mdn

ဒေါက်တာ ဝင်းအောင် (သုတေသီ- မြန်မာအသည်းဖောင်ဒေးရှင်း)

 

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါစတင်ဖြစ်ပွားပြီးနောက် ရောဂါ ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန်နှင့်လျော့ပါးစေရန် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ပြည်သူများအားခရီးသွားလာမှု ကန့်သတ်ခြင်း၊ ညမထွက်ရအမိန့်များထုတ်ပြန်ခြင်း၊ အထူးသဖြင့် အိမ်မှာ နေစေခြင်း စသည့် အစီအစဉ်များကိုချမှတ်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေချိန် ယခုကာလတွင် အသွားအလာကန့်သတ်မှုရှိခြင်း၊ လူစု လူဝေးရှောင်ရှားရခြင်းနှင့် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေရခြင်းတို့ကို လိုက်နာဆောင်ရွက်လျက်ရှိနေကြရခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရခြင်း (Home stay) အချိန် ပိုမိုများပြားလျက်ရှိနေကြရပါသည်။ ထို့အပြင် ဆေးရုံ ဆေးခန်းများသို့ သွားရောက်ပြသရန် အခက်အခဲရှိခြင်း၊ လိုအပ်မှသာ ကျန်းမာရေးအတွက် ပြင်ပသို့ထွက်ခြင်းနှင့် ဆေးရုံ ဆေးခန်းနှင့် ဆရာဝန်များထံ သွားရောက်ပြသနိုင်ခြင်းတို့ကို ဆောင်ရွက်နေကြရသည်။

 

လူသားတိုင်း၏ ခန္ဓာကိုယ်တွင်းရှိ အကြီးဆုံး အင်္ဂါတစ်ခုဖြစ်သည့် အသည်းသည် လူသားတို့ ကျန်းမာသန်စွမ်းရေး၊ ကူးစက်ရောဂါခုခံကာကွယ်ရေးနှင့် အသက်ရှည်ရေးတို့အတွက် လုပ်ငန်းပေါင်း ၅၀ဝ ခန့် ကိုနေ့စဉ် နာရီမပြတ် လုပ်ဆောင်ပေးလျက်ရှိပါသည်။ ခန္ဓာကိုယ် အသက်ရှင်နေနိုင်ရေးအတွက် အဓိက အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သော အသည်းအင်္ဂါ အပေါ် ကိုဗစ် - ၁၉ ရောဂါပိုး၏ သက်ရောက်မှုနှင့် ကိုဗစ်-၁၉ ရောဂါကာလ မိမိနေအိမ်တွင်နေထိုင်ရသော ယခုအချိန်တွင် အသည်းကျန်းမာရေးကောင်းမွန်စေ ရန် လိုက်နာဆောင်ရွက်သင့် သည်များကို တင်ပြပေး လိုပါသည်။

 

ကိုဗစ်-၁၉ ရောဂါပိုး၏ခန္ဓာကိုယ်ရှိ အသည်းအပေါ် သက်ရောက်မှု

 

ကိုဗစ် -၁၉ ရောဂါပိုးသည် ရိုနာဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါသည်။ လူသများကို အသက်ရှူလမ်းကြောင်း မှတစ်ဆင့် ဝင်ရောက်ကူးစက်ပါသည်။ ကူးစက်ခံရခြင်းကြောင့် ခန္ဓာကိုယ်တွင်အဓိကအားဖြင့် ပြင်းထန် အဆုတ်ရောင်ခြင်း၊ အဆုတ်ပျက်စီးခြင်းနှင့် ရုတ်တရက် အဆုတ်အလုပ်မလုပ်နိုင်ခြင်းတို့ကြောင့် အသက်ဆုံးရှုံး ကြရပါသည်။

 

အသည်းနှင့် ကိုဗစ် - ၁၉ ရောဂါဗိုင်းရပ်စ်ပိုး

 

၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်း တရုတ်ပြည်တွင် ကနဦး တွေ့ရှိချက်စစ်တမ်းတစ်ခုအရ ယေဘုယျအားဖြင့် ကိုဗစ်၁၉ ရောဂါပိုး ကူးစက်ခံထားရသည့် လူနာများ၏ ၃၃ ရာခိုင်နှုန်းခန့်နှင့် ဆေးရုံတက်ကုသမှုခံယူနေကြ သော ကိုဗစ်-၁၉ ပိုးကြောင့် ရောဂါအခြေအနေဆိုးရွား သည့်လူနာများ၏ ၆၆ ရာခိုင်နှုန်းခန့်သည် သွေးတိုး ရေဂါ၊ ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါနှင့် ကင်ဆာရောဂါ ရှိနေသူများ ဖြစ်ကြသည်။ အထက်ပါ ကိုဗစ် - ၁၉ ရောဂါပိုးကူးစက်ခံရသည့် အသည်းရောဂါရှိ လူနာများ ၏ ၄၀ ရာခိုင်နှုန်းခန့်သည် ဆေးရုံတက်ကုသမှုခံယူခဲ့ရပြီး အဆိုပါလူနာများ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ အရေးပေါ် စောင့်ကြည့်ခံလူနာများ ဖြစ်ခဲ့ကြရသည်။

 

လေ့လာတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခြင်းခံရသောသူများတွင် အသည်းအင်ဇိုင်းများ အနည်းငယ်တက်သည်ကို တွေ့ရှိရတတ်ပြီး ကူးစက်ခံရသူများ၏ ၁၀ - ၁၂ ရာခိုင်နှုန်းတွင် မျက်လုံးဝါ တတ်ပါသည်။ သို့ရာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက် ခံရခြင်းကြောင့် အသည်းရုတ်တရက် ပျက်စီးခြင်း/ အလုပ်မလုပ်နိုင်ခြင်း (Liver Failure) မဖြစ်ကြောင်းသိရှိ ရသည်။ မကြာသေးမီ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း သုတေသနတွေ့ရှိချက်တစ်ခုအရ ကိုဗစ် - ၁၉ ရောဂါ ပိုးကူးစက်ခံရ၍ ဆေးရုံတက် / ပျောက်ကင်း၍ ဆေးရုံ မှဆင်းသွားပြီးနောက် ရောဂါပြန်ဖြစ်/ဆေးရုံပြန်တက် ပြီးနောက် သေဆုံးသွားသူ လူနာတစ်ဦးကို ရင်ခွဲစစ်ဆေး ခဲ့ရာ သေဆုံးသူ၏အဆုတ်မှာဆိုးရွားစွာ ထိခိုက်ပျက်စီး နေပြီး အဆုတ်ဆဲလ်များထဲတွင် ခိုအောင်းနေသော ကိုဗစ် - ၁၉ ရောဂါပိုးများကို အသက်ရှင်လျက်တွေ့ရှိရ ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ အသည်းမှာ ထိခိုက်မှုရှိသော်လည်း အသည်းဆဲလ်များမှာ ဆိုးရွား စွာပျက်စီးခြင်းမရှိသည့်အပြင် အသက်ရှင်ခိုအောင်းနေသော ကိုဗစ် - ၁၉ ရောဂါပိုးများကိုလည်း အသည်း၏ ဆဲလ်များတွင် မတွေ့ရှိရကြောင်း တင်ပြထားပါသည်။ အထက်ဖော်ပြပါ တွေ့ရှိချက်များသည် ယနေ့အချိန်ထိ သုတေသနပြု တွေ့ရှိချက်များသာ ဖြစ်ပါသည်။ လက်ရှိ အချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့်နိုင်ငံတကာ အသည်းရောဂါအဖွဲ့အစည်းများသည် ကိုဗစ် - ၁၉ ရောဂါ ပိုးကူးစက်ပြန့်ပွားပုံနှင့် အသည်းနှင့်ပတ်သက်သော သုတေသနလုပ်ငန်းဆောင်ရွက်ချက်များ၏ နောက်ဆုံး တွေ့ရှိချက်များကို ကမ္ဘာ့ပြည်သူများထံ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ဖြန့်ဝေပေးလျက်ရှိပါသည်။

 

ဘီပိုး၊ စီပိုး ကူးစက်ခံထားရသူများနှင့် နာတာရှည် အသည်းရောင် ရောဂါရှိလူနာများ

 

