာများ ရှိချင်မှရှိမည်၊ ပြချင်မှ ပြမည်ဖြစ်သော ကြောင့် ပြတင်းပေါက်ကာလ/ ဟာလာဟင်းလင်း ကာလ (Window period ) ဟု တင်စားခေါ်ဝေါ်လေ့ ရှိပါသည်။ Antigen ပမာဏ တိုးတက်မှု (antigen curve )မှာ ဖြစ်ပွားချိန်မှ ပထမနှစ်ပတ်ခန့်အတွင်း တက်ရိပ်ပြပြီး ယင်းကာလနောက်ပိုင်း တဖြည်းဖြည်း ပြန်ကျကာ လေးပတ်ကာလတွင် လုံးဝပျောက်ကွယ် သွားလေ့ရှိပါသည်။ Antigen ရှိခြင်းကို အမိအရ ဖမ်းလိုပါက ရောဂါစဖြစ်ပြီး ပထမလေးပတ်ကာလ အတွင်း စမ်းသပ်စစ်ဆေးရမည်ဟု ဆိုလိုပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် antigen ကို Reverse transcriptase-Polymerase chain reaction (RT-PCR) နည်းဖြင့် စမ်းသပ်ပြီး ရောဂါပိုး ကူးစက်ခံရခြင်း ရှိ မရှိ (qualitative result – Yes/No) အဖြေပေး နိုင်ပါသည်။ ‘Antigen’ ကို ရှာတွေ့ပါက ‘ဆင်တစ်ကောင်လုံးကို ရှာတွေ့ခြင်း’နှင့် အလား သဏ္ဌာန်တူပါသည်။ ဆင်တစ်ကောင်လုံးတွေ့လျှင် ဆင်ဝင်လာကြောင်း ငြင်း၍မရနိုင်ပါ။ (စကားချပ်- အီလက်ထရွန် မိုက်ခရို စကုပ် ကြည့်ရှုနည်းဖြင့်လည်း ဗိုင်းရပ်စ်တစ်ကောင်လုံး၏ ပုံသဏ္ဌာန်ကို ရှာတွေ့နိုင်ပါသည်။)


ဝင်လာသော antigen ကို တုံ့ပြန်မှုဖြစ်သည့် ရှေးဦး antibody production အင်မျူနိုဂလိုဗျူလင်- ‘အမ်’ (IgM)ကို ပထမပတ်ကျော်လွန်ချိန်တွင် စတင်တွေ့ရှိ နိုင်ပြီး နောက်ဆက်တွဲ antibody production အင်မျူနိုဂလိုဗျူလင်- ‘ဂျီ’(IgG)ကို ဒုတိယပတ်တွင် စတင်တွေ့ရှိ နိုင်ပါသည်။ IgM မှာ တတိယပတ်ခန့်တွင် ပျောက်ကွယ်သွားတတ်သည်။ IgG မှာမူ တစ်လကျော် သည်အထိ ဆက်လက်ရှိနေနိုင်ကာ ကာလရှည်ရောဂါပြီး ခုခံကာကွယ်မှု (long-term immunity) ကို ပေးစွမ်း နိုင်ပါသည်။ Antibody သည် ဝင်လာသော anigen အပေါ်တည်မှီပြီး ဖြစ်ထွန်းလာသဖြင့် ဆင်ဝင်လာပြီးနောက် တွေ့မြင်ရသော ‘ဆင်ခြေရာခွက်ကို ရှာတွေ့ခြင်း’နှင့် တူပါသည်။


