ခြူးစန္ဒီနွေး
မေလ ဒုတိယပတ်အတွင်းမှာ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး စိတ်မချမ်းမြေ့ဖွယ် သတင်းတစ်ခု ကြားသိရပါတယ်။ အဲဒါကတော့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ လူ့အသိုင်းအဝိုင်းကြားထဲက ပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ သတိပေးလိုက်တဲ့သတင်းပါပဲ။ ဒီအချိန်မှာပဲ ဥရောပသမဂ္ဂဆေး အေဂျင်စီကနေ မေ ၁၄ ရက်မှာ အကြံပြုလာပါတယ်။
ကာကွယ်ဆေး တစ်နှစ်အတွင်းရနိုင်
အဲဒါကတော့ ကိုဗစ် -၁၉ အတွက် ကာကွယ်ဆေးဟာ တစ်နှစ်အတွင်း ဖြစ်နိုင်တယ်ဆိုတာပါပဲ။ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာအနှံ့ သေဆုံးသူအရေအတွက် ၃၁၀၀၀၀ နီးပါးရှိလာတဲ့အခါ ကမ္ဘာ့လက်ရှိ ခေါင်းဆောင်တွေကို ခေါင်းဆောင်ဟောင်းတွေကပါ ကာကွယ်ဆေးနဲ့ ကုသဆေးကို လူတိုင်းနီးပါး အခမဲ့ရသင့်တယ်လို့ ခိုင်ခိုင်မာမာ ပြောဆိုလာကြပါတယ်။ ဒီကပ်ရောဂါဆိုးကြောင့် လူမှုစီးပွားဘဝမှာ ကသောင်းကနင်းတွေ ဖြစ်ကုန်ကြပြီး တချို့သော နိုင်ငံတွေကတော့ ပိတ်ဆို့ကန့်သတ်မှုတွေကို ဖြေလျှော့စပြုလာပါပြီ။ ကိုဗစ် - ၁၉ ကပ်ရောဂါ ဒုတိယအကြိမ် ပြန်လည်ရိုက်ခတ်လာမှာကို စိုးရိမ်နေမှုကြောင့် စီးပွားရေးလုပ်ငန်းအချို့ ပြိုလဲသွားရပြီး လူတွေလည်း အိမ်ထဲမှာပဲနေဖို့ ကန့်သတ်ခံထားရပါ တယ်။
လူတိုင်းမျှော်လင့်နေသောအရာ
အခုလိုအချိန်မျိုးမှာ ကိုဗစ် -၁၉ ကပ်ရောဂါအတွက် ကာကွယ်ဆေး ပေါ်ထွက်လာဖို့က လူတိုင်းမျှော်လင့်နေတဲ့အရာဖြစ်ပြီး နိုင်ငံတိုင်းကလည်း သူ့ထက်ငါအရင် ဦးအောင် ထုတ်လုပ်နိုင်ဖို့အရေး အပြင်းအထန်ကြိုးစား နေကြပါတယ်။ ဥရောပမှာ ကာကွယ်ဆေး အမြန် ထုတ်နိုင်ရေး အပြင်းအထန် ကြိုးစားနေကြပြီး သုတေသနပြုလုပ်မှုတွေအရ ကာကွယ်ဆေး တစ်မျိုးကတော့ တစ်နှစ်အတွင်းမှာ ပေါ်ထွက်လာဖို့ ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး ဥရောပဆေးအေဂျင်စီက ပြောခဲ့ပါတယ်။ ဥရောပဆေး အေဂျင်စီ ဇီဝဗေဒကျန်းမာရေးနှင့် ကာကွယ်ဆေး ထုတ်လုပ်ရေး မဟာဗျူဟာမှ အကြီးအကဲ ဖြစ်သူ မက်ခရိုကာမယ်လာရီက ဆွေးနွေးပွဲမှာ အခုလို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှောင့်နှေးကြန့်ကြာမှုတွေလည်း ရှိလာနိုင်တယ်ဆိုတာ သိထားတယ်လို့ သူက ဆက်ပြောပါတယ်။
နိုင်ငံအသီးသီးကို ဖြန့်ဝေသင့်
ကာကွယ်ဆေးပေါ်ထွက်လာရင်လည်း အဲဒီဆေးကို မူပိုင်ခွင့်နဲ့ ချုပ်ကိုင်မထားဘဲ နိုင်ငံအသီးသီးကို ဖြန့်ဝေသင့်တယ်ဆိုပြီး မေ ၁၄ ရက်က လက်မှတ်ထိုး တောင်းဆိုထားတဲ့နိုင်ငံ ၁၄၀ ရှိပါတယ်။ လုံခြုံစိတ်ချရမှုရှိပြီး အကျိုးသက်ရောက်မှုကောင်းတဲ့ ကာကွယ်ဆေး ပေါ်ထွက်လာတဲ့အခါ အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကြားမှာ စည်းလုံးညီညွတ်မှုတွေ ရှိရပါမယ်။ ဒါမှသာ ကာကွယ်ဆေး ထွက်လာတဲ့အခါ အရှိန်အဟုန်နဲ့ ထုတ်လုပ်နိုင်ပြီး နိုင်ငံတိုင်း နိုင်ငံတိုင်းက ပြည်သူတွေ ဆေးကိုအခမဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အပြည့်အဝပြန်မဖွင့်နိုင်သေး
