၁၂  မေ

မကြာသေးမီက နေပြည်တော်ဟိုတယ်တစ်ခုတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးတစ်ခုတက်ဖြစ်သည်။ နာမည်ကြီး ဟိုတယ်တစ်ခုပီပီ ဧည့်ဝတ်ကျေပွန်မှု၊ ဖော်ရွေမှု၊ စားသုံသူများကို ဂရုစိုက်မှုများသည် အပြစ်ဆို ဖွယ်မရှိပေ။ သံပရာရည်ဖြင့် ဧည့်ခံသောအခါ ကျွန်တော် အမြဲတမ်းကြုံတွေ့နေကျ၊ သုံးစွဲနေကျ အလေးချိန် ပေါ့ပါးသည့် တစ်ခါသုံးပလတ်စတစ်ပိုက်မဟုတ်ဘဲ အလေးချိန်စီးသည့် ပိုက်တစ်ခုဖြစ်နေသည်ကို ထူးခြားစွာ ခံစားမိ၍ ဧည့်ခံနေသည့် ဝန်ထမ်းလေးကို မေးကြည့်ရာ ဝါးပိုက်လေးများဖြစ်ကြောင်း သိရသည်။ ဟိုတယ်မှ တာဝန်ရှိသူ၊ စီမံကွပ်ကဲသည့်သူများကို မလေးစားဘဲ မနေနိုင်ပေ။ သာမန် ပိုက်သုံးစွဲမှုလေးများကိုပင် အသေးအဖွဲဟူ၍ သဘောမထားဘဲ အလေးအနက် စေတနာထားကာ ဆောင်ရွက်ပေးမှုကို မချီးကျူးဘဲမနေ နိုင်ခဲ့ပေ။ သာမန်အရည်များကို စုပ်ယူရန် စျေးပေါပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် တစ်ခါသုံးပလတ်စတစ် ပိုက်လေးနေရာတွင် စျေးကြီးမည်၊ လုပ်ရမည်မှာ လက်ဝင်မည်၊ ဟိုတယ်၏ အမြတ်ငွေဆုံးရှုံးမည်ကို သိလျက်နှင့် စားသုံးသူများကို စေတနာထား ဆောင်ရွက် ပေးသည့် အဆိုပါ လုပ်ငန်းရှင်ကို ကျေးဇူးတင်မိသည်။ သာမန် တစ်ခါသုံး ပလတ်စတစ်ပိုက်လေးသည် သဘာဝမြေကြီးထဲတွင် ပျော်ဝင်ပျက်စီးရန် နှစ်ပေါင်းထောင်ချီ ကြာမြင့်နိုင်သည်။ ဝါးပိုက်လေးသည် သုံးလေးနှစ်အတွင်း သဘာဝမိခင်မြေကြီးကို အာဟာရပေးနိုင်သည်။ မစွန့်ပစ်ခင် ခွဲစိတ်၍ အသားကင်တံလေးအဖြစ် အသုံးပြုမလား၊ အလှဆင်ပစ္စည်းလေးအဖြစ် သုံးမလား၊ သန့်စင်၍ ခွဲစိတ်ကာ သွားကြားထိုးတံလေးအဖြစ် အသုံးတော်ခံမလား၊ ယုတ်စွအဆုံးမီးမွှေးသည့် ပစ္စည်းလေးအဖြစ်၊ ထင်းအဖြစ်သုံးမလား ရပေသည်။

ကမ္ဘာကြီးတွင် နေ့တစ်နေ့ကုန်ဆုံးတိုင်း တစ်ခါသုံးစွန့်ပစ်ပစ္စည်းတန်ချိန် ခြောက်သန်းကျော် စွန့်ပစ်လျက် ရှိကြောင်း၊ ထိုအထဲမှ ၄၂ ရာခိုင်နှုန်းကျော်ကိုသာ ပြန်လည်သုံးစွဲကြပြီး ကျန်ရှိသည့် ၅၈ ရာခိုင်နှုန်းကျော်သည် မြေကြီးထဲသို့လည်းကောင်း၊ ပင်လယ်သမုဒ္ဒရာ၊ မြစ်၊ ချောင်း၊ အင်းအိုင်များထဲသို့လည်းကောင်း၊ မီးရှို့ ဖျက်ဆီးသဖြင့် သဘာဝလေထုထဲသို့ အဆိပ်မီးခိုးများ အဖြစ်လည်းကောင်း နေ့စဉ် ပျောက်ကွယ်သွားမည်မှာ သေချာလှပေသည်။ တစ်လ၊ တစ်နှစ်ဆိုပါက မည်မျှအထိ ဖြစ်မည်ကို တွေးမကြည့်ရဲပေ။