Isolation နှင့် Quarantine Centre များတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေး စတင်စဉ်က ၁၄ ရက်ဆက် တိုက်၊ ယခုအခါ ၂၁ ရက် ဆက်တိုက်အတည်ပြုလူနာ၊ သံသယလူနာနှင့် စောင့်ကြည့်ခံပုဂ္ဂိုလ်များအား ထားရှိကာ လိုအပ်သလို စစ်ဆေးကြည့်ရှုကုသခြင်း၊ ထို့နောက်ပိုင်း နောက်ထပ်ခုနစ်ရက်ကို နေအိမ်တွင် ထားရှိ စောင့်ကြည့်ခြင်းတို့သည် အထက်ဖော်ပြပါ antigen (ဆင်)ကို ရှာဖွေခြင်းနှင့် antibody (ဆင်ခြေရာခွက်)ကို ရှာဖွေခြင်းတို့အတွက် လုံလောက်သော အချိန်ကာလဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင် antigen ရှိနေခြင်းသည် ကိုရိုနာဗိုင်းရပ်စ်၏ အသက်ရှင် နေခြင်း၊ ဗိုင်းရပ်စ်အစိတ်အပိုင်းများကို နီးစပ်ရာသို့ စွန့်ထုတ် ဖြန့်ဝေနိုင်ခြင်းနှင့် ပတ်ဝန်းကျင်သို့ ကူးစက်နိုင်စွမ်း ရှိခြင်းတို့ကို ညွှန်းဆိုနေပြီး antigen ရှာမတွေ့တော့ဘဲ antibody သာ ရှာတွေ့ပါက ပတ်ဝန်းကျင်သို့ ရောဂါ ထပ်မံဖြန့်ဝေ ကူးစက်နိုင်စွမ်းမရှိတော့ဘဲ ရောဂါကိုခံနိုင်ရည်ရှိသွားသော ရောဂါပြီးသည့်အဆင့်သို့ ရောက်ရှိပြီ ဖြစ်ကြောင်း အဓိပ္ပာယ်ကောက်ယူနိုင်ပါသည်။ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရပြီးသူများအနေဖြင့် နောက်တစ်ကြိမ် ကူးစက်ခံရခြင်း အလားအလာ မရှိတော့ဟု တရားသေ မှတ်ယူထား၍မရဘဲ ရောဂါပြီး ကာလကို အတိအကျ မသိရှိနိုင်သေးကြောင်း တင်ပြလိုပါသည်။


လုပ်ငန်းခွင် ပြန်ဝင်ရေးနှင့် သင့်တော်သော ရောဂါရှာဖွေစစ်ဆေးရေး နည်းဗျူဟာများ

ကိုဗစ်- ၁၉ ကူးစက်မြန်ရောဂါ ရှိသူတစ်ဦးသည် ပတ်ဝန်းကျင်ရှိ လူများစွာကို Logarithmic scale ဖြင့် ထပ်မံဖြန့်ဝေ အဆတိုး ကူးစက်နိုင်သဖြင့် ကနဦး လူနာကို ဦးစွာရှာဖွေတွေ့ရန်မှာ အရေးအကြီးဆုံး ရည်မှန်းချက် ဖြစ်သည်။ လတ်တလောကာလတွင် ကူးစက်ရောဂါပျံ့နှံ့မှုကို နိုင်နင်းစွာ ထိန်းချုပ်နိုင်ရန် အတွက် လူများစွာစုဝေးသည့် စက်ရုံ၊ အလုပ်ရုံ အလုပ်ဌာနများကို ယာယီပိတ်သိမ်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်ပြီးမှသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဧပြီလတတိယပတ်အတွင်းက ထုတ်ပြန်ကြေညာထားပါ သည်။ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုအတွင်း ထောင်ချီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို အထက်ပါ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများဖြင့် စုဖွဲ့ ထားသည့် စစ်ဆေးရေးအဖွဲ့များဖြင့် စနစ်တကျ စစ်ဆေး ခြင်း၊ အပြစ်အနာအဆာ လိုအပ်ချက်များကို ပြင်ဆင်စေခြင်း တို့ကို ဆောင်ရွက်ပြီး ရောဂါကူးစက်နိုင်မှု အလားအလာ၊ ကွင်းဆက်တို့ကို လုံးဝဖြတ်တောက်ပြီးမှသာ လုပ်ငန်းခွင် ပြန်ဝင်ခွင့်ပြုခြင်းသည် ယခုပစ္စက္ခအခြေအနေက တောင်း ဆိုနေသောလုပ်ငန်းခွင် ကျန်းမာရေးလိုအပ်ချက်ဖြစ်သလို မရှိမဖြစ်သော ပြည်သူ့ကျန်းမာရေး လိုအပ်ချက်လည်း ဖြစ်သည်။