နိုင်ငံတွေမှာ ပိတ်ဆို့ကန့်သတ်မှုတွေကို ဖြေလျော့မှုတွေ လုပ်ဆောင်နေပေမယ့် ကာကွယ်ဆေး မပေါ်သေးတဲ့အတွက် အပြည့်အဝ ပြန်ဖွင့်ခွင့် မပေးနိုင်သေးပါဘူး။ အလားတူပါပဲ။ စီးပွားရေး လုပ်ငန်းတွေလည်း ပြန်စလို့မရတဲ့အတွက် စီးပွားရေးကျဆင်းမှုဒဏ်ကို ခါးခါးသီးသီး ခံစားရပြီး လူသန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်လာရပါတယ်။
ဒါပေမယ့်လည်း ကိုဗစ်- ၁၉ ဟာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ မေ ၁၃ ရက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောခဲ့ပါတယ်။
ကုလသမဂ္ဂက သတိပေး
ကိုဗစ် - ၁၉ ကပ်ရောဂါဟာ ဖြစ်ပွားလေ့ရှိတဲ့ ကပ်ရေဂါအသွင်နဲ့ ဆက်လက်တည်ရှိနေဦးမယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးရဲ့ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ်ရွိုင်ယန်က ပြောကြားခဲ့ပါတယ်။ အိတ်ခ်ျအိုင်ဗွီ ရောဂါဟာလည်း ကမ္ဘာပေါ်ကနေ ပျောက်ကွယ်မသွားသေးပါဘူး။ ပျောက်ကွယ်မသွားသေးပေမယ့်လည်း လူသားတွေအနေနဲ့ အဆင်ပြေပြေ နေနိုင်အောင်တော့ လုပ်ဆောင်ထားနိုင်ပါပြီ။ အခု ကိုဗစ်- ၁၉ ကပ်ရောဂါမှာလည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်တာကြောင့် စိတ်ပိုင်းဆိုင်ရာမှာရော ဘယ်လိုဝေဒနာခံစားရသလဲ ဆိုတာကို ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။
ဟန်ချက်ညီအောင် လုပ်ဆောင်နေ
နိုင်ငံတိုင်းက အစိုးရတွေအနေနဲ့လည်း ဒီကပ်ရောဂါဆိုးကို နှိမ်နင်းရမှာလား၊ စီးပွားရေး ဆက်လက်ရှင်သန်ဖို့ အတွက်တွေးပြီး ဆောင်ရွက်ရမလားဆိုတဲ့ အချက်နှစ်ချက်ကြား ဟန်ချက်ညီအောင် လုပ်ဆောင်နေရပါတယ်။ အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကိုဗစ် - ၁၉ နဲ့ ပတ်သက်လာရင် တရုတ်နိုင်ငံကို အပြစ်ဖို့နေတုန်းပါပဲ။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ကိုဗစ်- ၁၉ ကြောင့် အထိခိုက်ရဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး လူပေါင်း ၈၅၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒီရောဂါဟာ ထိန်းချုပ်လို့မရအောင်ကိုဘဲ အမေရိကန်မှာ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ ကိုဗစ် - ၁၉ အတွက် သတိထားရှောင်ကြဉ်ရမယ့် ကိစ္စရပ်တွေ တင်ပြတောင်းဆိုတုန်းကတော့ အမေရိကန် သမ္မတထရမ့်ဟာ မလိုအပ်တဲ့အရာတွေဆိုပြီး ပယ်ချခဲ့တယ်လို့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင် ပညာရှင် အန်သိုနီဖျူစီက ပြောပါတယ်။ ကျန်းမာရေးနဲ့ စီးပွားရေးကြား ဘယ်အရာက ပိုပြီးအထိနာမလဲဆိုတဲ့ အချက်နှစ်ချက်ကြား လွန်ဆွဲမှုတွေ ရှိနေပါတယ်။