ကြိုးစားဆောင်ရွက်

ယနေ့ခေတ်မှာ အချိန်သည် ငွေဖြစ်နေသည်။ အချိန်ကိုလု၍ ကြိုးစားဆောင်ရွက်နေကြသည်။ ထို့ကြောင့် စားရေး၊ ဝတ်ရေး၊ နေရေးကိစ္စများအတွက် အချိန်မပေးနိုင်ပေ။ ထိုအခါ ငွေနှင့်အချိန်ကို လဲလှယ် ကြရပြန်သည်။ ဤသို့ ခေတ်ကာလပြောင်းလဲလာမှု၊ စားဝတ်နေရေးကိစ္စများ ပြောင်းလဲလာမှုကို တွေ့မြင်နေသော စီးပွားရေးသမားများသည် တစ်ခါသုံးပစ္စည်းများကို လှိုင်လှိုင်ထုတ်လုပ်ရောင်းချလာကြသည်။ မျှော်လင့်သည့် အတိုင်း တွင်တွင်ကျယ်ကျယ် ရောင်းချလာကြသည်။ အမြတ်အစွန်း ကြီးမားစွာရရှိလာကြသည်။ တစ်ခါသုံး ပလတ်စတစ်ပိုက်များ၊ ဖော့ဘူးများ၊ ပလတ် စတစ်အိတ်များ၊ အချိုရည်၊ ဘီယာ၊ ကော်ဖီဘူးခွံများ၊ အိတ်ခွံများ အိမ်တိုင်းမှာ၊ အမှိုက်ပုံတိုင်းမှာ၊ တောရောမြို့ပါ တောင်ပေါ်၊ မြေပြန့် ခရီးသွားလမ်းများဘေးမှာ ပြန့်ကျဲလျက် ရှိနေသည်က သက်သေပင် ဖြစ်သည်။

သဘာဝဂေဟစနစ်ကို ဖျက်ဆီး

ထိုတစ်ခါသုံးပစ္စည်းများကြောင့် လမ်းဘေးဝဲ၊ယာ အလှအပများ ပျက်စီးရသည်။ အမြင်မတင့်တယ် ဖြစ်ရသည်။ တစ်ခါသုံးစွန့်ပစ်ပစ္စည်းများကတော့ ပို၍ပို၍ တိုးလာနေဆဲဖြစ်သည်။ သက်မဲ့ရုပ်ဝတ္ထုများဖြစ်သည့် တစ်ခါသုံး စွန့်ပစ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများ၊ အပင်မျိုးစုံတို့၏ သဟဇာတဖြစ်တည်မှုများကို အန္တရာယ်ပေးလျက် ရှိသည်။ သဘာဝဂေဟစနစ်ကို ဖျက်ဆီးနေသကဲ့သို့ ဖြစ်နေသည်။

ဝန်နှင့်အားမမျှ

နိုင်ငံတော်အကြီးအကဲများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်၍ အမှိုက်ပြဿနာများကို နိုင်ငံသူ နိုင်ငံသားများ အလေးဂရုထား လိုက်ပါဆောင်ရွက်ကြရန် အချိန်မအားလပ်သည့်ကြားမှ စံပြအဖြစ်ဆောင်ရွက် နေသည်။ လိုက်ပါဆောင်ရွက်ကြသဖြင့် အမှိုက်ကင်းစင် သော ကျေးရွာအချို့ပေါ်လာသည်။ သို့သော် နည်းပါးနေ သေးသည်။ မြန်မာတစ်နိုင်ငံလုံးကို တစ်ခါသုံးအမှိုက်များက လွှမ်းခြုံနေဆဲပင် ရှိသေးသည်။ ပရဟိတစိတ်ရှိသူ၊ မြေကမ္ဘာကို မြတ်နိုးသူများကမူ စိတ်ဓာတ်မကျ၊ ကိုယ်တိုင် လည်းဇွဲမလျှော့ အားတင်း၍ တစ်ခါသုံးစွန့်ပစ် ပစ္စည်းများကို မြေကမ္ဘာပေါ်မှဖယ်ရှားနေဆဲ၊ ကောက်ယူ နေဆဲ၊ အခြားသူများကို ပညာပေးဆွေးနွေး၍ ကိုယ်တိုင် လည်းစံပြအဖြစ် လုပ်ကိုင်နေဆဲပင် ဖြစ်သည်။ တာဝန်ရှိ သည့် ဌာနများကလည်း စွန့်ပစ်သည့်တစ်ခါသုံးပစ္စည်း များကို ဝန်နှင့်အားမမျှသော်လည်း ရှင်းလင်းနေဆဲ၊ ဖျက်ဆီး နေဆဲပင် ဖြစ်သည်။

