ရေ၊ မြေ၊ တောတောင် သဘာဝအလှအပများနှင့် အဖိုးတန်သယံဇာတရင်းမြစ်များ ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံတောင်ဘက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စတင်တာဝန်ယူခဲ့သည့် အချိန်မှစ၍ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် စတုတ္ထ(၁)နှစ်တာကာလ ရောက်ရှိခဲ့ပြီဖြစ်သည်။
“အဓိက ပြုပြင်ပြောင်းလဲမှုအနေနဲ့ လမ်းပန်းဆက်သွယ်ရေးပါ။ နောက်တစ်ခုက စီမံခန့်ခွဲမှု အပိုင်းတွေ ရှိပါတယ်။ ဒါတွေကို အဓိကထားပြီး ပြုပြင်ပြောင်းလဲနေပါတယ်။ ဒေသရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆိုရင် ပုလဲလုပ်ငန်းတွေရှိတယ်၊ ခရီးသွားလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ ရှိပါတယ်။ ဒီလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်အောင် တိုင်းဒေသကြီးအစိုးရဘက်က ပံ့ပိုးပေးရမယ့် အပိုင်းတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်နေတဲ့ အပိုင်းတွေရှိပါတယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ (၁)နှစ်တာကာလအတွင်း တိုင်းဒေသကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကုမ္ပဏီများမှ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေယာများကို ဒေသခံတောင်သူများအား ဥပဒေနှင့်အညီ ပြန်လည်ပေးအပ်လုပ်ကိုင်နိုင်ရေး၊ ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရေထွက်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး၊ တိုင်းဒေသကြီးအတွင်း သယံဇာတများ ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုနည်းသည့်စနစ်များ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုနိုင်ရေး၊ ပြည်သူများ၏ ဒေသအတွင်း လုံခြုံရေးနှင့် တရားဥပဒေအရ အကာအကွယ်ပေးမှုများ အပြည့်အဝရရှိရေး၊ တိုင်းဒေသကြီးအတွင်းသို့ မဟာဓာတ်အားလိုင်း သတ်မှတ်ကာလတွင် ရောက်ရှိနိုင်ရေးအတွက် တင်ပြညှိနှိုင်း ဆောင်ရွက်မှုများပြုလုပ်ကာ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းတည်ငြိမ်၍ မှန်ကန်သော ဈေးနှုန်းရရှိနိုင်ရေး စသည့်ရည်မှန်းချက်များ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေး စသည့်မူဝါဒကြီး(၃)ရပ်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးမူဝါဒများဖြစ်သော စီးပွားရေးမူဝါဒ (၁၂)ရပ်ကို အလေးထား ဆောင်ရွက်လျက်ရှိသည်။
လမ်းပန်းဆက်သွယ်ရေးကဏ္ဍ
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၄ နှစ်တာ ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ပြည်ထောင်စုလမ်းမကြီးနှင့် တိုင်းဒေသကြီး ဆက်သွယ်ဖောက်လုပ်ထားသည့် အဓိကလမ်းမကြီးကို အပိုင်းလိုက် အဆင့်မြှင့်တင်ခြင်း၊ ပေ ၅ဝ အောက်မှ ပေ ၁၈၀ အထက် တံတားအသစ်များ ဆောက်လုပ် ခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေသည့် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ခြင်းနှင့် မြို့ပြလမ်းများ အဆင့်မြှင့်တင်ခြင်းတို့ကို နှစ်စဉ်ဘဏ္ဍာငွေ အမြောက်အမြား အကုန်အကျခံကာ အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်လမ်း ဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ကွန်ကရစ်လမ်း ၁၄၁/ ၆ ဒသမ ၇၆ မိုင်၊ ကတ္တရာလမ်း ၁၈/၄ ဒသမ ၃၄ မိုင်၊ ကျောက်လမ်း ၆၃/၂ ဒသမ ၇၄ မိုင်၊ အမာခံလမ်း ၁၈၁/၆ ဒသမ ၅၃ မိုင်နှင့် ၁၀ ပေမှ ပေ ၅၀ အောက် တံတား ၁၈၆ စင်း၊ ပေ ၅၀ အထက်တံတား ၇ စင်း၊ ပေ ၅၀ မှ ပေ ၁၈၀ အထက်တံတား ၄ စင်းနှင့် Box Culvert /ရေပြွန် ၁၄၇ စင်း စုစုပေါင်း ၃၄၄ စင်းတို့ကို ရန်ပုံငွေကျပ် ၆၄၀၄၀ ဒသမ ၁၉၂ သန်း အကုန်အကျခံကာ ဆောင်ရွက်ခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကွန်ကရစ် လမ်း ၇၅/၇ မိုင်၊ ကတ္တရာလမ်း ၂/၅ မိုင်၊ ကျောက်လမ်း ၅၉/၅ မိုင်၊ အမာခံလမ်း ၁၄၇/၁ မိုင် စုစုပေါင်း ၂၈၅ မိုင်နှင့် ၁၀ ပေမှ ပေ ၅၀ အောက်တံတား ၆၆ စင်း၊ ပေ ၅၀ အထက် တံတား ၉ စင်း၊ ပေ ၅၀ မှ ပေ ၁၈၀ အထက် တံတား ၇ စင်းနှင့် Box Culvert/ရေပြွန် ၁၅၆ စင်း စုစုပေါင်း ၂၃၈ စင်းကို ရန်ပုံငွေကျပ် ၄၇၁၈၁ ဒသမ ၅၂၅ သန်း အကုန်အကျခံ ဆောင်ရွက်ခဲ့သည်။
“လမ်းတံတားနဲ့ပတ်သက်ပြီး အထူး မြှင့်တင်ဆောင်ရွက်နေပါတယ်။ ဒီလိုမျိုး ဆောင်ရွက်ပေးရတဲ့ ရည်ရွယ်ချက်တွေက လမ်းပန်းဆက်သွယ်ရေး ကောင်းပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ ဒေသဖွံ့ဖြိုးရေးတွေ တွဲပြီးပါလာအောင်၊ ပညာရေးနဲ့ ကျန်းမာရေး တွေ ပိုပြီးအဆင်ပြေလာအောင် ရည်ရွယ်ပြီး ဘတ်ဂျက်ကို တိုးမြှင့်လျာထားသုံးစွဲခြင်းဖြစ်ပါ တယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။
အဓိကတံတားကြီး သုံးစင်း
