ခမ်လျန်စွမ်း(စီးပွား/ကူးသန်း)

 

အခန်း(၁)


နိဒါန်း


ကုန်ပစ္စည်းများ အရောင်းအဝယ်ဆောင်ရွက်ကြရာတွင် ရှေးအကျဆုံးနှင့် အလုပ်အဖြစ်ဆုံး ပုံစံသည် တိုက်ရိုက် ရောင်းချခြင်းစနစ်ဖြစ်ပြီး ရောင်းသူက ဝယ်သူထံသို့ အရောက်ပေးသောစနစ် ဖြစ်သည်။ ဤစနစ်သည် မြန်သည်။ လက်ငင်း ငွေပေါ်သည်။ လူတန်းစားမရွေး လုပ်ကိုင်နိုင်သည်။ အရင်းအနှီး စိုက်ထုတ်စရာမလိုဘဲ ဆောင်ရွက်နိုင်သည်။ အကျိုးအမြတ်ကို လျင်လျင်မြန်မြန် မြင်ရသည်ဟု လူအများ လက်ခံကြသည်။


သို့ရာတွင် အစိုးရကို အခွန်ရှောင်လွှဲရန် လွယ်ကူသည်။ တစ်ဦးတည်း (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုတည်းအတွက် အမြတ်များများ ရရှိစေနိုင်သော ပိရမစ်ပုံစံ ရောင်းဝယ်ရေးစနစ် ပုံဖော်ဆောင်ရွက်ရန် လွယ်ကူသည်။


တိုက်ရိုက်ရောင်းချခြင်းဥပဒေများ ပြဌာန်းသည့်အခါတွင် စနစ်တကျရှိလာကြပြီး အစိုးရအတွက်လည်း အခွန်အခများ ရရှိစေခြင်းနှင့် ကုန်သွယ်မှု လျင်မြန်လာစေခြင်းများကြောင့် ကမ္ဘာ့နိုင်ငံများက ဤစနစ်ကို ပိုမိုကျင့်သုံးလာကြသည်။ ကုန်ထုတ်စွမ်းအား မြင့်မားသောနိုင်ငံများသည် ၎င်းတို့၏ထုတ်ကုန်များကို ကမ္ဘာ့အရပ်ရပ်ရှိ စားသုံးသူများထံသို့ တိုက်ရိုက် ဖြန့်ဖြူးရောင်းချနိုင်သည့်အတွက် ၎င်းတို့၏ ကုန်သွယ်မှုပမာဏကိုလည်း ပိုမိုတိုးတက်စေခြင်းကြောင့် ဤတိုက်ရိုက်ရောင်းချခြင်းစနစ်သည် ရေရှည် လူကြိုက်များဦးမည်ဖြစ်သည်။ ယနေ့ခေတ်တွင် အိုင်တီ နည်းပညာ၏ စွမ်းပကားကြောင့် ကမ္ဘာ့နိုင်ငံအများစုက တိုက်ရိုက်ရောင်းချခြင်းစနစ်ကို E.Commerce စနစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုလာကြပြီဖြစ်သည်။


သို့အတွက်ကြောင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာစူနေသည့် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် တိုက်ရိုက်ရောင်းချမှုစနစ် ထွန်းကားလာရေးသည် တိုင်းပြည်စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် တိုက်ရိုက်အချိုးကျသဖြင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဈေးကွက်ရှာဖွေတတ်စေရန် ရည်ရွယ်လျက် ဤ စီးပွားရေးဆောင်းပါးကို ရေးသားပြုစုရခြင်းဖြစ်ပါသည်။


အခန်း(၂)


ကမ္ဘာ့တိုက်ရိုက်ရောင်းချခြင်းစနစ် ကျင့်သုံးမှုသမိုင်းအကျဉ်း


တိုက်ရိုက်ရောင်းချခြင်း ပြောင်းလဲဖြစ်ထွန်းမှုနှင့် ဆင့်ကဲတိုးတက်လာမှု အခြေအနေများကို အကျဉ်းချုံး၍ အောက်ပါအတိုင်း တင်ပြဆွေးနွေးလိုပါသည်။