ကနဦးတွေ့ရှိချက်များအရ အသည်းရောင်အသားဝါ ဘီပိုးစီပိုး ကူးစက်ခံထားရသူများနှင့် နာတာရှည်အသည်း ရောင်ရောဂါရှိနေသူများသည် ကိုဗစ် -၁၉ ရောဂါပိုးကူးစက် ခြင်းခံရနိုင်ခြေမှာ သာမန်လူများအတိုင်းသာ ဖြစ်ပါသည်။ ပို၍ မများပါ။ ထိုသူများသည် ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ခံရပါကလည်း အသည်းကိုဆိုးရွားစွာ ထိခိုက်ပျက်စီးစေခြင်း မရှိကြောင်းနှင့် သာမန်နှာတာရှည် အသည်းရောင်ရောဂါ ရှိလူနာများသည်လည်း ကိုဗစ် - ၁၉ ရောဂါပိုးကြောင့် ဖြစ်ရသည့် အဆုတ်ရောင်ရောဂါကို ပိုမိုဆိုးရွားစွာခံစား ရနိုင်ခြင်းမရှိကြောင်း တင်ပြထားသည်။ သို့သော် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း သုတေသနပြုတွေ့ရှိချက်တစ်ခု အရ လက်ရှိဘီပိုး စီပိုး ကူးစက်ခံရသူများ ( ယခင်က စီပိုးလုံးဝပျောက်ကင်းအောင် ကုသပြီးသည့် လူနာများ အပါအဝင်)နှင့် ယခင်ကတည်းက နာတာရှည်အသည်းရောင် ရောဂါရှိနေသူများသည် ကိုဗစ် -၁၉ ရောဂါပိုးကူးစက်ခြင်း ခံရပါက အသည်းရောင်ရောဂါ ပိုမိုဆိုးရွားလာသည်ကိုတွေ့ရှိရကြောင်းနှင့် ကိုဗစ် - ၁၉ ရောဂါပိုးကြောင့် ဖြစ်ရ သည့် အဆုတ်ရောင်ရောဂါဝေဒနာများကို ပိုမိုပြင်းထန် စွာ ခံစားရနိုင်ပြီး နောက်ဆက်တွဲပြင်းထန်သောရောဂါ များ ဖြစ်ပွားနိုင်ခြေလည်း များကြောင်း ဖော်ပြထားပါသည်။

 

ထို့ကြောင့် အထက်ပါလူနာများသည် လက်ရှိ ကိုဗစ်၁၉ ကာလအချိန်တွင် ကိုဗစ် - ၁၉ ပိုးကူးစက်ခြင်း မခံရ လေအောင်ပိုမိုဂရုပြုကြရပါမည်။ ဆေးကုသမှုခံယူနေရပါကလည်း သောက်နေကျ သောက်နေဆဲဆေးများကို ပုံမှန်ဆက်လက်သောက်ရန် လိုအပ်ပါသည်။ အထူးသဖြင့် ဘီပိုးနှင့်စီပိုး အတွက် ပိုးသေဆေးသောက်နေ ရသူများသည် ဆေးကို နေ့စဉ်ပုံမှန် ဆက်လက်သောက်ရပါမည်။ သောက်ဆေးများကို ဘီပိုးအတွက် နှစ်အတန်ကြာလည်းကောင်း၊ စီပိုးအတွက် သုံးလမှ ခြောက်လကြာအထိလည်းကောင်း၊ ရက်မပျက် သောက်ရန် လိုအပ်ပါသည်။ ဆေးသောက်ရက် ပျက်ကွက်ပါက ရောဂါမပျောက်ခြင်းနှင့် ရောဂါပိုးက ဆေးကို ခံနိုင်ရည်ရှိသွား၍ ဆေးယဉ်ပါးခြင်းနှင့်ဆေးမတိုး တော့ခြင်းမျိုး ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ရောဂါပိုးသေဆေး များကို မဖြစ်မနေ သောက်ရပါမည်။ ယခုလက်ရှိ ကိုဗစ်( ၁၉ အရေးပေါ်ကာလအတွင်း အထက်ပါဆေးများကို မိမိ လက်ဝယ်တွင်လုံလောက်အောင် အမြဲဆောင်ထားနိုင်ရန် ကြိုတင်ဝယ်ယူ စုဆောင်းထားရှိရန် လိုအပ်ပါမည်။

 