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွက် အထူးအရေးပါသည့် သမုတ်လွတ်လွတ် တံတား၊ တနင်္သာရီတံတားနှင့် ပုလုံးတုံတုံး တံတား အဓိကတံတားကြီး သုံးစင်းကို အသစ် ပြန်လည်တည်ဆောက်လျက်ရှိရာ တည်ဆောက် ရေးလုပ်ငန်းများကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အတွင်းပြီးစီးရန် လျာထား ဆောက်လုပ်လျက် ရှိသည်။
“ဒီတံတားကြီးတွေ ပြီးသွားပြီဆိုရင် အချိန်တိုအတွင်းမှာ ထားဝယ်ကနေ မြိတ်နဲ့ ကော့သောင်းတို့ကို သွားလာနိုင်မှာဖြစ်ပါတယ်။ ဒီတံတားကြီး ၃ စင်းက ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာ နှစ်မှာ ပြီးစီးမှာဖြစ်ပါတယ်။ ကျန်တဲ့တံတား တွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြီးစီးအောင် ဆောင်ရွက်နေပါတယ်” ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။
အုပ်ချုပ်စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မျက်မှောက်ကာလတွင် ပြည်သူများ၏ အခြေခံ လိုအပ်ချက်များကို တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်၊ မြန်ဆန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်၊ ဌာနဆိုင်ရာ များမှ ဆောင်ရွက်ပေးလျက်ရှိသည့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းစဉ်များအား ပြည်သူများမှ လွယ်ကူစွာသိရှိပြီး ပြည်သူများနှင့် ဌာနဆိုင်ရာ များအကြား အပြန်အလှန် လေးစားယုံကြည် အားကိုးမှုများ တိုးပွားလာစေရန်နှင့် ပြည်သူ လူထုအတွက် ရိုးရှင်းလွယ်ကူသည့် စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ဌာနဆိုင်ရာလုပ်ငန်းများ၊ စနစ်တကျ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ Standard Operating Procedures (SOP) စာအုပ်များကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပထမအကြိမ်၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေ၍ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ဖြန့်ဝေ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ထို့ပြင် အများပြည်သူ အလွယ်တကူ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာရယူနိုင်ရန် Mobile Phone များတွင် အသုံးပြုနိုင်သော Tanintharyi SOP Application ကို ထားဝယ် ကွန်ပျူတာတက္ကသိုလ်နှင့် ပူးပေါင်းရေးဆွဲပြီး Google Play Store ၌ အခမဲ့ Download ရယူအသုံးပြုနိုင်ရေး ဆောင်ရွက်ခဲ့ကာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ Website ၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၉ ရက် တွင် တရားဝင်အသိပေး ကြေညာခဲ့သည်။
“စီမံခန့်ခွဲမှုအပိုင်းမှာ ပြည်သူ့ဝန်ဆောင် မှုနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုကိစ္စတွေကို ပြည်သူက လိုက်နာဆောင်ရွက်ရမယ့်အပိုင်း တွေ လုပ်ထုံးလုပ်နည်းအပိုင်းတွေ ရှင်းရှင်း လင်းလင်းမသိရှိတော့ ဆောင်ရွက်ရတဲ့အပိုင်း တွေမှာ အခက်အခဲရှိပါတယ်။ ဌာနအနေနဲ့လည်း ဆောင်ရွက်ရတဲ့အပိုင်းတွေမှာ ရှိတဲ့အင်အားနဲ့ ဝန်ဆောင်မှုအပိုင်းတွေ ဆောင်ရွက်ရတဲ့အချိန်မှာ အခက်အခဲလေးတွေ၊ အဆင်မပြေတာ လေးတွေ၊ အချိန်ကြန့်ကြာနေတာလေးတွေရှိပါ တယ်။ ဒါကြောင့် Standard Operating Procedures (SOP)ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ပြည်သူနဲ့ဌာနဆိုင်ရာတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်တဲ့အခါ ပိုပြီးလွယ်ကူချောမွေ့အောင် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။
ဟိုတယ်နှင့် ခရီးသွားကဏ္ဍ
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထင်ရှား ကျော်ကြားသော ရှင်ကိုးရှင်ဘုရားများ၊ သဘာဝအတိုင်း မပျက်စီးသေးဘဲ တည်ရှိနေ သည့် ကမ်းခြေအလှများ၊ သယံဇာတများနှင့် ကျွန်းစုများကြောင့် ဒေသတွင်းခရီးသွားများ သာမက ပြည်ပမှခရီးသွားများ လာရောက် လည်ပတ်ကြရာ လက်ရှိအချိန်တွင် တနင်္သာရီ တိုင်းဒေသကြီးအတွင်း၌ ဟိုတယ် ၃၅ ခုနှင့် တည်းခိုရိပ်သာ ၁၁ ခု ဖွင့်လှစ်ထားရှိပြီး ခရီးလှည့်လည်ရေးကုမ္ပဏီ ၁၁၇ ခုတို့ဖြင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
“ဒေသခရီးသွားလုပ်ငန်းနဲ့ ပိုမိုပြီးတိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်နေပါတယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။
တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပိုမိုမြှင့်တင်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပြည်တွင်း ပြည်ပအဖွဲ့ အစည်းများနှင့်ပူးပေါင်းကာ ဟိုတယ်လုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အခြေခံ) (Regional Guide) သင်တန်းများ၊ Swiss Contact ၏ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအတတ် ပညာဖွံ့ဖြိုးမှုအစီအစဉ်အရ ဧည့်ဝန်ဆောင်မှု သင်တန်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းအင်း သင်တန်းများ ဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (CBT)ကို ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စမ်းလှမ်း ကျေးရွာတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဒုံးညောင်မှိုင်းကျေးရွာနှင့် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် မကြုံ ဂလက်ကျေးရွာများကို အစဉ်တိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါကျေးရွာများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးပါက ကျန်ရှိနေသေးသည့် ဆလုံကျေးရွာ များတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT)ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် ထားဝယ်ခရိုင်အတွင်းရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသော ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးနှင့် ဈေးကွက်ချိတ်ဆက် ရှာဖွေရေးတို့အတွက် ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ကာ ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉-၂၀၂၀ ခရီးသွားရာသီ၏ ပင်လယ်ပြင် ကျွန်းခရီးစဉ် အကြိုဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ကော့သောင်းခရိုင်နှင့် ရေဖြူမြို့နယ်ရှိ ကလုံးထာ လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT) ဖွင့်ပွဲ အခမ်းအနားကို ၂၀၂ဝပြည့်နှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ထိုသို့ ခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်မှု ရှိနေသလို တစ်ဖက်တွင်လည်း ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမဖြစ် စေရန်အတွက် မောင်းမကန်ကမ်းခြေ၌ တရားမဝင် သန္တာကျောက်ခက်၊ ကျောက်ပွင့်၊ ကျောက်မှိုနှင့် သန္တာကျောက်တန်းများ ရောင်းချ လျက်ရှိသော ဈေးဆိုင်များကို ဝင်ရောက် စစ်ဆေးခဲ့ပြီး ပစ္စည်းများသိမ်းဆည်းခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် ကျွန်းများပေါ်တွင် အမှိုက်ကင်းစင်စေရန် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ သည်။
ထို့ပြင် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ရေရှည် တည်တံ့သည့် ခရီးသွားလုပ်ငန်း (Sustainable Tourism)ဖြစ်လာစေရန် ဦးတည် ဆောင်ရွက်နေသည့် အတွက် ပင်လယ်ကမ်းခြေ များနှင့် ကျွန်းစုများပေါ်တွင် လာရောက်ရင်းနှီး မြှုပ်နှံမည့်သူများအနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်များကို စနစ်တကျ ရေးဆွဲစိစစ်ပြီးမှသာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုပေးလျက်ရှိသည်။
“ကျွန်းတွေမှာ အထပ်မြင့်အဆောက်အအုံ တွေ ခွင့်မပြုပါဘူး။ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေတဲ့ Resort တွေပဲ ခွင့်ပြုပါတယ်။ အဓိက က ကိုယ့်ဒေသမှာ သန့်ရှင်းသပ်ရပ်မှုတွေရှိနေရ မယ်။ Tourism နဲ့ ပတ်သက်ရင် Sustainable Tourism ကို ဦးတည်ပြီး ဆောင်ရွက်တဲ့ အတွက် ခဏလေးနဲ့ အများကြီးဝင်လာပြီး ပျက်စီးသွားတာမျိုး မလုပ်ပါဘူး။ အဓိက ရေရှည်လုပ်နိုင်တဲ့ ခရီးသွားလုပ်ငန်း တွေကို ကျွန်တော်တို့ ဦးတည်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။
မူးယစ်ဆေးဝါး ဖမ်းဆီးမှု
တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအတွက် ဆောင်ရွက်ခဲ့ရာ တွင် အမှုပေါင်း ၁၀၃၁ မှု၊ စိတ်ကြွဆေး ၁၂၇၀၂၉၅ ပြား၊ ဘိန်းစာမှုန့် ၂၅၈၅ ဒသမ ၆၈ ကီလိုဂရမ်၊ ဆေးခြောက် ၃ ဒသမ ၆၅ ကီလို ဂရမ်၊ ကတ်တမင်းကီလိုဂရမ် ၄၉၀ နှင့် ICE ၃၃၀၉ ဒသမ ၂ ကီလိုဂရမ် စုစုပေါင်း တန်ဖိုး ငွေကျပ်သိန်းပေါင်း ၃၄၉၉၈၅ သိန်းနှင့် တရားခံ ၁၅၃၉ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
သိမ်းဆည်းခံလယ်ယာမြေများပြန်လည်ပေးအပ်
စတုတ္ထ (၁)နှစ်တာကာလအတွင်း သိမ်းဆည်းခံလယ်ယာမြေများနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)ကို တောင်သူ ၄၀၁၅ ဦး၊ ဦးပိုင်ပေါင်း ၄၇၅၆ ခုနှင့် မြေဧရိယာဧက ၃၅၄၉၀ ထုတ်ပေးနိုင်ခဲ့သည့်အပြင် အခြားနည်း သုံးစွဲခွင့်ပြုမိန့်ကို တောင်သူ ၅၅ ဦးနှင့် မြေဧရိယာပေါင်း ၁၂၄၂၉၄၅ ဧက၊ လယ-၃၀ (ခ) လျှောက်ထားသည့် တောင်သူ ၂၉၄ ဦးနှင့် မြေဧရိယာပေါင်း ၁၉၀၈ ဒသမ ၇၀၄ ဧကတို့ကို ခွင့်ပြုချထားပေးခဲ့ပြီးဖြစ်သည်။
“နိုင်ငံတော်က ချမှတ်ထားတဲ့ မြေစာရင်း မူဝါဒ ၅၂ ချက်နဲ့အညီ အတတ်နိုင်ဆုံး မှန်မှန် ကန်ကန်နဲ့ စွန့်လွှတ်ပေးနိုင်ရေးနဲ့ မူလ လက်ဝယ် ပြန်လည်ရရှိရေးကို တွန်းအားပေးပြီး ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်ကလည်း ပြီးစီးအောင်ဆောင်ရွက်ဖို့ လမ်းညွှန်ထားတဲ့အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။
ဆန်စပါးဖူလုံရေး
တိုင်းဒေသကြီးအတွင်း ဆန်စပါးဖူလုံရေး အတွက် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၁၈- ၂၀၁၉ ခုနှစ် စိုက်ပျိုးမြေဧရိယာ ၂၃၀၇၅၁ ဧက တွင် စပါးတင်းပေါင်း ၁၆၀၇၂၄၈၃ တင်း ထွက်ရှိ ခဲ့ပြီး ၂၀၁၉-၂၀၂၀ ခုနှစ် စိုက်ပျိုးမြေဧရိယာ ၂၃၀၇၈၃ ဧကတွင် စပါးတင်းပေါင်း ၁၆၀၇၂၄၈၃ တင်း ထွက်ရှိခဲ့သည်။
နွေစပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၁၈- ၂၀၁၉ ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ ၁၁၂၄၇ ဧကတွင် စပါးတင်းပေါင်း ၇၄၃၈၄၆ တင်း၊ ၂၀၁၉ - ၂၀၂ဝ ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ ၇၆၀၇ ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှု အနေဖြင့် ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ၇၇ ဒသမ ၁၄ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ် အတွက် ၇၆ ဒသမ ၂၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကမ်းနီးငါးဖမ်း/ငါးသယ်ရေယာဉ် လိုင်စင်ထုတ်ပေးမှု
(၄)နှစ်တာကာလ ၂၀၁၆ - ၂၀၁၇ ခုနှစ်မှ ၂၀၁၉ - ၂၀၂ဝ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်းနီး ငါးဖမ်း/ ငါးသယ်ရေယာဉ် လိုင်စင်ထုတ်ပေးမှု အနေဖြင့် ၄၀၉၀၆ စင်းနှင့် ကမ်းဝေးငါးဖမ်း ရေယာဉ် လိုင်စင်ထုတ်ပေးမှုအနေဖြင့် ငါးဖမ်း ရာသီတွင် အစင်း ၅၈၁၀ ထုတ်ပေးနိုင်ခဲ့ပြီး ၎င်း အပြင် ကမ်းနီး/ ကမ်းဝေး/ အခြားရေလုပ်သား ကတ် ၂၀၂၃၇၂ ဦးကို ထုတ်ပေးနိုင်ခဲ့သည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ငါးဖမ်း/ငါးသယ်ရေယာဉ်များ Type Approval ရရှိသော ကုမ္ပဏီ ငါးခုမှ ကမ်းဝေး ငါးဖမ်းရေယာဉ် ၁၃၉၂ စင်းနှင့် ငါးသယ်လှေ ၁၁၄ စင်းတို့တွင် VMS ကိရိယာတပ်ဆင်ခဲ့ပြီး မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးရုံးတွင် ယာယီ VMS Sub Control Center ဖွင့်လှစ်ကာ ကမ်းဝေးငါးဖမ်း၊ ငါးသယ်ရေယာဉ်များ စောင့်ကြည့်ထိန်းချုပ်ရေးလုပ်ငန်းများကို စတင်စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။
ငါး၊ ပုစွန် ရေထွက်ပစ္စည်းတင်ပို့မှုမှာ ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၁၉-၂၀၂ဝ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကုန်ချိန် ၁၀၀၆၆၀၈ ဒသမ ၀၁၁ တန်၊ အမေရိကန်ဒေါ်လာ ၉၅၈ ဒသမ ၄၈၃ သန်း၊ မြန်မာငွေကျပ် ၆၉၈၁ ဒသမ ၅၀၃ သန်းရရှိခဲ့ပြီး အအေးခန်းစက်ရုံများမှ ကုန်ချော ထုတ်လုပ်တင်ပို့ရောင်းချနိုင်မှုမှာ ကုန်ချိန် ၂၀၉၀၂ ဒသမ ၄၇ တန်နှင့် အမေရိကန် ဒေါ်လာ ၁၀၉ ဒသမ ၆၈၂ သန်း ဝင်ငွေရရှိခဲ့ သည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍ
၄ နှစ်တာကာလအတွင်း ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ၁၁ ကေဗွီလိုင်း ၁၆ ဒသမ ၂၃ မိုင်၊ ၄၀၀ ဗို့လိုင်း ၁၁၇ ဒသမ ၂၅ မိုင်၊ (သုည ဒသမ ၄/ ၁၁) ကေဗွီ(၁)အမ်ဗွီအေမိန်းထရန်စဖော်မာ တစ်လုံး နှင့် (၁၁/သုည ဒသမ ၄)ကေဗွီ ထရန်စဖော်မာ ၂၉ လုံးတို့ကို တိုးချဲ့တည်ဆောက်ခြင်း၊ ၃၃ ကေဗွီလိုင်း ၃ ဒသမ ၁ မိုင်၊ ၁၁ ကေဗွီလိုင်း ၆၄ ဒသမ ၁၃ မိုင်၊ ၄၀၀ ဗို့လိုင်း ၂၃ ဒသမ ၉၆ မိုင်နှင့် ၁၁/သုည ဒသမ ၄ ကေဗွီထရန်စဖော်မာ ၄၁ လုံးတို့ကို အဆင့်မြှင့်တင်လဲလှယ်ခြင်းနှင့် ဒီဇယ်ဓာတ်အားပေးစက် ၉ လုံး ဝယ်ယူ တပ်ဆင်ခြင်းလုပ်ငန်းတို့ကို တိုးချဲ့တည်ဆောက် လျက်ရှိသည်။
လျှပ်စစ်မီးသုံးစွဲမှုအနေဖြင့် ထားဝယ်ခရိုင် အတွင်း အိမ်ထောင်စု ၁၀၄၀၉၂ စုတွင် မီးသုံးစွဲသူ ၆၈၁၅၄ ဦးနှင့် ၃၃ ဒသမ ၁၄ ရာခိုင်နှုန်း၊ မြိတ်ခရိုင်အတွင်း အိမ်ထောင်စု ၁၃၂၉၁၉ စုတွင် မီးသုံးစွဲသူ ၄၁၀၅၆ ဦးနှင့် ၁ဝ ဒသမ ဝ၁ ရာခိုင်နှုန်း၊ ကော့သောင်းခရိုင်အတွင်း အိမ်ထောင်စု ၄၆၀၈၈ စုအနက် မီးသုံးစွဲသူ ၁၅၂၅၈ ဦးနှင့် ၁၉ ဒသမ ၅၀ ရာခိုင်နှုန်း တိုင်းဒေသကြီးအတွင်း စုစုပေါင်းအိမ်ထောင်စု ၂၈၃၀၉၉ စုအနက် မီးသုံးစွဲသူ ၁၂၄၄၆၈ ဦးနှင့် ၁၇ ဒသမ ၉၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ၄ နှစ်တာကာလအတွင်း မီးလင်းပြီး ရပ်ကွက်ပေါင်း ၃၅ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၁၁ ရွာတို့တွင် တိုးချဲ့ဆောင်ရွက် နိုင်ခဲ့ပြီ ဖြစ်သည်။
အခွန်ငွေကောက်ခံရရှိမှု
အခွန်အရပ်ရပ် ကောက်ခံရရှိမှုများ အနေဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကုန် အထိ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ငွေကျပ် ၇၁၉ ဒသမ ၆၅၁ သန်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငွေကျပ် ၅၉ ဒသမ ၉၂၇ သန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ငွေကျပ် ၉၇၃ ဒသမ ၉၇၆ သန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ငွေကျပ်သန်း ၁၈၃၆ ဒသမ ၁၆၀ နှင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၄၀ သန်း၊ သစ်တောဦးစီးဌာနမှ ငွေကျပ် ၁၃၂ ဒသမ ၆၀၈၁ သန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ငွေကျပ် ၁၀၄၃ ဒသမ ၅၆၃ သန်း၊ ဘတ် ၉ ဒသမ ၉၆၂ သန်းနှင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၃၃၆ သန်း၊ အကောက်ခွန်ဦးစီးဌာနမှ ငွေကျပ် ၁၂၈၀ ဒသမ ၅၅၁ သန်း၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ ငွေကျပ် ၁၅၆၉၆ ဒသမ ၉၉၂ သန်း၊ လမ်းဦးစီးဌာနမှ ငွေကျပ် ၉ ဒသမ ၀၅၆ သန်း၊ စည်ပင်သာယာရေးအဖွဲ့မှ ငွေကျပ် ၂၆၄၃ ဒသမ ၅၂၇ သန်း စုစုပေါင်းငွေကျပ် ၂၄၄၉၆ ဒသမ ၀၁၁၁ သန်း၊ ဘတ် ၉ ဒသမ ၉၆၂ သန်းနှင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၈၇၆ သန်းတို့ကို ကောက်ခံရရှိခဲ့သည်။
