ဇော်သူရ (ချောက်ရေနံမြေ)
ကိုဗစ်-၁၉ ကပ်ရောဂါကြီးကြောင့် တစ်ကမ္ဘာလုံး စီးပွားရေးအကျပ်အတည်းများ ရင်ဆိုင်ခဲ့ရတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ ကုမ္ပဏီငယ်များအပါအဝင် မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (MSME) တွေက အဓိက ရင်ဆိုင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ စီးပွားရေးလုပ်ငန်းအများစုဟာ MSME တွေဖြစ်ပြီး စီးပွားရေးလုပ်ငန်း အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်အထိ ရှိပါတယ်။ ဒါကြောင့် မိမိတို့နိုင်ငံရဲ့ စီးပွားရေး မထိခိုက်အောင် MSME တွေ မပြိုလဲဖို့က အဓိကကျတယ်လို့ ဆိုရပါမယ်။ ဒီလိုမပြိုကွဲဖို့ကို အသစ်ပြဋ္ဌာန်းလိုက်တဲ့ လူမွဲခံယူခြင်းဆိုင်ရာဥပဒေက အထောက်အကူပြုပါလိမ့်မယ်။
လူမွဲခံယူခြင်းဆိုင်ရာဥပဒေသစ်ကို ၁၄-၂-၂၀၂၀ ရက် နေ့က ပြဋ္ဌာန်းခဲ့ပြီး ၂၅-၃-၂၀၂၀ ရက်နေ့မှာ ဥပဒေ စတင်အာဏာတည်ကြောင်း နိုင်ငံတော်သမ္မတက အမိန့် ကြော်ငြာစာထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေအရ ဖွဲ့စည်းရမယ့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေး ကောင်စီကိုလည်း နိုင်ငံတော်သမ္မတက ၂၆-၃-၂၀၂၀ ရက် နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ လူမွဲခံယူခြင်းဆိုင်ရာ နည်းဥပဒေ များကိုတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၈-၄-၂၀၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေဟာ နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှု အစီရင်ခံစာ (Ease of Doing Business Report) ၏ အညွှန်းကိန်းတစ်ခုဖြစ်တဲ့ လူမွဲခံယူခြင်းကို ဖြေရှင်းခြင်း အညွှန်းကိန်း (Resolving Insolvency Indicator) ရမှတ်များ တိုးတက်နိုင်မှာဖြစ်လို့ အချိန်မီပြဋ္ဌာန်း ထုတ်ပြန်နိုင်အောင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အသုံးဝင်လာတဲ့ ဥပဒေ
ဒီလိုရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ဘေးကြီးကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လာနိုင်တာမို့လို့ ဒီဥပဒေဟာ အလွန်အသုံးဝင်လာနိုင်တဲ့ ဥပဒေတစ်ခု ဖြစ်လာခဲ့တာကတော့ ကျွန်တော်တို့နိုင်ငံအတွက် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတစ်ခုကို ရရှိခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ယခင်ဥပဒေမူဘောင်များအရ စီးပွားရေးလုပ်ငန်းတွေဟာ ကြွေးမြီပေးဆပ် နိုင်ခြင်းမရှိတော့ရင် ကုမ္ပဏီဆိုရင် စာရင်းရှင်းလင်း ဖျက်သိမ်းပြီး အခြားလုပ်ငန်းတွေဖြစ်ရင်တော့ လူမွဲခံယူခြင်းကို ဆောင်ရွက်ရမှာပါ။ ဆိုလိုတာကတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချပြီး ကြွေးရှင်တွေကို ပေးဆပ်ရမှာပါ။ အခုဥပဒေသစ်ကတော့ ဒီလိုထုခွဲ ရောင်းချခြင်းမပြုမီ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးလုပ်ငန်းတွေကို တတ်နိုင်သလောက် ကယ်တင်ဖို့ ကြိုးစားပြီး ကယ်တင်နိုင်ခြင်း မရှိတော့မှသာ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း သို့မဟုတ် လူမွဲခံယူခြင်းကို ဆောင်ရွက်ရမှာပါ။
တတ်နိုင်သလောက် ကယ်တင်ဖို့ရည်ရွယ်
အဓိကကတော့ ကြွေးတင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို တတ်နိုင်သလောက်ကယ်တင်ဖို့နဲ့ တရားမျှတပြီး စနစ်ကျတဲ့ စာရင်းရှင်းလင်း ဖျက်သိမ်းရေးစနစ် ပေါ်ပေါက်လာဖို့ ရည်ရွယ်တာပါ။ ကယ်တင်တဲ့ နေရာမှာလည်း စီးပွားရေးလုပ်ငန်းရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့၊ ဝန်ထမ်းတွေ အလုပ်အကိုင် ဆက်လက်ရရှိစေဖို့နဲ့ မြီရှင်များနဲ့ အကျိုးတူဆောင်ရွက်နေတဲ့ မြီစားတွေကို ကယ်ဆယ်ပေးခြင်းဖြင့် မြီရှင်၊ မြီစား နှစ်ဦးနှစ်ဖက် အကျိုးရှိစေဖို့ ရည်ရွယ်ပါတယ်။ ကယ်တင်လို့ မရရင်တော့ ဖျက်သိမ်းရတော့မှာပေါ့။ ဖျက်သိမ်းရာမှာလည်း အာမခံ အကျိုးခံစားခွင့်ရ မြီရှင်များရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့နဲ့ အာမခံ အကျိုးခံစားခွင့်မရရှိတဲ့ မြီရှင်တွေကို တန်းတူအခွင့်အရေး ပေးနိုင်ဖို့ ရည်ရွယ်တယ်။
ကုမ္ပဏီနဲ့ MSME တွေ ဖျက်သိမ်းရရင် တည်ထောင်ခဲ့ရတဲ့အချိန်တွေနဲ့ နည်းပညာတွေ အလဟဿဖြစ်မယ်၊ သူတို့ကိုမှီခိုနေတဲ့သူတွေ အလုပ်လက်မဲ့ဖြစ်မယ်၊ မြီရှင် မြီစား အကျိုးတူ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ဆုံးရှုံးမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးရမယ်၊ နိုင်ငံတော်ကရနေတဲ့ အခွန်ဘဏ္ဍာတွေ ဆက်မရနိုင်တော့ဘူး၊ နောက်ဆုံးမှာ နိုင်ငံတော်ရဲ့ စီးပွားရေး ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ကယ်ဆယ်ခြင်းနဲ့ ပြန်လည်ထူထောင်ရေး လုပ်သင့်တယ်လို့ နိုင်ငံတကာကလက်ခံပြီး ဥပဒေမူဘောင်တွေကို ပြင်ဆင်ခဲ့ကြတယ်။ ဒီဥပဒေကလည်း အဲဒီနိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ရေးဆွဲထားတာပါ။ ကုမ္ပဏီကယ်ဆယ်ခြင်းနဲ့ ပြန်လည်ထူထောင်ရေးကို ဥပဒေအပိုင်း (၅)၊ MSME ကိုတော့ ဥပဒေအပိုင်း (၆)မှာ ပြဋ္ဌာန်းထားပါတယ်။ အခြေခံ သဘောတရားတူညီပေမယ့် MSME အတွက်တော့ လုပ်ငန်းစဉ်အနည်းငယ် လျှော့ချထားပါတယ်။