ဂုဏ်ပြုပွဲလုပ်ကာ ပြသ

ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသော မြောင်းကြီးများကို ရှင်းလင်းသည့်အဖွဲ့သည် မှောင်မှောင်မည်းမည်း မြောင်းကြီးထဲတွင် အောက်ဆီဂျင်ပြတ်ပါက အသက်သေဆုံးရမည်၊ ကင်းမလက်မည်းများနှင့် ကြွက်များ၊ မြွေများကြောင့် ထိခိုက် ဒဏ်ရာရ၊ ဘဝသစ်သို့ကူးပြောင်းရမည်မှန်း သိသော်လည်း ပြည်သူများမိုးတွင်းကာလ ရေကြီး၊ ရေလျှံကာ အတိဒုက္ခ မရောက်စေရေးအတွက် မြောင်းအတွင်းပိတ်ဆို့လျက်ရှိသော တစ်ခါသုံး စွန့်ပစ်ပစ္စည်းများဖြစ်သည့် ပလတ်စတစ်ပစ္စည်းများ၊ ဖော့ဘူးများ၊ ဘီယာ၊ အချိုရည်ဘူးခွံများ၊ ပလတ်စတစ် အိတ်များကို အသက်စွန့်ကာ ရှင်းလင်းပေးသည့် စေတနာကို လေးစားသောအားဖြင့် ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ သည်ကို မီဒီယာတွင် ဖော်ပြထား၍ သိရှိရသည်။ တာဝန်ကို ကျော်လွန်ကာ စေတနာလေးဖြည့်စွက်၍ ပြည်သူများ အကျိုးအတွက် ဆောင်ရွက်ပေးခဲ့သောအဖွဲ့ကို ကျေးဇူးတင်မိသလို စေတနာထားသည်ကို လက်တွေ့ကျကျ ကျေးဇူးတင်သဖြင့် ဂုဏ်ပြုပွဲလုပ်ကာ ပြသခဲ့သည့်သူများကိုလည်း လေးစားမိသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် ပလတ်စတစ်အရည် စုပ်ပိုက်လေးများနေရာတွင် ဝါးငယ်လေးများဖြင့် အစားထိုး အသုံးပြုနေသလို အုန်းပင်ထွက်ပစ္စည်းလေးများဖြင့် ပန်းကန်မျိုးစုံကို အစားထိုးထုတ်လုပ်၍ ပလတ်စတစ် ဖော့ဘူးများ၊ ပလတ်စတစ်ပန်းကန်ပြားများ၊ ပလတ်စတစ် ထမင်းစားဘူးများနေရာတွင် အစားထိုးဝင်ရောက်ရန် ကြိုးစားနေသလို တစ်ခါသုံး စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကော်ဖီထုပ်ခွံများကို အသုံးပြု၍ လှပသည့် ဒီဇိုင်းများဖြင့် လက်ဆွဲအိတ်၊ လက်ဆွဲခြင်း၊ စားပွဲခင်း၊ ကုလားထိုင်ခင်း၊ ဖျာများပြုလုပ်၍ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချ နေသည်ကို ဟိုမှာဒီမှာ တွေ့နေရသည်။ ပို၍ထူးခြားသည်မှာ မည်သည့်အပိုပစ္စည်းမျှမပါဘဲ ရောင်စုံကော်ဖီထုပ် မျိုးစုံကိုသာ အသုံးပြု၍ ခြင်္သေ့ပုံ၊ ဥဒေါင်းပုံ၊ သဘာဝရှုခင်းပုံများကို ပုံဖော်၍ ပန်းချီကားကဲ့သို့ ပြုလုပ်ရောင်းချ နေသည်ကိုလည်း တွေ့မြင်ရပါသည်။ စွန့်ပစ် ဖော့ဘူး၊ ရေသန့်ဘူး၊ အချိုရည်ဘူး၊ ဘီယာဘူးများကို အသုံးပြု၍ အိမ်များ၊ ဆိုင်များ၊ ပြခန်းများတွင် အလှဆင်ထားကြသည်ကိုလည်း မြင်တွေ့ ရသည်။