သတ္တုထုတ်လုပ်ကဏ္ဍ
တနင်္သာရီတိုင်းဒေသကြီးအတွင်း ခဲမဖြူ၊ အဖြိုက်နက်၊ ရောရာသတ္တု တူးဖော်ထုတ်လုပ် ခွင့်ပြုထားသည့် ကုမ္ပဏီ ၃၂ ခုရှိပြီး ခဲမဖြူ၊ အဖြိုက်နက်၊ လုပ်ကွက်အကြီးစား ၈ ကွက်၊ အလတ်စားလုပ်ကွက် ၄ ကွက်နှင့် အသေးစားမှ အလတ်စားပြောင်း လုပ်ကွက် ၃၁ ကွက် စုစုပေါင်းလုပ်ကွက် ၄၆ ကွက်ရှိပြီး သတ္တု ထုတ်လုပ်မှုအနေဖြင့် စတုတ္ထ (၁)နှစ်တာ ကာလအတွင်း သတ္တုမက်ထရစ်တန် ၈၁၈ ဒသမ ၅၀၀ ထုတ်လုပ်ရန် ရည်မှန်းချက်အပေါ် မက်ထရစ်တန် ၁၇၀ ဒသမ ၆၁၀ ထုတ်လုပ်နိုင် ခဲ့သည်။ ပုလဲထုတ်လုပ်မှုအနေဖြင့် လျာထား ချက် ၄၉၅၉ဝဝ ဒသမ ၀၀ မိုမီတွင် ထုတ်လုပ်မှု ၆၁၀၉၂၃ ဒသမ ၈၃ မိုမီနှင့် မုတ်ခွံထုတ်လုပ်ရန် လျာထားချက် မက်ထရစ်တန် ၁၅၄ ဒသမ ၄၀ တွင် ၂၇၇ ဒသမ ၀၃ မက်ထရစ်တန် ထုတ်လုပ် နိုင်ခဲ့သည်။
နယ်စပ်ဒေသဖွံ့ဖြိုးရေး
တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ၂၀၁၆ - ၂၀၁၇ ခုနှစ်မှ ၂၀၁၉ - ၂၀၂ဝ ခုနှစ်အထိ ၄ နှစ်တာကာလအတွင်း တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၅၈၆၁၈ ဒသမ ၆၀၄၉၃ သန်းဖြင့် လုပ်ငန်း ၉၀၈ ခုနှင့် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၄၉၈၇ ဒသမ ၀၂၄၅ သန်းဖြင့် လုပ်ငန်း ၂၂၄ ခုတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
စတုတ္ထ (၁)နှစ်တာကာလအတွင်း နယ်စပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် လမ်း တံတားလုပ်ငန်းများ၊ ရေရရှိရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းနှင့် အခြားလုပ်ငန်းများအတွက် ရန်ပုံ ငွေကျပ် ၂၃၈၃၅ ဒသမ ၀၅၀၅ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ဘဏ္ဍာနှစ် တစ်နှစ်ထက် တစ်နှစ် ပိုမိုဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး နှင့် စီးပွားရေး စသည့် လူမှုစီးပွားဘဝများ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုကဏ္ဍ
ရင်းနှီးမြှုပ်နှံမှုကဏ္ဍအနေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွင်း ဖေဖော်ဝါရီလကုန်အထိ မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ တန်ဖိုး ငွေကျပ် သုည ဒသမ ၈၁၃၅ သန်းရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်ခုနှင့် တန်ဖိုးငွေကျပ်သန်း ၂၀၀၃၀ ရှိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငါးခု တို့ကို ခွင့်ပြုပေးခဲ့ပြီး လုပ်ငန်းမျိုးစုံလုပ်ကိုင် သော မြန်မာကုမ္ပဏီ ၂၉ ခုအား မှတ်ပုံတင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုဖိုရမ်(၂၀၁၉)ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၈ ရက်အထိ တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ MYANMAR INVESTORS DEVELOPMENT ASSOCIATION (MIDA)နှင့် CHANNEL K တို့ ပူးပေါင်း၍ မြိတ်မြို့၌ ပထမအကြိမ်အဖြစ် ကျင်းပခဲ့သည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၏ ကမ်းရိုးတန်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်နိုင်ရန် ထားဝယ်အထူးစီးပွားရေး ဇုန်ကို ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များ ဖော်ဆောင်ပေးသွားမည့်အပြင် မဟာမဲခေါင် တောင်ပိုင်းစီးပွားရေးစင်္ကြံ၊ အရှေ့အလယ်ပိုင်း ဒေသနှင့် အိန္ဒိယ စသည့်ဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည့် နေရာအဖြစ် အရေးပါလာမည်ဖြစ်သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီးပွားရေးကဏ္ဍ၌ စီမံကိန်းရည်မှန်းချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူတစ်ဦးချင်းဝင်ငွေရရှိမှု(GDP)ကို နှစ်အလိုက်နှုန်းများအရ ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၃၀၇၉၂၃၉ ကျပ် ရရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။
ပို့ကုန်၊ သွင်းကုန်
တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ ကုန်သွယ်ရေး စခန်းအလိုက် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု အနေဖြင့် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း၊ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း၊ မြိတ် ကုန်သွယ်ရေးစခန်းနှင့် ကော့သောင်းကုန်သွယ် ရေးစခန်းတို့မှ ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု အနေဖြင့် စုစုပေါင်းအမေရိကန်ဒေါ်လာ ၅၂၆၇ ဒသမ ၁၇၉ သန်းရရှိအောင် ဆောင်ရွက်နိုင်ခဲ့ သည်။