သတိချပ်စေလိုသည်မှာ Home Stay နေရစဉ် ယခုကာလတွင် အထက်ပါကဲ့သို့ ပုံမှန်သောက်နေကျဆေးများကို သောက်နေစဉ်ကာလအတွင်း မျက်လုံး/ဆီးဝါခြင်း၊ ဆီးသွားနည်းခြင်း၊ ခြေလက်မျက်နှာများဖောရောင်ခြင်း သွေးအားနည်းခြင်း၊ မောပန်းလွယ်ခြင်း၊ ဝမ်းဗိုက်ညာဘက် ခြမ်းအောင့်ခြင်းနှင့် ရေဖျဉ်းခွဲဝမ်းဗိုက်တင်းခြင်းတို့ ခံစား ရပါက မိမိပြနေကျ ဆရာဝန်၊ ဆေးခန်းသို့ တယ်လီဖုန်း ဖြင့် ဆက်သွယ်တင်ပြမေးမြန်း၍ အကြံပြု ချက်ရယူခြင်းနှင့် လိုအပ်လျှင် ဆရာဝန်၊ ဆေးခန်းသို့ ကိုယ်တိုင်သွား ရောက်ပြသခြင်းတို့ကို ဆောင်ရွက်ရပါမည်။

 

ဆိုးရွားသော အသည်းရောဂါရှိသူများ

 

ဆိုးရွာသော အသည်းအဆီဖုံးရောဂါရှိသူများ၊ အသည်း ခြောက်ရောဂါရှိသူများ၊ အသည်းကင်ဆာရောဂါကုသမှုခံ ယူနေသူများ၊ မိမိခန္ဓာကိုယ်မှ အလိုအလျောက်ဖြစ်သော ခုခံအားကျ အသည်းရောင်ရောဂါ (Auto-immune Hepatitis) ရှိနေသူများနှင့် အသည်းအစားထိုးကုသမှုခံယူထား သူများသည် ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခြင်းခံရပါက အဆုတ်ရောင်ရောဂါကို ပိုမိုပြင်းထန်မြန်ဆန်စွာ ခံစားကြရပြီး ရောဂါပိုး၏ နောက်ဆက်တွဲဆိုးကျိုးများသည် လည်း အသက်အန္တရာယ် စိုးရိမ်ရလောက်အောင်အထိ ဖြစ်စေနိုင်ပါသည်။ အသည်းအဆီဖုံးရောဂါရှိလူနာများသည် များသောအားဖြင့် အသက် ၆၀ နှစ်အထက်ရှိခြင်းနှင့် သွေးတိုး၊ ဆီးချိုနှင့် အဝလွန်ရောဂါများ တွဲလျက်ရှိနိုင်သောကြောင့်လည်းကောင်း၊ အသည်းခြောက်၊ အသည်းကင်ဆာ၊ Auto-immune အသည်းရောင်ရောဂါရှိသူများနှင့် အသည်း အစားထိုးကုသမှုခံယူထားသူများသည် ကိုယ်ခံအား စနစ်ကို ထိခိုက်ကျဆင်းစေနိုင်သည့် ဆေးဝါးများကို အမြဲသောက် သုံးမှီဝဲနေရခြင်းတို့ကြောင့် လည်းကောင်း ကိုဗစ် - ၁၉ ရောဂါပိုးကူးစက်ခံရနိုင်ခြေများပြီး ကူးစက်ခံရပါကလည်း နောက်ဆက်တွဲ ဆိုးကျိုးများကို ပိုမိုပြင်းထန်စွာခံစား ရနိုင်ပါသည်။ ထို့ကြောင့် အထက်ပါလူနာများသည် ကိုဗစ် ၁၉ ရောဂါပိုး လုံးဝကူးစက်ခြင်းမခံရလေအောင် အထူး ပိုမို ဂရုပြုကြရပါမည်။ ဆေးလိပ် သောက်တတ်ပါက ချက်ချင်းဆေးလိပ်ဖြတ်ပါ။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းလွယ်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ အနည်း ငယ် ခံစားရသည်နှင့် ဆေးရုံသို့ချက်ချင်း အမြန်ဆုံး သွားပြရန် လိုအပ်ပါမည်။

 