အဆိုပါ ပစ္စည်းများကို အသုံးပြု၍ ငရုတ်၊ ပူစီနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပန်းပင်စသည်များ စိုက်ပျိုး၍ အကျိုးရှိစွာ သုံးစွဲနေကြသည်ကိုလည်း တွေ့မြင်နေရသည်။ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေကို ကြီးမားစွာ အန္တရာယ်ဖြစ်ပေါ်စေသော တစ်ခါသုံးစွန့်ပစ်ပစ္စည်းများနေရာတွင် သဘာဝပစ္စည်းများဖြင့် အစားထိုးသုံးစွဲရန် ဆောင်ရွက်ခြင်းသည် ညစ်ညမ်းမည့် မြေထု၊ ရေထု၊ လေထုအတွက် ကာကွယ်ရာရောက်သဖြင့် အားပေးကူညီ ပေးစေချင်ပါသည်။ စွန့်ပစ်ပစ္စည်းများကို အကျိုးမဲ့မဖြစ် စေဘဲ အကျိုးရှိစွာ ပြန်လည်သုံးစွဲမှုများကို အတုယူကာ လိုက်ပါဆောင်ရွက်စေချင်ပါသည်။ သို့မှသာ အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်သော စံနမူနာပြခဲ့ သလိုဖြစ်ကာ သြဇာပြည့်ဝကောင်းမွန်သော မြေ၊ သန့်စင် သော လေအေး၊ အေးမြကြည်လင် အန္တရာယ်ကင်းသော ရေများကို အမွေပေးခဲ့ရာ ရောက်ပေမည်။

သဘာဝပစ္စည်းများဖြင့် အစားထိုး

တစ်ခါက ခရီးတစ်ခုသွားရင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တစ်ဦးနှင့် ဆုံဖြစ်သည်။ ကျွန်တော် တို့ နေ့စဉ်စားသုံးလျက်ရှိသော ဆန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများတွင် တစ်ခါသုံးစွန့်ပစ်ပစ္စည်းများ၊ ဓာတု ဆေးဝါးများ၊ ပလတ်စတစ်များကြောင့် အဆိပ်သင့်နေကြပြီဖြစ်ကြောင်း ပြောပြသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် အမူအကျင့်များကို ပျိုးထောင်ပေးရမည် ဖြစ်ကြောင်း၊ အားပေးကူညီရမည်ဖြစ်ကြောင်း၊ တစ်ခါ သုံးစွန့်ပစ်ပစ္စည်းများ သုံးစွဲမှုကို လျှော့ချနိုင်ရေး ကြိုးစားရမည်ဖြစ်ကြောင်း၊ တစ်ခါသုံးပစ္စည်းများသုံးစွဲမှု လျော့နည်းစေရေးအတွက် သဘာဝပစ္စည်းများဖြင့် အစားထိုးထုတ်လုပ်သည့် လုပ်ငန်းများကို အားပေးရမည် ဖြစ်ကြောင်း စုံလင်စွာပြောပြ၍ ဗဟုသုတလည်းရသည်။ လိုက်နာဆောင်ရွက်ရမည်ဟူသော အသိလည်းရသည်။

ပြီးတော့ ခရီးတစ်ခုသွားရင်း တစ်ခါသုံးစွန့်ပစ် ရေသန့်ဘူးများနှင့် ပလတ်စတစ်စများကို အသုံးပြု၍ ပရဟိတ လူငယ်အဖွဲ့တစ်ခုက ပြုလုပ်ရောင်းချသည့် လှပသေသပ် သော စားပွဲတင်မီးအုပ်ဆောင်းလေးများ၊ နံရံကပ်မီးလုံး ကာလေးများ၊ မျက်နှာကြက်မီးအလှဆင်ပစ္စည်းလေးများကို ဝယ်ယူဖြစ်သည်။ မေးကြည့်တော့ ပစ္စည်းလေးများ ရောင်းချရရှိငွေများဖြင့် ဆင်းရဲနွမ်းပါးသည့် ရင်ခွင်မဲ့ကလေးငယ်စောင့်ရှောက်ရေး ဂေဟာတစ်ခုကို လှူဒါန်းနေကြောင်း ဓာတ်ပုံမှတ်တမ်းများ ကျွန်တော့်ကို ပြသည်။ လူငယ်လေးတွေဖြစ်ပေမယ့် စိတ်ထားမြင့်မြတ် ကြပါလား။ ဖြူစင်သည့် ပရဟိတစိတ်ထားလေးများကို အခြေခံကာ ကမ္ဘာမြေလည်း စိမ်းလန်းစိုပြည်စေ၊ တစ်ခါသုံးစွန့်ပစ်ပစ္စည်းများလည်း လျော့နည်းစေ၊ အကျိုးလည်းရှိစေ၊ အခက်အခဲ ရှိသူများကိုလည်း ကူညီရာ ရောက်စေ၊ အမှိုက်များကိုလည်း ငွေဖြစ်စေ၊ အခြားသူများကိုလည်း ပညာပေးရာ ရောက်စေသဖြင့် အတုယူသင့်ပါသည်။