(၁) အမေရိကန်ပြည်ထောင်စုသည် ၁၉၁၀-၁၉၄၅ ခုနှစ်အတွင်း တိုက်ရိုက်ရောင်းချသူများအသင်းကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာတွင် တစ်လမ်းသွား တိုက်ရိုက် ရောင်းချခြင်းစနစ်(Single Level Direct Selling system) ကျင့်သုံးခဲ့ကြောင်း သိရှိရသည်။


(၂) ၁၉၄၅-၁၉၇၀ ခုနှစ်များအတွင်း ဘက်စုံတိုက်ရိုက်ရောင်းခြင်းစနစ် (Multi Level Direct Selling system) ကို ကျင့်သုံးလာကြရာတွင် လူအများအပြား ပါဝင်လာပြီး ဝန်ဆောင်မှု အခန်းကဏ္ဍပါ ပါဝင်လာခြင်း၊ ငွေကြေးပမာဏ များပြားလာခြင်း၊ နည်းပညာ ကျင့်သုံးလာခြင်းများကြောင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ထွက် လာခဲ့သည်။


(၃) ၁၉၇၀-၁၉၈၀ ပြည့်နှစ်များတွင် ကမ္ဘာ့နိုင်ငံ အသီးသီး၌ တိုက်ရိုက်ရောင်းချသူများ အသင်းများ ဖွဲ့စည်း ဆောင်ရွက်လာခဲ့ကြသည်။ ဤကာလများတွင် တိုက်ရိုက်ရောင်းချခြင်း ဥပဒေများ၊ ကျင့်ဝတ်များနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲလာကြသည်။


(၄) ၂၀၁၇ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များအရ တိုက်ရိုက်ရောင်းချခြင်းပဏာမ အကြီးဆုံး ၁၀ နိုင်ငံတွင် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ကိုရီးယား၊ ဂျာမနီ၊ ဂျပန်၊ ဘရာဇီး၊ မက္ကစီကို၊ ပြင်သစ်နှင့် မလေးရှားတို့က အစဉ်အလိုက်အတိုင်း ရှိကြသည်။


(၅) ကမ္ဘာ့တိုက်ရိုက်ရောင်းချခြင်း အဖွဲ့ချုပ် (WFDSA) ၏ အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်တွင် တစ်ကမ္ဘာလုံး တိုက်ရိုက်ရောင်းချခြင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၁ သန်းရှိပြီး ၂၀၁၅ ခုနှစ်တွင် ၁၈၄ သန်း၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၉ သန်းဖြစ်ရာ အာရှတိုက်က ၈၉ ဒသမ ၂ သန်း၊ အမေရိကတိုက်က ၆၂ ဒသမ ၄ သန်း၊ ဥရောပက ၃၉ ဒသမ ၆ သန်း၊ အာဖရိက တိုက်နှင့် အရှေ့အလယ်ပိုင်းက ၁ ဒသမ ၈ သန်းရှိကြောင်း ဖော်ပြပါရှိသည်။


(၆) တိုက်ရိုက်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်မှု၏ ကျား/မ ပါဝင်မှုနှုန်းတွင်လည်း ထူးခြားစွာ အမျိုးသမီးများ ပိုမိုပါဝင်ကြောင်း တွေ့ရှိရသည်။ ကျား/မ ပါဝင်မှုရာခိုင်နှုန်းများမှာ ၂၀၁၅ ခုနှစ်တွင် အမျိုးသား ၃၈ နှင့် အမျိုးသမီး ၆၂ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်တွင် အမျိုးသား ၃၈ နှင့် အမျိုး သမီး ၆၂ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် အမျိုးသား ၃၇ နှင့် အမျိုးသမီး ၆၃ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် အမျိုးသား ၂၆ နှင့် အမျိုးသမီး ၇၄ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။


(၇) အာဆီနိုင်ငံများ၏ တိုက်ရိုက်ရောင်းချခြင်း ဆောင်ရွက်မှု အခြေအနေများမှာ အောက်ပါအတိုင်းဖြစ် သည်။ (၂၀၁၉ ခုနှစ်အစီရင်ခံစာအရ)