ယခု ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍနှစ်အတွင်း ဖေဖော်ဝါရီလကုန်အထိ ကုန်သွယ်ရေးစခန်း များ၏ ကုန်သွယ်မှုအခြေအနေမှာ ထီးခီး ကုန်သွယ်ရေးစခန်းတွင် အမေရိကန်ဒေါ်လာ ၇၀၄ ဒသမ ၆၀၂ သန်း၊ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၅၀ သန်း၊ မြိတ်ကုန်သွယ်ရေးစခန်း တွင် အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၉၁၈ သန်း နှင့် ကော့သောင်း ကုန်သွယ်ရေးစခန်းတွင် အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၉၁၈ သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။
ပညာရေးကဏ္ဍ
စတုတ္ထ (၁)နှစ်တာကာလအတွင်း ပညာရေးကဏ္ဍတွင် တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းများ အဆင့်တိုးမြှင့်မှုအနေဖြင့် အထက်တန်းကျောင်း ၈ ကျောင်း၊ အထက် တန်းကျောင်းခွဲ ၂၁ ကျောင်း၊ အလယ်တန်း ကျောင်း ၃၃ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၃၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၂ ကျောင်း၊ မူလတန်းကျောင်း ၁၇ ကျောင်းနှင့် မူလတန်းကျောင်းခွဲ ၁၃ ကျောင်း စုစုပေါင်း ၁၄၈ ကျောင်းကို အဆင့်မြှင့်တင်ဆောင်ရွက် ပေးခဲ့သည်။
ထို့ပြင် အခြေခံပညာကျောင်းများနှင့် ရုံးအဆောက်အအုံများ အသစ်ဆောက်လုပ်ခြင်းနှင့် ပြင်ဆင်ဆောက်လုပ်ခြင်းလုပ်ငန်း ၃၈၁ ခုကို ရန်ပုံငွေကျပ်သန်း ၁၃၀၉၉ ဒသမ ၄၀ ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် တိုင်းဒေသ ကြီးအတွင်းရှိ မူလတန်းကျောင်းများတွင် ဆရာ ဆရာမဦးရေ လုံလောက်မှုရှိစေရန် အတွက် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) သင်တန်းသား ဦးရေကို ၂၀၂ဝ ပြည့်နှစ်မှစ၍ တိုးမြှင့်လက်ခံ လေ့ကျင့်သင်ကြားပေး လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၀ မြို့နယ်၌ ဆင်းရဲချို့တဲ့သည့် အခြေခံပညာ မူလတန်းကျောင်း ၁၀ ကျောင်းမှ သူငယ်တန်း (KG)နှင့် ပထမတန်း(Grade – 1) ကျောင်းသား ကျောင်းသူများကို ကျောင်းအလိုက် အာဟာရ ကျွေးမွေးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၇-၂၀၁၈ ပညာ သင်နှစ်မှစ၍ ထောက်ပံ့ပေးခဲ့ရာ ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာနှစ်အထိ ငွေကျပ် ၂၃၅ ဒသမ ၉၇၀၇ သန်း ထောက်ပံ့ပေးနိုင်ခဲ့သည်။
ပညာရေးကဏ္ဍအနေဖြင့် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ကျောင်းအပ်ရာသီတွင် ကျောင်းသား ကျောင်းသူ များကို ကျောင်းသုံးပုံနှိပ်စာအုပ်များ ထောက်ပံ့ခြင်း၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ် နှင့် ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးခဲ့သည်။
ကျန်းမာရေးကဏ္ဍ
စတုတ္ထ (၁)နှစ်တာကာလအတွင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးများ၊ ဝန်ထမ်း အိမ်ရာများ၊ ကျေးလက်ကျန်းမာရေးဌာနများ နှင့် ဆေးသိုလှောင်ရုံများ ဆောက်လုပ်ခြင်း လုပ်ငန်းပေါင်း ၆၀ ကို ခွင့်ပြုရန်ပုံငွေကျပ် ၁၂၄၇ ဒသမ ၀၃ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဆေးရုံအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ၊ ဆေးသိုလှောင်ရုံ၊ ဓာတ်မှန်ဆောင်၊ CT Scan အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း ၂၅ ခုအတွက် ငွေကျပ် ၂၃၄၄ ဒသမ ၄၉ သန်းဖြင့် ကုသရေးဦးစီးဌာနမှ တင်ဒါခေါ်ယူပြီး လုပ်ငန်းများတိုးမြှင့်ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် ငွေကျပ်သန်းပေါင်း ၄၄၅၉ ဒသမ ၂၃ သန်းဖြင့် အကုန်အကျခံ တည်ဆောက်နေသည့် ထားဝယ်ပြည်သူ့ ဆေးရုံကြီး ငါးထပ်လူနာဆောင် ဆောက်လုပ် ခြင်းလုပ်ငန်းမှာ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၈၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
“ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍကို တိုင်းဒေသကြီးအနေနဲ့ အခါအားလျော်စွာ ပြည်သူတွေနဲ့ တွေ့တဲ့အချိန်မှာ မြို့နယ် အလိုက်၊ ကျေးရွာအလိုက်တင်ပြတဲ့ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေရှိပါတယ်။ ဒီလို အပ်ချက်တွေကို စနစ်တကျနဲ့ စာရင်းပြုစုပြီး သတ်မှတ်ထားတဲ့စံတွေနဲ့ ပြန်လည်စိစစ်ပြီး ပြည်ထောင်စုကို ထပ်မံတင်ပြရာမှာ ပြည်ထောင်စုကနေ အများကြီး ဖြည့်ဆည်းပေး တာတွေ ရှိပါတယ်” ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်ကပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး
တိုင်းဒေသကြီးအတွင်း လတ်တလော ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် နိုင်ငံတော်အစိုးရ၏ ညွှန်ကြား ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ လိုက်နာရန်သတိပေးချက်များနှင့်အညီ အသိပေးဟောပြောခြင်း၊ တားမြစ်ချက် များကို ဒေသတွင်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခြင်း၊ တစ်ဖက်နိုင်ငံမှ ပြည်တွင်းသို့ ဝင်ရောက်လာ သူများ စနစ်တကျ ကျန်းမာရေးစစ်ဆေးခြင်း များကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကာကွယ်ရေးလုပ်ငန်းများ ထိထိ ရောက်ရောက် ဆောင်ရွက်လျက်ရှိသည်။