အကျိုးရှိစွာ ပြည်လည်အသုံးချ

တစ်ခါသုံးပစ္စည်းများကို အလွယ်တကူရယူသုံးစွဲကာ လွယ်လွယ်စွန့်ပစ်သဖြင့် ပတ်ဝန်းကျင်အလှအပများကို ပျက်စီးစေသည်။ သက်ရှိသတ္တဝါများ၊ အပင်မျိုး စိတ်များ၏ ဂေဟစနစ်ကို ပျက်စီးစေသည်။ မြေဆီလွှာ များကို ပျက်စီးစေသည်။ အနံ့အသက်မကောင်းသော လေကို ရှူရှိုက်ရသည်။ ကြည်လင်အေးမြသန့်စင်သော ရေရရှိမှု ခဲယဉ်းနိုင်သည်။ ရေရှည်မဆင်မခြင်ဆောင်ရွက် ပါက၊ သုံးစွဲနေပါက၊ စွန့်ပစ်နေပါက ရင်လေးစရာပင် ဖြစ်သည်။ လက်ရှိတွင် ကျွန်တော်တို့သည် တစ်ခါသုံး စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွာဘယ်လောက်အထိ စွန့်ပစ်မိခဲ့ပြီလဲ မသိနိုင်ပေ။ တစ်ခါသုံးစွန့်ပစ်ပစ္စည်း များကို အကျိုးရှိစွာ အသုံးပြုနိုင်သည့် အရေအတွက် ဘယ်လောက်များ ရှိသလဲမသိနိုင်ပေ။ သို့သော် တစ်ခါသုံး စွန့်ပစ်ပစ္စည်းများကို တတ်နိုင်သမျှလျှော့ချသုံးစွဲမည်၊ အကျိုးရှိစွာ ပြည်လည်အသုံးချမည်၊ တစ်ခါသုံး ပစ္စည်းများနေရာတွင် သဘာဝပစ္စည်းများဖြင့် အစားထိုး သုံးစွဲမည်ဆိုပါက နောက်မကျသေးဟု ထင်မိပါသည်။

စံနမူနာကောင်းပြသ

သို့ဖြစ်၍ မြန်မာနိုင်ငံ၏မြေထု၊ ရေထု၊ လေထုကို ညစ်ညမ်းစေပြီး သက်ရှိသတ္တဝါများနှင့် အပင်မျိုးစုံတို့၏သဟဇာတဖြစ်မှုကို အန္တရာယ်ပြုခြိမ်းခြောက်လျက်ရှိသည့် တစ်ခါသုံးပစ္စည်းများကို လွယ်ကူစွာရယူသုံးစွဲမှုကို တတ်နိုင်သရွေ့ လျှော့သုံးကြရန်၊ စည်းကမ်းမဲ့ စွန့်ပစ် ခြင်းများကို ရှောင်ရှား၍ အသုံးအဆောင်ပစ္စည်းအဖြစ်၊ စိုက်ပျိုးရေးလုပ်ငန်းသုံးအဖြစ် ပြန်လည်အသုံးပြုကြရန်၊ တစ်ခါသုံး ဆွေးမြည့်ရန်မလွယ်ကူသည့် ပစ္စည်းများအစား သဘာဝပစ္စည်းများဖြင့် ထုတ်လုပ်သော ပြည်တွင်းထုတ်ကုန် ပစ္စည်းများကို အားပေးကြရန်၊ အနာဂတ်လူငယ်များအတွက် စံနမူနာကောင်းပြသ၍ ကောင်းသော လုပ်ဆောင်မှုအမွေကို ပေးခဲ့ကြရန်၊ မိမိနိုင်ငံ စိမ်းလန်းစိုပြည်မှုရှိစေရေးအတွက် ကိုယ်စီအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းကာကွယ်ရေး ကူညီဆောင် ရွက်ပေးကြရန် စေတနာရှေ့ထားကာ တိုက်တွန်းအပ်ပါသည်။ ။

နိုင်ဦး(DOCA)