 

mdn

 


(၈) အိမ်နီးချင်းနိုင်ငံများ၏ တိုက်ရိုက်ရောင်းချခြင်းကို ထိန်းကျောင်းသော နိုင်ငံအလိုက် ဥပဒေပြဋ္ဌာန်းမှု အခြေ အနေများမှာ အောက်ပါအတိုင်းဖြစ်သည်-


ထိုင်းနိုင်ငံ
Direct Selling & Direct Marketing Act(2002)


မလေးရှားနိုင်ငံ
Direct Sales & Anti-Pyramid Scheme Act(1993)


စင်ကာပူနိုင်ငံ
Multilevel Marketing & Pyramid Selling Act (2000)


ဖိလစ်ပိုင်နိုင်ငံ
Consumer Act & Pyramid Sales Scheme (2004)


အင်ဒိုနီးရှားနိုင်ငံ
Multilevel License for Companies in Indonesia(2000)


ဗီယက်နမ်နိုင်ငံ
Regulation on Multilevel Marketing (2014)


တရုတ်နိုင်ငံ
Regulation on Direct Selling Administration(2005)


အိန္ဒိယနိုင်ငံ
Guideline on Direct Selling (2016)


ယခုအခါ ကမ္ဘာပေါ်တွင် ဆင့်ပွားကွန်ရက်ချိတ်ဆက် ရောင်းဝယ်ခြင်းကို အမည်နာမ အမျိုးမျိုးဖြင့် ခေါ်ဝေါ် သုံးစွဲခဲ့ရာ Network Marketing/ Direct Selling/ Refer-ral Marketing / Pyramid Selling အစရှိသဖြင့် (ခေတ်စကားနှင့်ပြောရလျှင်) အလုပ်ဖြစ်ခဲ့ကြသည်။ ဤနည်းဖြင့် သူတို့၏ ထုတ်ကုန်များကို မြန်မြန်နှင့်များများ ရောင်းခဲ့ကြရာ အလွန်တရာ အောင်မြင်ကြကြောင်း တွေ့ရှိရသည်။


အခန်း(၃)


မလေးရှားနိုင်ငံ၏ တိုက်ရိုက်ရောင်းချခြင်းကို လေ့လာခြင်း


ကျွန်တော်သည် 'တိုက်ရိုက်ရောင်းချခြင်းဥပဒေ' ရေးဆွဲရေး အဖွဲ့ဝင်များနှင့်အတူ မလေးရှားနိုင်ငံ၏ တိုက်ရိုက်ရောင်းချခြင်းဥပဒေ အာဏာသက်ရောက်မှုနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လေ့လာရန် မလေးရှားနိုင်ငံ တိုက်ရိုက်ရောင်းချသူများအသင်း (Direct Selling Association of Malaysia-DSAM)၏ စီစဉ် ပေးမှုကြောင့် ၂၀၁၉ ခုနှစ် မတ်လအတွင်း ကွာလာလမ်ပူ မြို့သို့ သွားရောက်ခွင့်ရရှိခဲ့သည်။


မလေးရှားနိုင်ငံသည် ကုန်ထုတ်လုပ်အား မြင့်မား၍ ပို့ကုန်မြင့်မားခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း များပြားသဖြင့် နိုင်ငံခြားအလုပ်သမားများ၏ မျက်စိကျရာနေရာ ဖြစ်ခဲ့သည်။ ဤသို့ အလုပ်အကိုင် အခွင့်အလမ်း များပြားရခြင်းမှာလည်း နိုင်ငံတကာ ဈေးကွက်ဝေစုရရှိမှု ပမာဏ ကြီးမားခြင်းကြောင့်ဖြစ်ပြီး ဈေးကွက်ရှာဖွေပေးနိုင်မှု၏ အဓိကအကြောင်းရင်းမှာ တိုက်ရိုက်ရောင်းချခြင်း လုပ်ငန်း(Direct Selling Industry)၏ အခန်းကဏ္ဍကြောင့် ဖြစ်သည်။


ဈေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား မြင့်မားလာစေရန် အဓိကမောင်းနှင်အားမှာ ( Direct Selling Association of Malaysia-DSAM) ဖြစ်ပြီး ၎င်း၏ ခြေလက်များအဖြစ် အများပိုင်ကုမ္ပဏီ ၄၀၀ ခန့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ၎င်း အများပိုင်ကုမ္ပဏီများသည် လုပ်ငန်းမျိုးစုံမှ ကုန်ပစ္စည်းအမယ်ပေါင်း ရာနှင့်ချီ၍ ထုတ်လုပ် လုပ်ကိုင်ဆောင်ရွက်ပြီး မလေးရှား ပြည်တွင်းသာမက နိုင်ငံရပ်ခြားသို့ တိုက်ရိုက်ရောင်းချခြင်းနည်းစနစ် ပုံစံဖြင့် ဈေးကွက် ထိုးဖောက်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ ၎င်းကုမ္ပဏီများက ထုတ်လုပ်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများမှာ Nutrition, Beauty care, Personal Care, Home Living, Food & Beverages, wellness Special, Packages, Activate Natural, Therapy Packages, Sales Materials, Monthly Promotions, Shopping guide စသည်တို့ ဖြစ်ကြသည်။


Direct Selling Association of Malaysia(DSAM)


ကျွန်တော်တို့ လေ့လာရေးအဖွဲ့သည် မလေးရှားနိုင်ငံ တိုက်ရိုက်ရောင်းချသူများအသင်းတိုက်သို့ လေ့လာရေး သွားရောက်ရာတွင် သက်ဆိုင်ရာဌာနခွဲအလိုက် တာဝန်ခံများက ၎င်းတို့၏ လုပ်ငန်းလည်ပတ်ပုံများကို ရှင်းလင်းပြသခဲ့သည်။ ဤအဖွဲ့ကြီးသည် ၁၉၇၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ထိုအချိန်က သီးခြား လွတ်လပ်သည့် သာမန်အသင်းတစ်သင်းသာ ဖြစ်သည်။ မူလက ၎င်းတို့၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကိုယ်တိုင် ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်၍ နိုင်ငံတကာဈေးကွက် သို့ ထိုးဖောက်နိုင်ရေးပင် ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာကြီး၏ စီးပွားရေးအဟုန်မှာ တစ်ဦးတည်း၊ တစ်ဖွဲ့တည်းက ဆောင်ရွက်လျှင် အခြားနိုင်ငံများအား ယှဉ်ပြိုင်နိုင်ရန် မလွယ်ကူကြောင်း တွေ့ရှိလာကြသဖြင့် တိုက်ရိုက်ရောင်းချခြင်း လုပ်ကိုင်သော ကုမ္ပဏီများ စုစည်းဦးဆောင်မှုပေးပြီး ကုန်ထုတ်လုပ်ခြင်း တိုးတက်အောင်နှင့် တိုက်ရိုက်ရောင်းချခြင်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။


DSAM အဖွဲ့ကြီးက ရည်မှန်းချက်ကြီး (၇)ချက် ထားရှိကာ ထိုရည်မှန်းချက်အတိုင်း ရှေ့ဆက်သွားနိုင်ရန် အမြဲဂရုစိုက်လေ့ရှိကြောင်း သိရှိရသည်။ ၎င်းရည်မှန်း ချက်များမှာ-


(၁) လက်အောက်ခံအဖွဲ့ဝင်များ၏ ကုန်စည်ဖြန့်ချိသော နည်းစနစ်များနှင့် ဝန်ဆောင်မှုများ ဆောင်ရွက်ရာ၌ လမ်းကြောင်းသွေဖည်မသွားရေး တည့်မတ်ပေးနိုင်ရန်၊


(၂) အဖွဲ့ဝင်များက အစိုးရဌာနများနှင့် စားသုံးသူများအပေါ် ဆက်ဆံရေးလမ်းကြောင်းများ ထိန်းညှိပေးနိုင်စေရန်၊