“ကိုဗစ် -၁၉ နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒေသက ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့် ဂိတ်တွေမှာ တစ်ဖက်နိုင်ငံက ဝင်လာမယ့်လူတွေကို စနစ်တကျ စစ်ဆေးပြီး အပူချိန်တိုင်းကိရိယာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကစိစစ်ပြီး ဝင်ခွင့် ပြုခဲ့ပါတယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် က ပြောသည်။
သဘာဝဘေးအန္တရာယ်
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သဘာဝ ဘေးဖြစ်ပွားမှုအကြိမ်ပေါင်း ၈၂ ကြိမ် ဖြစ် ပွားခဲ့ပြီး ငွေကျပ် ၈၂၈ ဒသမ ၇၄၃၈၉ သိန်းခန့် ထောက်ပံ့ပေးနိုင်ခဲ့သည်။ ပင်လယ်ရေမျှော ဒုက္ခသည် ၁၅ ဦးနှင့် ရွှေ့ပြောင်းအလုပ်သမား ၁၃၉၈၃ ဦးအနက် ၂၆၉ ဦးအတွက် ငွေကျပ် ၇၆ ဒသမ ၉၁၀၀၀ သိန်းခန့် ထောက်ပံ့ပေးနိုင် ခဲ့သည်။
တိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် သဘာဝဘေး အန္တရာယ် ဖြစ်ပွားမှုများကြောင့် ဘေးသင့် အိမ်ထောင်စုများနှင့် ထိခိုက်ပျက်စီးသွားသော နေအိမ်များအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ငွေကျပ် ၂၃၄ ဒသမ ၁၂၈ သန်းဖြင့် ဆန်၊ ဆီ၊ အခြေခံ စားသောက်ကုန်များနှင့် ပုလုံးတုံ တုံးကျေးရွာ မြေပြိုဘေးကြောင့် ပြိုကျသွား သော နေအိမ် ငါးလုံးနှင့် အန္တရာယ်ရှိနေအိမ် ငါးလုံး စုစုပေါင်း ၁၀ လုံးအတွက် မြေကွက်များ ဝယ်ယူထောက်ပံ့ပေးခြင်း၊ တောင်စောင်း မြေပြိုမှုကြောင့် သေဆုံးခဲ့သူများ၏ ကျန်ရစ်သူ မိသားစုဝင်များအတွက် (၁၅' x ၂၅')ရှိ မြေကွက်တွင် ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ (၁၂' x ၂၀') RC တစ်ထပ်တိုက်နေအိမ် တစ်လုံး ပြန်လည် ဆောက်လုပ်ပေးနိုင်ခဲ့သည်။
၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်းက ဖြစ်ပေါ် ခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး သွားသည့် လမ်းများပြတ်တောက်မှုမရှိစေရန်အတွက် ယာယီလူသွားတံတား တည်ဆောက် ခြင်း၊ ယာယီလမ်း ပြုပြင်ခြင်း၊ ယာယီသစ်သား တံတား တည်ဆောက်ခြင်း၊ တောင်ပြိုမြေများ နှင့် သစ်ပင်များကို စက်/ ယာဉ်/ ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းခြင်းတို့ကို ဆောင်ရွက် ပေးခြင်း၊ သဘာဝဘေးအန္တရာယ် များကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် ပြန်လည်ပြုပြင်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ကဏ္ဍအလိုက်ဆောင်ရွက်နေမှုများ
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်း ထားဝယ်မြို့နယ်၌ ခြောက်ခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာ ငါးလုံး နှင့် မြိတ်မြို့နယ်၌ ခြောက်ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံးတို့ကို ရန်ပုံငွေကျပ် ၂၈၀၃ ဒသမ ၆ သန်းဖြင့် ဆောက်လုပ်ခဲ့သည်။
၄ နှစ်တာကာလအတွင်း ပုဂ္ဂလိကစက်မှု လုပ်ငန်း ၂၃၅၆ ခု မှတ်ပုံတင်ပေးနိုင်ခဲ့ပြီး ပုဂ္ဂလိက စက်မှုလုပ်ငန်း ၆၂၂၀ သက်တမ်းတိုးပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ဓာတ်အားလိုင်းခွဲရုံများ၊ ပါဝါမီတာအသစ်များ၊ ဟိုတယ်လုပ်ငန်းများနှင့် လျှပ်စစ်ထုတ်စက် များ၊ သံဂဟေဆော်စက်များ၊ အပူပေးကိရိယာများ အစရှိသော လုပ်ငန်း ၂၆၂၈ ခု စစ်ဆေး နိုင်ခဲ့ပြီး လျှပ်စစ်စစ်ဆေးခငွေကျပ်သန်း ၂၀ ဒသမ ၇၃ ကောက်ခံရရှိခဲ့သည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ မြိတ်နှင့် ကော့သောင်း တို့တွင် အမျိုးသမီးအိမ်တွင်းမှုသင်တန်း ကျောင်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် မီးလောင်မှုဖြစ်စဉ် များဖြစ်ပွားပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ နယ်မြေမီးသတ်စခန်း ဆောက်လုပ်ခြင်း၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း၊ မီးသတ်ယာဉ် အမျိုးမျိုးဝယ်ယူခြင်းနှင့် မြေပြင်/ရေပြင် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ဒေသခံ တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးခြင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် စာရင်းစစ်/ စာရင်းကောက် ဆင့်ပွား သင်တန်း ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် ပြည်သူများ အပန်းဖြေအနားယူ နိုင်ရန်အတွက် ပန်းခြံကစားကွင်းအသစ်များ တိုးချဲ့ဆောင်ရွက်ခြင်း၊ မြစ်ပြင်အလှကြည့်ရှု နိုင်ရန် ကမ်းနားလမ်းနှင့် မြစ်ကမ်းကြား မြေထိုး မြေညှိခြင်းလုပ်ငန်းနှင့် မြေယာရှုခင်း ပြုလုပ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဈေးလုပ်ငန်းအနေဖြင့် ကမ်းနားပျံကျဈေး အဆင့်မြှင့်ခြင်းနှင့် အခြားဆက်စပ်လုပ်ငန်း တို့ကို ဆောင်ရွက်ပေးခဲ့သည်။