ရောဂါပိုး antigen ကို ရှာဖွေခြင်းနည်းလမ်းဖြစ်သည့် နှာခေါင်းတို့ဖတ်၊ လည်ချောင်းတို့ဖတ်တို့ကို ရယူပြီး Real-time RT-PCR နည်းလမ်းအသုံးပြုခြင်းသည် ရောဂါ စဖြစ်ပွားပြီး ပထမအပတ်၊ ဒုတိယအပတ်နှင့် တတိယမှ ဆဋ္ဌမအပတ်အထိ ကာလများအတွင်း ၆၇ ရာခိုင်နှုန်း၊ ၅၄ ရာခိုင်နှုန်းနှင့် ၄၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း၊ ကာလရှည်ကြာလာသည်နှင့် အမျှ antigen ရှာဖွေနိုင်စွမ်း တဖြည်းဖြည်းလျော့ကျလာကြောင်း လတ်တလော သုတေ သန တွေ့ရှိချက်က ပြဆိုထားပါသည်။


ထို့အပြင် ကိုဗစ်- ၁၉ ရောဂါရှာဖွေရန်အတွက် RT-PCR နည်းလမ်းကို အသုံးပြုရန်မှာ ဇီဝလုံခြုံမှု အဆင့်(၃) ဓာတ်ခွဲခန်း လိုအပ်သည့်အတွက် လက်ရှိကာလတွင် ရန်ကုန်မြို့ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ဆေးသုတေသနဦးစီးဌာန ရန်ကုန်ရုံးချုပ်တို့၌သာ ဆောင် ရွက်နိုင်စွမ်းရှိသည်။ မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ မန္တလေးရုံးခွဲ၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့များရှိ တီဘီအဆင့်မြင့် ဓာတ်ခွဲခန်းများတွင် RT-PCR စမ်းသပ်မှုများ ဆောင်ရွက်နိုင်ရေး အဆင့်မြှင့်တင် ရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်နေသေးသည်။


RT-PCR နည်းလမ်းကို အသုံးပြုခြင်းသည် အချိန် အားဖြင့် ခြောက်နာရီခန့် ကြာမြင့်နိုင်ပြီး လိုအပ်သော ဓာတ်ခွဲပစ္စည်းများ (စက်တန်ဖိုးမပါဝင်)၏ တန်ဖိုးမှာ စမ်းသပ်နမူနာတစ်ခုလျှင် ငွေကျပ်တစ်သိန်းကျော် ကုန်ကျ မှုရှိသဖြင့် ဓာတ်ခွဲနမူနာ မြောက်မြားစွာကို တစ်ပြိုင်တည်း စစ်ဆေးရန် အကန့်အသတ်ရှိနေပါသည်။ ထို့ပြင် စမ်းသပ်မှု တစ်ကြိမ်တည်းဖြင့် ရောဂါမတွေ့ရှိပါက တစ်ကျော့ထပ်မံ စမ်းသပ်မှု ပြုလုပ်ရန် လိုအပ်မည်ဆိုလျှင် ထပ်မံကုန်ကျမှု ရှိမည်ဖြစ်သည်။ ထိုမျှသာမက ဓာတ်ခွဲအတည်ပြုလူနာကို ရောဂါလက္ခဏာ လုံးဝပျောက်ကင်းသက်သာပြီးနောက် Isolation (and Quarantine)မှ ကင်းလွတ်ခွင့်ပြုပြီး ဆေးရုံဆင်းပေးရန်မှာ နောက်ထပ်နှစ်ကြိမ် (အနည်းဆုံး) စမ်းသပ်ကာ Negative အဖြေကို အတည်ပြုရန် လိုသည့် အတွက် ဤစမ်းသပ်နည်းမှာ ဓာတ်ခွဲအတည်ပြု လူနာ တစ်ဦးအတွက် ငွေကျပ်ငါးသိန်းခန့် ကုန်ကျနိုင်သည်။ ယင်းကုန်ကျငွေကို နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေ ကျန်းမာ ရေးအသုံးစရိတ်မှ လုံးဝကျခံ စစ်ဆေးပေးနေခြင်း ဖြစ်ပါ သည်။


ယခုလောလောဆယ် မေလအတွင်း Cobas 6800 Automated System ကို NHL တွင် တပ်ဆင်အသုံးပြုရန် စီစဉ်လျက်ရှိရာ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၀၀၀ ကျော်အထိ စမ်းသပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ Running cost များပြားနိုင်သော်လည်း ဓာတ်ခွဲစမ်းသပ် နမူနာများစွာကို အချိန်တိုအတွင်း စစ်ဆေးနိုင်သဖြင့် အသုံး ပြုသင့်သော နည်းလမ်းတစ်သွယ်ဖြစ်သည်။