(၃) အဖွဲ့ဝင်များ၏ ကုန်စည်ထုတ်လုပ်ခြင်း၊ တင်ပို့ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးရာတွင် အစိုးရ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရန် နည်းလမ်းပေးခြင်းနှင့် ကူညီပေးခြင်းများ ဆောင်ရွက်နိုင်စေရန်၊


(၄) အဖွဲ့ဝင်များ၏ ကုန်စည်တင်ပို့ရောင်းချခြင်းလုပ်ငန်းနှင့် ဝန်ဆောင်မှုပေးသည့်အခါ အဆင့်အတန်း မြင့်မားစေရေး ကူညီပေးနိုင်ရန်၊


(၅) ရည်မှန်းချက် အလားသဏ္ဌာန်တူညီ၍ မှတ်ပုံတင်ထားသော အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊


(၆) လုပ်ငန်းကွဲပြားသော အဖွဲ့ဝင်များ၏ လုပ်ငန်းသဘောတရားများနှင့် ဆက်စပ်သည့် သတင်း အချက်အလက်များ စုစည်းမှတ်ပုံတင်ထားရန်၊

 

(၇) အဖွဲ့ဝင် ကုမ္ပဏီများ၏ အခက်အခဲများကူညီ ဖြေရှင်းပေးနိုင်ရန်နှင့် စားသုံးသူများ၏ အားပေးမှု
လျော့မကျစေရေးများအတွက် အစည်းအဝေးများ ခေါ်ယူညှိနှိုင်းခြင်းများ ပုံမှန်ဆောင်ရွက်နိုင်စေရန်။


မလေးရှားနိုင်ငံ၏ တိုက်ရိုက်ရောင်းချခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်သည့်အခါ သူတို့နိုင်ငံအတွက် အခွန်အခများရရှိစေခြင်း၊ အစိုးရ၏ ထိန်းချုပ်မှု အောက်လွတ်မထွက်စေရေး၊ အခြားအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သည့်အခါ အဆင်ပြေစေရေးနှင့် သူတို့အဖွဲ့အစည်း ခိုင်မာစေရေးအတွက် မလေးရှား နိုင်ငံတိုက်ရိုက်ရောင်းချခြင်း ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကြောင်း သိရှိလေ့လာရပါသည်။ သူတို့၏ ဥပဒေသည် စနစ်မကျသော ကုမ္ပဏီများကို အရေးယူ အပြစ်ပေးခြင်းဆိုခြင်းထက် စနစ်တကျဖြင့် စီးပွားရေး လမ်းကြောင်းပေါ်သို့ တွန်းပို့ခြင်းဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည်။


ကျွန်တော်တို့ လေ့လာရေးအဖွဲ့သည် မလေးရှားနိုင်ငံသို့ ရောက်နေသည့်အချိန်တွင် အိန္ဒိယနိုင်ငံ အပါအဝင် ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ တိုက်ရိုက်ရောင်းချသူများအဖွဲ့ အစည်းအဝေးကို တက်ရောက်လေ့လာခွင့်ပါ ရရှိခဲ့ကြသည်။ ကျွန်တော်တို့ နိုင်ငံအတွက် အခြားစီးပွားရေး အင်အားကောင်းသောနိုင်ငံများ၏ အတွေ့အကြုံကို လေ့လာခွင့်ရရှိခြင်းသည် လွန်စွာမှတန်ဖိုးကြီးလှသည်။


အထူးသဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်တော့မည်ဆိုပါက မိမိတင်ပို့မည့် ဈေးကွက်ရှိ စားသုံး သူများ၏ လိုအပ်ချက် သို့မဟုတ် စားသုံးသူအကြိုက် ထုတ်လုပ်နိုင်ရန် ဈေးကွက်ထောက်လှမ်းခြင်းစနစ် လုပ်ထားရန်လိုအပ်ခြင်း၊ ဤသို့ ဈေးကွက်ထောက်လှမ်းနိုင်ရန် ကိုယ်စားလှယ်များထားရှိပြီး သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ရယူနိုင်ခြင်း၊ ထုတ်ကုန်များအား စားသုံးသူ လိုအပ်ချက်နှင့်အညီ ထုတ်လုပ်နိုင်ရေး သုတေသနပြုလုပ်ခြင်းဟူသော သူတို့နိုင်ငံ၏ တိုက်ရိုက်ရောင်းချခြင်း စနစ်များကိုပါ လေ့လာခွင့် ရရှိခဲ့ကြသည်။