အထက်ပါ ဆိုးရွားသော အသည်းရောဂါရှိလူနာများ နှင့် အသည်းရောဂါအခံရှိပြီး မျက်လုံး/ဆီးဝါနေသူများ၊ ရေဖျဉ်းစွဲနေသူများ၊ စိတ်ကစဉ့်ကလျားဖြစ်နေသူများ သည် မိမိကိုယ်မိမိ သီးခြားနေထိုင်ခြင်း ကြိုတင်ပြုလုပ် သင့်ပါသည်။ ထို့အပြင် အသည်းနှင့်ဆိုင်သော ဓာတ်ခွဲ စမ်းသပ် စစ်ဆေးမှုများကို (ကိုဗစ် -၁၉ ရာဂါပိုးကူးစက် ခြင်းမခံရမီ အချိန်ကတည်းက) ဦးစွာဆောင်ရွက်ထား ရှိခြင်းဖြင့် မိမိအသည်း၏ လက်ရှိရောဂါအခြေအနေကို ကြိုတင် အခြေခံမှတ်တမ်းတင်ထားရှိရန် လိုအပ်ပါမည်။ ဖြစ်နိုင်လျှင် အထက်ပါလူနာများသည် ရာသီတုပ်ကွေး နှင့် အဆုတ်ရေဝင်ရောဂါ ကာကွယ်ဆေးများကိုလည်း ကြိုတင်ထိုးနှံမှု ခံယူထားသင့်ပါသည်။

 

အသည်းကျန်းမာရေးအတွက် အနေအထိုင်း အစားအသောက်နှင့်ဆေးဝါးသုံးစွဲခြင်း အကြံပြုချက်

 

လက်ရှိ ကိုဗစ် -၁၉ ရောဂါကာလတွင် မိဘပြည်သူ များသည် မိမိတို့၏ အသည်းကျန်းမာကောင်းမွန်ရေးအတွက် အောက်ဖော်ပြပါနေထိုင်မှုပုံစံ၊ စားသောက်မှု ပုံစံနှင့် ဆေးဝါးသုံးစွဲမှုအကြံပြုချက်တို့ကို လိုက်နာ ဆောင်ရွက် သင့်ပါသည် -

 

နေထိုင်လှုပ်ရှားမှုအလေ့အထပုံစံ

 

Home Stay ကာလအတွင်း အထိုင်များ၊ အအိပ်များ ပြီး လှုပ်ရှားမှုများ နည်းနိုင်ပါသည်။ ထို့ကြောင့် မိမိအိမ် ထဲတွင် ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊ အလေးမခြင်း၊ ပြေးစက်ပေါ်တွင် လမ်းလျှောက်ခြင်းနှင့် အိမ်ခြံဝင်းရှိ ပါက အိမ်ပြင်ပတွင် လမ်းလျှောက်ခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။ လေဝင်လေထွက်ကောင်းရန် နေအိမ် တံခါးများဖွင့်ထားပါ။ နံနက်ပိုင်းတွင်မိနစ်၃၀ခန့် သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။ နေပူဆာလှုံပါ။ တရားထိုင်ခြင်း၊ ဝတ်ပြုခြင်း၊ ဘာသာရေး ဆုတောင်းခြင်း နှင့် ယောဂကျင့်ခြင်းတို့ကို ပြုလုပ်ပါ။ အိပ်ရေးဝအောင် အိပ်ပါ၊ မိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင်နေပါ။ အိပ်ရေးပျက်/အိပ်ရေးမဝခြင်းနှင့် စိတ်ပင်ပန်း/ဖိစီးခြင်း တို့သည်လည်း ကိုယ်ခံအားစနစ်ကို ကျဆင်းစေပြီး ခန္ဓာကိုယ်တွင်းသို့ ရောဂါပိုးများဝင်လွယ်ပျောက်ခဲပေါ သည်။ အထူးသဖြင့် အသည်းရောင် အသားဝါရောဂါပိုး အသည်းရောဂါ အခံရှိနေသူများသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကိုသာမက အသည်းကိုလည်း ထိခိုက် ပျက်စီးစေသော ဆေးလိပ်သောက်ခြင်း၊ ကွမ်းယာစားသုံး ခြင်းနှင့် အရက်သောက်ခြင်းတို့ကို လုံးဝရှောင်ကြဉ်ရပါမည်။

 

အစာအာဟာရစားသောက်မှုပုံစံ

 

