ခေါင်းလျှော်တယ်ဆိုတာက တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဆံသား လေးတွေလှပဖို့ သန့်စင်ဖို့နဲ့ ဦးခေါင်းသန့်စင် လန်းဆန်းနေဖို့ ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။

 

လူတွေက ကိုယ်တိုင်ပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ်၊ ဆပ်ပြာနဲ့ပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ရည်နဲ့ပဲဖြစ်ဖြစ်၊ တရော် ကင်ပွန်းလို သဘာဝနည်းလမ်းတွေနဲပဲဖြစ်ဖြစ် ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ ခေါင်းလျှော် တတ်ကြပါတယ်။

 

နည်းလမ်းစုံကြသလို အလေ့အထတွေလည်း မတူတတ်ကြပါဘူး။ လူတစ်ချို့က ခေါင်း ခဏခဏ လျှော်ရတာကို မနှစ်သက်တတ်ကြပေမယ့် လူအများစုကတော့ ခေါင်းမကြာခဏလျှော်ရတာကို သဘောကျ တတ်ကြပါတယ်။

 

ဒီလူတွေထဲကမှ တချို့က နေ့စဉ်ခေါင်းလျှော်ရတာကို သဘောကျတတ်ကြပြီး တကယ်လည်း နေ့စဉ် ခေါင်းလျှော်တတ်ကြပါတယ်။ ဒါက ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ အလေ့အထတော့မဟုတ်ပါဘူး။

 

နေ့စဉ် ဘာလို့ ခေါင်းမလျှော်သင့်တာလဲ

 

နေ့စဉ် ခေါင်းလျှော်မယ်ဆိုရင် ကျန်းမာရေးကိုထိခိုက်နိုင်သလို တခြားသော ဆိုးကျိုးတွေလည်း ကြုံရစေနိုင်ပါတယ်။ ဒါတွေက ဘာတွေလဲဆိုတာကို ဆက်ပြီးလေ့လာကြည့်ရအောင်။

 

•           ၁။ သဘာဝအဆီဓာတ် လျော့ပါးစေတယ် – ဦးရေပြားမှာ အဆီပြန်နေတာမျိုးက ကောင်းမွန်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ဆံသားကိုအားဖြစ်စေတဲ့ သဘာဝအဆီဓာတ်တွေ လျော့ပါး ပျောက်ကွယ် သွားတာကလည်း အလားတူပဲဆိုတာကို သိနားလည်ထားဖို့လိုအပ်ပါတယ်။ ခေါင်းနေ့စဉ် လျှော်ရင် သဘာဝအဆီတွေ လျော့ပါးစေပါလိမ့်မယ်။

 

•           ၂။ ဆံသားအရောင်ကို လျင်လျင်မြန်မြန် ပြောင်းလဲစေတယ် – နေ့စဉ် ခေါင်းလျှော်နေမယ်ဆိုရင် ဆံသားတောက်ပြောင်မှု၊ စိုပြေမှုနဲ့ ဆံသားအရောင်တွေ အလျင်အမြန် ပြောင်းလဲ ဖျော့တော့ သွားစေပါလိမ့်မယ်။

 

•           ၃။ ဆံပင်နှစ်ခွဖြစ်မယ် – နေ့တိုင်း ခေါင်းလျှော်တဲ့အခါ သဘာဝအဆီတွေ ခန်းခြောက်ပြီး ဆံပင်တွေပါ လိုက်ပါခြောက်သွေ့လာတာမို့ ကြာမြင့်လာတဲ့အခါ ဆံပင်နှစ်ခွဖြစ်တာတွေ ပြတ်တောက် တာတွေ ဖြစ်စေမှာပါ။

 

•           ၄။ အကုန်အကျများမယ် – ဟုတ်ပါတယ်။ နေ့တိုင်းခေါင်းလျှော်လို့ဖြစ်လာတဲ့ ဆံကေသာဆိုင်ရာ ပြဿနာတွေကို ကုစားရတာက ကုန်ကျစရိတ်များပါတယ်။ ဒါကလည်း ထည့်သွင်း စဉ်းစားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။ နောက်ပြီး နေ့စဉ် ရေနဲ့ ခေါင်းလျှော်ရည် အသုံးပြုနေရတဲ့ စရိတ်ကလည်း မသက်သာလှပါဘူး။