ထို့အပြင် Genexpert technology, Cartridge -based nucleic acid amplification test (NAAT) ကို အသုံးပြုပြီး ရောဂါရှာဖွေနိုင်မည့် နည်းလမ်းတစ်သွယ်ကိုလည်း ကြံဆလျက်ရှိကြောင်း ကြားသိရသည်။


ပဋိပစ္စည်း Antibody tests

Antibody tests များကိုဆောင်ရွက်ရန် သွေး၊ တံတွေး သလိပ်၊ ဆီး၊ ဝမ်းနမူနာ စသည်တို့ကိုအသုံးပြုဆောင်ရွက် နိုင်သည်။ တရုတ်နိုင်ငံဖြစ် test kit များကို အသုံးပြု ဆောင်ရွက်ခဲ့သည့် လတ်တလော သုတေသန တွေ့ရှိ ချက်အရ သွေးနမူနာများတွင် IgM antibody စမ်းသပ် တွေ့ရှိမှုမှာ ရောဂါစဖြစ်ပွားပြီး ပထမအပတ်၊ ဒုတိယ အပတ်နှင့် တတိယမှ ဆဋ္ဌမအပတ်အထိ ကာလများအတွင်း ၂၉ ရာခိုင်နှုန်း၊ ၇၃ ရာခိုင်နှုန်းနှင့် ၉၄ ရာခိုင်နှုန်း အသီးသီးရှိကြောင်း ၊ IgG antibody စမ်းသပ် တွေ့ရှိမှုမှာ အလားတူကာလများအတွင်း ၁၉ ရာခိုင်နှုန်း ၊ ၅၄ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းအသီးသီးရှိကြောင်း၊ ကာလရှည်ကြာလာသည်နှင့်အမျှ ရောဂါကူးစက်ခံရပြီးကြောင်း သက်သေခံ အတည်ပြုချက်မှာ ပိုမိုမြင့်မားလာကြောင်း သိရှိရသည်။ (ဇယား-၁)


Antibody test များကို ဆောင်ရွက်ရာတွင် စမ်းသပ် နမူနာများကို များသောအားဖြင့် စံပြုစမ်းသပ်မှုနည်းလမ်း တစ်ခုနှင့် နှိုင်းယှဉ်စစ်ဆေးပြီး ထိရောက်စွာ ရောဂါရှာဖွေ နိုင်မှု/ ရောဂါရှိကြောင်း သက်သေပြနိုင်မှု ရာခိုင်နှုန်းနှင့် မှန်ကန်စွာ ရောဂါရှာဖွေနိုင်မှု/ ရောဂါမရှိကြောင်း သက်သေပြနိုင်မှု ရာခိုင်နှုန်းတို့ကို ညွှန်းဆိုလေ့ရှိသည်။ အလွယ်ပြောရလျှင် ရောဂါရှိသည်ကို အမှန်တကယ် ရှိကြောင်း သက်သေပြနိုင်မှုနှင့် ရောဂါမရှိသည်ကို အမှန် တကယ်မရှိကြောင်း သက်သေပြနိုင်မှုဖြစ်သည်။ အောင်မြင် ပြီး FDA အသိအမှတ်ပြုခံရသော antibody test kit များ မှာ အဆိုပါ parameter နှစ်ခုစလုံး ၉၀ ရာခိုင်နှုန်း ပတ်ဝန်း ကျင် (၉၀ ရာခိုင်နှုန်း အထက်) ရှာဖွေနိုင်စွမ်းရှိသည်။


Antibody test များသည် RT-PCR test များထက် စရိတ်အကုန်အကျ သက်သာပြီး စမ်းသပ်နမူနာများစွာကို တစ်ပြိုင်တည်း စမ်းသပ်နိုင်သော အားသာချက်ရှိသည်။ ထို့အပြင် ဇီဝလုံခြုံမှု အဆင့်(၃)ဓာတ်ခွဲခန်းအဆင့် မဟုတ် သော်လည်း စမ်းသပ်မှုဆောင်ရွက်နိုင်ခြေရှိသည်။