မိမိတို့၏ အသည်းကျန်းမာရေးအတွက် မှန်ကန်၍ သင့်တင့်မျှတသည့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကိုသာ စားသုံးပါး Home Stay ကာလ အတွင်း အထိုင်များ၊ အအိပ်များသည်သာမက အစား လည်းများနိုင်ပါသည်။ ထို့ကြောင့် အဝမလွန်ပါစေနှင့်၊ အဆီ၊ အချို၊ အငန်၊ အစပ်များကိုရှောင်ပါ။ အသား (ပရိုတိန်း)ဓာတ်များစွာပါဝင်သော ကြက်ဥ (အနှစ် မပါ)၊ နွားနို့ ၊ အစေ့အဆန်၊ ပဲ၊ ဥများနှင့် စိမ်းစိုသောအရွက်များ၊ အရည်ရွှမ်းသောသစ်သီးများ၊ သန့်ရှင်းလတ်ဆတ်သော အစားအစာများကို ပိုမိုစားသုံးပါ။ ကာလရှည်ခံရန် စီမံထားသောအစားအစားများနှင့် ဆီကြော် အစာများကို ရှောင်ပါ။ အသားစိမ်း၊ ငါးစိမ်း၊ ကျက်အောင် ဆူအောင် ချက်ပြုတ်မထားသော အသား၊ ငါးများစားသုံးခြင်း လုံးဝ မပြုပါနှင့်၊ ရေများများသောက်ပါ၊ အသည်းရောဂါ ကြောင့် ရေဖျဉ်းစွဲနေသူများသည် ရေများများမသောက်ရပါ။ ဆားရည် မငုံရပါ။

 

ဆေးဝါးများသုံးစွဲခြင်း

 

အသည်းကိုထိခိုက်ပျက်စီးစေနိုင်သည့် အကိုက်အခဲပျောက်ဆေး များ၊ ပါရာစီတမော့များကို မသုံးစွဲရ၊ ဆေးမြီးတိုများ၊ ပရဆေးများ၊ ချင်း၊ လျက်ဆားများ မသုံးရ၊ အမိုင်နိုအက်စစ်ပါဝင်သော အားဆေး /နို့မှုန့် များကိုသောက်နိုင်ပါသည်။ အသည်းရောဂါအခံရှိပါက သံဓာတ်ပါသော အားဆေးများမသောက်ရ။ ဆေးကုသမှုခံယူနေသော အသည်းရောဂါ ရှိသူများသည် သောက်နေကျသောက်နေဆဲဆေးများကို ပုံမှန်ဆက်လက်သောက်သုံးရန် လိုအပ်ပါသည်။ အထူးသဖြင့် ဘီပိုးနှင့် စီပိုးအတွက် ပိုးသေဆေးသောက်နေရ သူများသည် ဆေးကိုနေ့စဉ် ပုံမှန် ဆက်လက် သောက်ရန် လိုအပ်ပါသည်။

 

အကြံပြုတင်ပြချက်

 

လက်ရှိ ကိုဗစ် -၁၉ ရောဂါကာလ မိမိနေအိမ်တွင် နေထိုင်ရစဉ်အချိန် များအတွင်း မိဘပြည်သူများနှင့် အသည်းရောင်အသားဝါရောဂါပိုး/ အသည်းရောဂါ အခံရှိနေသူများသည် အထက်ဖော်ပြပါနေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံနှင့် ဆေးဝါးသုံးစွဲမှုအကြံပြုချက်တို့ကို လိုက်နာဆောင် ရွက်ခြင်းဖြင့် အသည်းကျန်းမာ ကောင်းမွန်ရေးအတွက်များစွာအထောက် အကူပြုမှုရရှိနိုင်ပြီး လက်ရှိဖြစ်ပွားနေသော ကိုဗစ် -၁၉ ရောဂါ ကူးစက် ခံရခြင်းမှ အထိုက်အလျောက် ကာကွယ်နိုင်ပါမည်။ ကူးစက်ခံရပါက လည်း နောက်ဆက်တွဲဆိုးကျိုးများ ပြင်းထန်စွာမခံစားရနိုင်ဘဲ ပြန်လည် ကျန်းမာလာနိုင်မည် ဖြစ်ပါသည်။ မြန်မာပြည်သူ ပြည်သားများ အားလုံး လက်ရှိ ကိုဗစ်-၁၉ ကူးစက် ကပ်ရောဂါကာလကြီးကို ကျန်းမာပျော်ရွှင် အောင်မြင်စွာ အမြန်ဆုံး ကျော်လွှားသွားနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်း တင်ပြလိုက်ရပါသည်။ ။