ဒေဝါလီခံမှုတွေ ပေါ်ပေါက်လာနိုင်
ဒေဝါလီခံရမှုတွေ အစုလိုက်အပြုံလိုက် ဖြစ်ပေါ်လာနိုင်တယ်လို့ အမေရိကန်နိုင်ငံ ဗဟိုဘဏ်စနစ်မှ အကြီးအကဲဖြစ်သူ ပေါဝဲလ်က သတိပေးခဲ့ပါတယ်။ ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့အာမခံ လုပ်ငန်းရဲ့ ၂၀၃ ဘီလီယံနီးပါး ကုန်ကျလိမ့်မယ်လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်ခဲ့တဲ့အတွက် နောက်ထပ်စီးပွားရေး ထိခိုက်ဦးမယ့် အခြေအနေတွေ ရှိနေပါသေးတယ်။
ဩစတြေးလျ၏ အလုပ်လက်မဲ့ပမာဏ
ဩစတြေးလျနိုင်ငံမှာတော့ ဧပြီလကစပြီး အသွားအလာ ကန့်သတ်ပိတ်ဆို့မှု လုပ်လိုက်ပြီးတဲ့နောက် လူပေါင်း ၆၀၀၀၀၀ အလုပ်လက်မဲ့ ဖြစ်သွားရတယ်လို့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ် စကောက်မော်ရစ်ဆင်ကတော့ ဒီပမာဏဟာ လုံးဝကိုအံ့အားသင့်စေတဲ့ နှုန်းပဲလို့ ပြောခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ တတိယစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာတော့ တိုကျိုနဲ့ အိုဆာကာကလွဲရင် နိုင်ငံရဲ့ နေရာအတော်များများမှာ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ကြေညာထားမှုကို ရုပ်သိမ်းပေးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ ကမ်းခြေအချို့ကို ပြန်ဖွင့်ပေးခဲ့ပြီး ဖင်လန်နိုင်ငံမှာတော့ စာသင်ကျောင်းတွေကို ပြန်ဖွင့်လိုက်ပါပြီး၊ အင်္ဂလန်မှာလည်း လူတွေအိမ်ကနေ လွတ်လွတ်လပ်လပ် သွားလာခွင့်ရထားပါတယ်။
လက်တင်အမေရိကမှာ ကူးစက်မှုမြင့်
လက်တင်အမေရိကမှာတော့ အခြေအနေ မကောင်းလှပါဘူး။ ကူးစက်နှုန်းဟာ မြင့်တက်နေပါတယ်။ ချီလီမြို့တော် ဆန်တီယာဂိုမှာ ၆၀ ရာခိုင်နှုန်း ကူးစက်ခံထားရတဲ့အတွက် အာဏာပိုင်တွေက မြို့တစ်ခုလုံးကို ပိတ်ဆို့ကန့်သတ်ထားလိုက်ပါပြီ။ အာဂျင်တီးနားမှာဆိုရင်လည်း လူဦးရေ အထူထပ်ဆုံး မြို့ဖြစ်တဲ့ ဗျူနိုအေရိစ်မှာ ကူးစက်မှုတွေ မြင့်တက်မလာဖို့ အရေး စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ အခုလက်ရှိ အခြေအနေမှာတော့ ကာကွယ်ဆေးနဲ့ အလှမ်းဝေးနေပါသေးတယ်။ ကာကွယ်ဆေး မပေါ်ထွက်လာမီကာလ အတွင်းမှာ ကမ္ဘာ့နိုင်ငံအသီးသီးဟာ ပြည်သူလူထုရဲ့ နေ့စဉ်လှုပ်ရှားမှုဘဝ မပျက်ပြားရအောင်၊ စီးပွားရေး လုံးဝမပြိုလဲသွားအောင် ဘယ်လိုပုံစံမျိုးနဲ့ ရုန်းကန်ကြမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းတဲ့အချက် ဖြစ်လာမှာပါ။ ။
ကိုးကား- အေအက်ဖ်ပီ