ဒီဥပဒေရဲ့ ထူးခြားချက်တစ်ခုကတော့ ဥပဒေအရ ဆောင်ရွက်ရတဲ့လုပ်ငန်းအားလုံးမှာ လူမွဲခံယူခြင်း ဆိုင်ရာ ကျွမ်းကျင်သူများက အဓိကဦးဆောင်မှာဖြစ်ပြီး တရားရုံးများပါဝင်မှု အခန်းကဏ္ဍကို အတတ်နိုင်ဆုံး လျှော့ချထားတယ်။ သူ့ရဲ့ ဆောင်ရွက်ချက်ကို မကျေနပ်မှသာ တရားရုံးက ပါဝင်လာမှာပါ။ ကယ်ဆယ်ခြင်းအဆင့်နဲ့ အစီအစဉ်အဆင့်ဆိုပြီး အဆင့်နှစ်ဆင့်ရှိကာ ကယ်ဆယ်ခြင်း အဆင့်ကစရမှာပါ။ ကယ်ဆယ်ခြင်းအဆင့်မှာ ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ရရန်နှင့် ပေးရန်များ၊ ဈေးကွက်ပိုင်ဆိုင် ထားမှုအခြေအနေ၊ ရှေ့ အလားအလာ ကောင်းခြင်း၊ ဆိုးခြင်းစတဲ့ အခြေအနေအားလုံးကို သုံးသပ်ပြီး ကယ်ဆယ်နိုင်ခြင်း ရှိ မရှိနဲ့ ရှိရင်ဘယ်လိုနည်းနဲ့ ကယ်ဆယ်မလဲဆိုတဲ့ ကယ်ဆယ်ခြင်း အစီအစဉ်ကို ဦးစွာရေးဆွဲရပါမယ်။
အစီအစဉ် ရေးဆွဲပြီးရင်တော့ မြီရှင်တွေကို တင်ပြရပါမယ်။ သတ်မှတ်ထားတဲ့အရေအတွက်ရှိတဲ့ မြီရှင်တွေရဲ့ ထောက်ခံ အတည်ပြုမှုကိုမရခဲ့ရင် အစီအစဉ်အတိုင်း မသွားတော့ဘဲ ကုမ္ပဏီဆိုရင် ဖျက်သိမ်းဖို့နဲ့ ကုမ္ပဏီမဟုတ်ရင် လူမွဲခံယူဖို့ ဆောင်ရွက်ရပါမယ်။ ထောက်ခံအတည်ပြုခဲ့ရင်တော့ အစီအစဉ်အတိုင်း ဆောင်ရွက်ရမှာပါ။ အောင်မြင်အောင် ဆောင်ရွက်နိုင်ရင် ကုမ္ပဏီ၊ စီးပွားရေး လုပ်ငန်းကို ပြန်လည်ထူထောင်နိုင်ပြီဖြစ်လို့ ဆက်လက်လည်ပတ်မှာပါ။ မအောင်မြင်ရင်တော့ ဖျက်သိမ်းဖို့၊ လူမွဲခံ ယူဖို့ ဆောင်ရွက်ရမှာပါ။
ကျွမ်းကျင်သူများ မွေးထုတ်ဖို့လို
အခုဆိုရင် ဥပဒေမူဘောင်တွေ အသင့်ဖြစ်နေပြီဖြစ်လို့ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူတွေ မွေးထုတ်ဖို့ လိုအပ်နေပါပြီ။ သူတို့ကိုတော့ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေး ကောင်စီက မှတ်ပုံတင် လက်မှတ်ထုတ်ပေးရမှာပါ။ ဖြစ်နိုင်သူတွေကတော့ ရှေ့နေ ရှေ့ရပ်တွေနဲ့ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်တွေပါ။ သူတို့ရဲ့ အရည်အချင်းတွေကို ကောင်စီက သတ်မှတ်မှာ ဖြစ်ပါတယ်။ သာမန်အားဖြင့် ရှေ့နေဖြစ်ရင် စာရင်း ရှင်းလင်းဖျက်သိမ်းတဲ့ အတွေ့အကြုံရှိရမှာ ဖြစ်ပြီး စာရင်းကိုင်ဖြစ်ရင်တော့ ဒီဥပဒေ သဘောတရားကို နားလည်သူ ဖြစ်ရမှာပါ။ ။
ဒီဥပဒေအသစ်က နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှု နဲ့ စီးပွားရေးလုပ်ငန်းတွေကို အများကြီး အထောက်အကူပေးမှာဖြစ်ပေမယ့် လက်ရှိဥပဒေတွေနဲ့ တော်တော်လေး ကွာခြားပါတယ်။ ဒါကြောင့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ဆောင်ရွက်လိုသူများနဲ့ ငွေကြေးအခက်အခဲရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ ဒီဥပဒေကို အသေအချာ လေ့လာကြဖို့ လိုအပ်ပါတယ်။ သို့မှသာ ဒီဥပဒေသစ်အရ ပေးထားတဲ့ အခွင့်အရေးတွေကို လုပ်ငန်းရှင်များ သိရှိနိုင်မှာဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာမယ့် စီးပွားရေးဆိုင်ရာ အခက်အခဲတွေကို တတ်နိုင်သလောက် ကျော်လွှားနိုင်မယ်လို့ ယုံကြည်စွာဖြင့် တင်ပြလိုပါတယ်။ ။