စတုတ္ထ (၁) နှစ်တာကာလအတွင်း World Vision (Myanmar)၊ ဂျာမနီနိုင်ငံ၊ ထိုင်း နိုင်ငံနှင့် ကိုရီးယားနိုင်ငံ အစရှိသည့် ပြည်ပ နိုင်ငံများမှ မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်းကာ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
လုပ်ထုံးလုပ်နည်းများ ဖြေလျှော့
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ဆောင်ရွက် ပေးရာတွင် ယခင်က ထရန်စဖော်မာ၊ ပါဝါ မီတာ၊ အိမ်သုံးမီတာများ လျှောက်ထားခြင်း၊ မီတာနှုန်းထားကောက်ခံခြင်းကိစ္စ၊ ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခွင့် လိုင်စင်လျှောက်ထားခြင်းကိစ္စ၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ လုပ်ငန်းရှင်များ ချေးငွေ ရယူရန်ကိစ္စများ၊ နိုင်ငံခြားသားခရီးသွားများ ထံမှ ကောက်ခံသည့် ဆိပ်ကမ်းအခွန်အခများ၊ စာရွက်စာတမ်းကြေးများ၊ ကမ်းနီး/ကမ်းဝေး ငါးသယ်လှေများ ကော့သောင်းဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ထွက်ခွာခြင်း အတွက် သတ်မှတ် ကောက်ခံသည့် ဆိပ်ကမ်း အခွန်အခများ၊ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့် မြို့ဝင်ဘီးခွန်များ ကောက်ခံမှုတို့ကို ဖြေလျှော့ဆောင်ရွက်မှုများ ပြုလုပ်ပေးပြီး ဖြစ်သည်။
ဆလုံ(မော်ကင်း)လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး
ဆလုံ(မော်ကင်း) တိုင်းရင်းသားလူမျိုး များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၎င်းတို့နေထိုင်ရာ ဒေသတစ်ခုလုံး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး၊ ၎င်းတို့၏ လူနေမှုဘဝ အခက် အခဲများနှင့်ပတ်သက်၍ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် လိုအပ်ချက် များကို ကူညီပံ့ပိုးဆောင်ရွက်ပေးရန်အတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်း ၁၀၀၀ ခွင့်ပြုပေးခဲ့သည်။
အဆိုပါ ရန်ပုံငွေမှ မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းရှိ ဒုံးညောင်မှိုင်းကျေးရွာ၊ ဒုံးပုလဲ အော်ကျေးရွာနှင့် ပရော့ဝါကျေးရွာ သုံးရွာရှိ ဆလုံတိုင်းရင်းသား အိမ်ထောင်စုများအား ဆန် ထောက်ပံ့ပေးခြင်း၊ ကော့သောင်းခရိုင်အတွင်းရှိ မကြုံဂလက်ကျေးရွာ၊ ညောင်ဝိကျေးရွာ၊ ဂျာအုန်းကျေးရွာ၊ ဂျလန်းကျေးရွာနှင့် လငန်း ကျေးရွာ ငါးရွာတို့ရှိ ဆလုံတိုင်းရင်းသား အိမ်ထောင်စုများအား ထောက်ပံ့ပေးခဲ့သည်။
ထို့ပြင် မြိတ်ခရိုင်အတွင်းရှိ ဆလုံ တိုင်းရင်းသား အိမ်ထောင်စု ၁၇၄ စုအတွက် တန်ဖိုးငွေကျပ် ၃၈၄ သိန်းရှိ ကင်းမွန်မျှားတံ နှင့် ကြိုး၊ ရေငုပ်မျက်မှန်၊ မိုးကာအင်္ကျီနှင့် ဖိနပ် များ၊ ကော့သောင်းခရိုင်အတွင်းရှိ ဆလုံ တိုင်းရင်းသား အိမ်ထောင်စု ၃၁၅ စုအတွက် အသက်ကယ် အင်္ကျီ၊ ကင်းမွန်မျှားတံနှင့် ကြိုး၊ ရေငုပ်မျက်မှန်နှင့် မိုးကာအင်္ကျီများ ဝယ်ယူရေး ကော်မတီများ ဖွဲ့စည်း၍ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်သည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဆလုံ လူမျိုးတွေအတွက် နှစ်အလိုက် တစ်နှစ်ကို ငွေကျပ်သိန်း ၁၀၀၀ ကို ပညာရေး၊ ကျန်းမာရေး ပြီးရင် သူတို့ရဲ့ စားဝတ်နေရေးအတွက် ထောက်ပံ့နေပါတယ်။ ပထမဦးဆုံး လိုအပ်ချက် ဖြစ်တဲ့ စားဝတ်နေရေးကိစ္စတွေအတွက် ဆန်၊ အသက်မွေးဝမ်းကျောင်းလုပ်တဲ့ ရေလုပ်ငန်း အတွက် ငါးမျှားတံ၊ လှေငယ်လေးတွေကို အဓိကထား ဖြည့်ဆည်းပေးနေပါတယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။
သန့်ရှင်းသာယာလှပရေး
စတုတ္ထ (၁)နှစ်တာကာလအတွင်း မြို့တော် စည်ပင်သာယာရေးနှင့် သန့်ရှင်းသာယာ လှပရေးကိစ္စရပ်များကို အလေးထားဆောင်ရွက် လျက်ရှိရာ ဘရူနိုင်းနိုင်ငံ၌ ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာ ဆု ၂၀၂၀ ဆုပေးပွဲတွင် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆု (ASEAN Clean Tourist City Award)ဆုကို ထားဝယ်မြို့မှ လည်းကောင်း၊ အာဆီယံရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်းဆု (ASEAN Sustainable Tourism Award)ဆုကို မြိတ်မြို့မှလည်းကောင်း ရရှိခဲ့ သည်။
ပင်လယ်ကမ်းခြေနှင့် ကျွန်းများ၏ သဘာဝအလှတရားများ ပိုင်ဆိုင်ထားသည့် အတွက် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ နှင့် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်နိုင်မည့် တန်ဖိုးမြင့် ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက် နိုင်မည့် အလားအလာကောင်းများရှိနေသည့် တနင်္သာရီတိုင်းဒေသကြီးသည် ပြည်သူလူထု ပူးပေါင်းပါဝင်မှုအင်အားဖြင့် မဝေးသည့် အနာဂတ်တွင် ဖွံ့ဖြိုးဝေစည်လာတော့မည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။
သတင်းဆောင်းပါး - သီသီမင်း၊ ဓာတ်ပုံ - နေလင်း