ဥရောပတစ်ခွင် အသုံးပြုရန်အတွက် Abbott (UK) မှ လတ်တလောထုတ်လုပ်ထားသည့် antibody test မှာ IgG protein ကိုရှာဖွေစမ်းသပ်နိုင်ပြီး sensitivity ၉၉ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသော်လည်း စမ်းသပ်ထား သည့် လူနာအရေအတွက်မှာ ရာဂဏန်း မပြည့်သေးသဖြင့် ယုံကြည်စိတ်ချစွာ သုံးနိုင်ရန် ထပ်မံအချိန်ယူ လေ့လာရဦး မည်ဖြစ်သည်။


လွယ်ကူလျင်မြန်စွာစစ်နိုင်သော Rapid test များ

အမေရိကန်နိုင်ငံ FDA မှ လတ်တလော အသိအမှတ် ပြုထားသည့် Cellex q SARS-CoV-2 IgG/IgM Rapid test မှာ စမ်းသပ်လူနာ၏ သွေးနမူနာကို အသုံးပြုသော Lateral flow immunoassay ဖြစ်ပြီး စမ်းသပ်လူနာ အရေအတွက်နည်းသေးသဖြင့် ရောဂါရှိသည့် သက်သေ ပြနိုင်မှုနှင့် ရောဂါမရှိသည့် သက်သေပြနိုင်မှုတို့ကို တိတိပပ ညွှန်းဆိုနိုင်ခြင်း မရှိသေးပေ။ ရောဂါကူးစက်ခံခဲ့ရကြောင်း အထောက်အထားအဖြစ် ဤစမ်းသပ်မှု တစ်ခုတည်းဖြင့် မဆုံးဖြတ်သင့်ကြောင်း လောလောဆယ် မှတ်ချက်ပြုထားသည်။


အလားတူ US-FDA အသိအမှတ်ပြု Curative ကုမ္ပဏီ ထုတ် “next-gen” saliva test မှာ စမ်းသပ်လိုသူ၏ တံတွေးကို လွယ်ကူစွာ ရယူစမ်းသပ်နိုင်သည့်အတွက် အရေအတွက်များပြားစွာ တစ်နေ့တည်း စမ်းသပ်နိုင်ခြင်း၊‌ ရောဂါကာကွယ်ရေးဝတ်စုံ အသုံးပြုမှုကို သိသာစွာ ချွေတာ လျှော့ချနိုင်ခြင်း၊ နှာခေါင်းတို့ဖတ် ရယူမှုထက် လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် အမေရိကန်နိုင်ငံတွင် အသုံးများလျက်ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါ စမ်းသပ် စစ်ဆေးရှာဖွေရန်အတွက် Rapid test များ အသုံးပြုခြင်းကို လတ်တလောထောက်ခံထားခြင်း မရှိကြောင်း သိရသော်လည်း နိုင်ငံတကာတွင် အသုံးတည့်ကြောင်း အထောက် အထားများ ခိုင်ခိုင်လုံလုံတွေ့ရှိခဲ့ပါက အသုံးပြုရန် သင့်/မသင့် ပြန်လည်သုံးသပ်သင့်ပါသည်။


ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် False positive၊ False negative result များ နည်းပါးစေရန်အတွက် Standard Operating Procedures (SOP) လမ်းညွှန် ချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။


မာရသွန်ခရီးရှည်တိုက်ပွဲ
ကိုဗစ်-၁၉ ရောဂါမှာ ရောဂါအသစ်အဆန်း ဖြစ်သောကြောင့် ရောဂါလက္ခဏာများ၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးရှာဖွေနည်းများ၊ ရောဂါကုထုံးများ၊ ကာကွယ်ဆေးအသုံးပြုရန် အလားအလာများ စသည်တို့ကို အချိန်တိုကာလအတွင်း ပြည့်ပြည့်စုံစုံ မသိရှိနိုင် သေးသော်လည်း ဤရောဂါကို ကာကွယ်၊ ထိန်းချုပ် နှိမ်နင်းရမည့် လုပ်ငန်းစဉ်မှာ မာရသွန်ပြေးသကဲ့သို့ ခရီးရှည် ချီတက်ရမည့် တိုက်ပွဲတစ်ရပ်နှင့် အသွင်သဏ္ဌာန်တူပေသည်။ ရောဂါထပ်မံကူးစက်ခြင်းနှင့် ရောဂါ ခေတ္တငုပ်လျှိုးပြီးမှ ပြန်လည်ခေါင်းထောင် လာခြင်းတို့ကိုလည်း ကွဲကွဲပြားပြား ခွဲခြားသိရှိနိုင်ရန် မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာရမည်ဖြစ်သည်။


တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဓာတ်ခွဲခန်း ၉၆ ခု ပါဝင်သော အစိုးရနှင့် ပုဂ္ဂလိက ဓာတ်ခွဲစမ်းသပ်ခန်းများ ကွန်ရက ကို တည်ထောင်ပြီး ဓာတ်ခွဲနမူနာများကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါ ထိန်းချုပ်မှုအပေါ် များစွာအကျိုးသက်ရောက်ပြီး လူသေပျောက်နှုန်းကိုလည်း လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် အစိုးရနှင့် ပုဂ္ဂလိကဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို စီမံကိန်း ချမှတ်ကာ စနစ်တကျတစ်ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်ခြင်းဖြင့် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍ၏ အရင်းအမြစ်များကို အကျိုးအရှိဆုံး ဖော်ထုတ်အသုံးချ ပြီး နိုင်ငံတော်အစိုးရနှင့် Regulatory body တို့၏ ထိန်းကျောင်းမှုကို ခံယူစေရန်လိုအပ်သည်။ ထို့အပြင် လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြား ချက်၊ လုပ်ထုံးလုပ်နည်းများကိုလည်း အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ကာ လိုက်နာဆောင်ရွက်စေခြင်းဖြင့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း‌ဆောင်ရွက်မှုနည်းလမ်းကို နည်းဗျူဟာတစ်ရပ်အနေဖြင့် ကျင့်သုံးသင့်ကြောင်း အကြံပြု လိုပါသည်။


ရေရှည်ကာလတွင် antibody test များ အသုံးပြု စမ်းသပ်ကာ Serosurveillance ဆောင်ရွက်ခြင်းဖြင့် လူထုအတွင်း ရောဂါကူးစက်ခံရပြီးသူများ၏ အရေ အတွက်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ပြီး Herd immunity ၏ အခန်းကဏ္ဍကို ပိုမိုနားလည် သဘော ပေါက်လာနိုင်မည် ဖြစ်သည်။


ရောဂါကာကွယ်ဆေး (Vaccine) အမြန်ဆုံး ထုတ်လုပ်နိုင်ရေးကိုလည်း နိုင်ငံများစွာရှိ သုတေသီများက အစွမ်းကုန် ကြိုးစားလျက်ရှိရာ ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်၏ ဦးဆောင်မှုဖြင့် Phase I trial ကို ကျန်းမာသော စေတနာ့ ဝန်ထမ်းလူပုဂ္ဂိုလ်များတွင် လတ်တလော စတင်စမ်းသပ်နေပြီဖြစ်ကြောင်း အားတက်ဖွယ် ကြားသိရပေသည်။


အထက်ဖော်ပြပါအတိုင်း ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ပတ်သက်ပြီး အတည်ပြုလူနာ၊ သံသယလူနာ၊ စောင့်ကြည့်ခံပုဂ္ဂိုလ်များ၏ ဓာတ်ခွဲစမ်းသပ်မှု အဖြေများ၊ ရောဂါလက္ခဏာများ၊ ရောဂါကုထုံးများ၊ ကာကွယ်ဆေး အသုံးပြုနိုင်ရေး အလားအလာများ၊ ပြည်သူလူထုတစ်ရပ်လုံး၏ အားပေးကူညီထောက်ပံ့မှုများ၊ ဌာနပေါင်းစုံ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုများကို အသေအချာ ဆန်းစစ်လေ့လာသုံးသပ်ပြီး မူဝါဒချမှတ်သူများနှင့် အဆုံးအဖြတ် ချမှတ်သူများ အနေဖြင့် အထောက်အထားအခြေပြု ဆုံးဖြတ်ချက်ချမှု များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်ပါသည်။


မြန်မာနိုင်ငံတွင် WHO pre-qualified laboratory test များကို အသုံးပြုပြီး ရောဂါရှာဖွေခြင်းဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး ကျန်းမာသော လုပ်သားအင်အားစု များကို ပြန်လည်ရရှိလည်ပတ်နိုင်ကာ နိုင်ငံ့စီးပွားရေး အမြန်ဆုံး ပြန်လည်တိုးတက်ကောင်းမွန်ပါစေကြောင်း စေတနာအတွေးဖြင့် မြော်မြင် တင်ပြအပ်ပါသည်။  ။