 

•           ၅။ ပုံသွင်းလို့ မကောင်းတော့ဘူး – ခနခန ခေါင်းလျှော်ရင်တောင်မှပဲ ဆံသားဟာ ခြောက်သွေ့ မွဲခြောက်လွယ်တာမို့ ပုံသွင်းဖို့ ခက်ခဲစေတတ်ပါတယ်။ နေ့စဉ်သာ ခေါင်းလျှော်နေမယ်ဆိုရင် စဉ်းစားသာ ကြည့်ပါတော့။

 

•           ၆။ အချိန်ကုန်တယ် – ခေါင်းတစ်ခါလျှော်ဖို့ အချိန်ဘယ်လောက်ပေးရသလဲ လူတိုင်းနီးပါး သိကြပါတယ်။ ရေချိုးဖို့ ခေါင်းလျှော်ဖို့ နေ့စဉ်ပေးရတဲ့အချိန်ကလည်း မနည်းလှပါဘူး။ ဆံပင်ရှည်တဲ့ သူတွေဆို ဒီဒုက္ခကို ပိုနားလည်ကြမယ်ထင်ပါတယ်။

 

•           ၇။ ဗောက်ပိုထမယ် – တစ်ချို့က ခနခန ဗောက်ထလို့ ခေါင်းမကြာခန လျှော်ကြတယ်။ ခေါင်းလျှော်လိုက်ရင် သက်သာသွားမယ်၊ ပျောက်သွားမယ်ဆိုတဲ့ သဘောနဲ့ပေါ့။ ဒါပေမယ့် ဆံသားကျန်းမာရေး ပညာရှင်တွေကတော့ ဗောက်ပြဿနာ သက်သာချင်တယ်ဆိုရင် နေ့စဉ်ခေါင်းလျှော် တာမျိုး မလုပ်သင့်ပါဘူးတဲ့။ မှန်ကန်တဲ့ ကုထုံးတွေနဲ့ ကုသဖို့သာ တိုက်တွန်းထားကြပါတယ်။

 

ဘယ်လို လျှော်သင့်သလဲ

 

ဆံပင်ကို ပုံမှန် ဘယ်လို လျှော်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေမရှိပါဘူး။ ဆံသားအမျိုးအစားနဲ့ ဦးရေပြားကျန်းမာရေး အခြေအနေပေါ် မူတည်မှာဖြစ်ပါတယ်။ ယျေဘုယျ အားဖြင့် ဆံပင်အမျိုးအစားအလိုက် ခေါင်းဘယ်နှစ်ကြိမ်လျှော်သင့်လဲဆိုတာကို အောက်ပါအတိုင်း မှတ်ယူထားလို့ရပါတယ်။

 

•           ဆံသားနဲ့ ဦးရေပြား အဆီပြန်တတ်သူတွေက ၁ ရက်ခြား တစ်ခါလောက် ခေါင်းလျှော် ပေးလို့ရပါတယ်။

 

•           ဆံသားခြောက်သွေ့တတ်သူတွေက ၁ ပတ်ကို တစ်ခါလောက်ပဲ လျှော်ပေးသင့်ပါတယ်။

 

•           ပုံမှန်ကျန်းမာတဲ့ ဆံပင်အမျိုးအစားတွေကို ပိုင်ဆိုင်ထားသူတွေကတော့ ၁ ရက်ခြား ဒါမှမဟုတ် ၂ ရက်ခြား လောက်ကို တစ်ကြိမ်လောက် လျှော်ပေးသင့်ပါတယ်။

 

ခေါင်းလျှော်ရာမှာ ကိုယ့်ရဲ့ ဆံသားနဲ့ သင့်လျော်တဲ့ ခေါင်းလျှော်ရည်မျိုးကို စနစ်တကျ ရွေးချယ် သုံးစွဲဖို့ကလည်း အရေးကြီးတယ်ဆိုတာကိုလည်း တစ်ပါတည်း သတိပေးချင်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Ye Zon Aung

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”