အခန်း(၄)


မြန်မာနိုင်ငံနှင့် တိုက်ရိုက်ရောင်းချခြင်းစနစ်


မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်မှစ၍ တိုက်ရိုက်ရောင်းချခြင်းစနစ်ရှိခဲ့ကြောင်း သိရှိရသည်။ အထူးသဖြင့် ကျန်းမာရေးအထောက်အကူပြု ဓာတ်စာကုန်ပစ္စည်းနှင့် အလှကုန်သုံး ပစ္စည်းများကို ဆင့်ပွားကွန်ရက် ဈေးကွက်ဖြန့်ချိရေးစနစ် (Multi level Marketing-MLM) ဖြင့် ရောင်းချကြောင်း လူသိများခဲ့သည်။ အချို့သော တိုက်ရိုက်ရောင်းချခြင်း လုပ်ကိုင်သူများသည် ငွေကြေးလိမ်လည်မှုများ၊ အလွန်အကျွံ ကြော်ငြာခြင်း၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန် ဘဏ္ဍာများ ရှောင်လွှဲခြင်း စသည့် အငြင်းပွားဖွယ်ရာ အမှုအခင်းများ ပေါ်ပေါက်စေသဖြင့် ၂၀၁၈ ခုနှစ်တွင် စနစ်တကျရှိစေရေးအလို့ငှာ ဆင့်ပွားကွန်ရက် ဈေးကွက် ဖြန့်ချိရေးစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှုများကို ယာယီ တားမြစ်ခဲ့ရသည်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆင့်ပွားကွန်ရက် ချိတ်ဆက် ရောင်းဝယ်ခြင်းကိစ္စ မေးခွန်းမေးမြန်းရာမှ ဥပဒေရေးဆွဲရန် အကြောင်းဖြစ်လာသည်။ ထိုအချိန်ကစပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက အခန်း (၁၃) ခန်းပါ ဥပဒေကြမ်းကို ၂၀၁၉ ခုနှစ်တွင် ရေးဆွဲပြီး ယခုအခါ ပြည်ထောင်စုလွှတ်တော်က စိစစ်လျက်ရှိရာ ပြည်သူများ လေ့လာသုံးသပ် အကြံပြုနိုင်ရန် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်မှ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် တိုက်ရိုက်ရောင်းချခြင်း ဥပဒေကြမ်းများ ဖော်ပြသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ များမကြာမီ ဥပဒေ တစ်ရပ်အနေဖြင့် ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ပါသည်။
တိုက်ရိုက်ရောင်းချခြင်း ဥပဒေပြဋ္ဌာန်းပြီးသောအခါ လုပ်ငန်းရှင်များသည် စနစ်ကျမှတ်ပုံတင်ခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတကာတွင် ကျင့်သုံးသော လုပ်ငန်းအစီအစဉ်များကို ခေတ်နှင့်အညီ ကျင့်သုံးနိုင်ရေး ကြိုတင်လေ့လာမှတ်သားထားရန် လိုအပ်မည် ဖြစ်ကြောင်း တိုက်တွန်းလိုပါသည်။


တိုက်ရိုက်ရောင်းချခြင်းစနစ်နှင့် မြန်မာ့စီးပွားရေး ဆက်စပ်မှု


မြန်မာနိုင်ငံတွင် တိုက်ရိုက်ရောင်းချခြင်းစနစ်ကို အချိန်အတော်ကြာ ဆောင်ရွက်လုပ်ကိုင်ခဲ့ကြလာသည့် နည်းတူ စားသုံးသူ အတော်များများနှင့်လည်း ရင်းနှီးကျွမ်းဝင်ခဲ့ပြီး ဖြစ်ပါသည်။ အထူးသဖြင့် ယနေ့ခေတ် မြို့ကြီးပြကြီးများတွင် ယာဉ်ကြောကျပ်ခြင်း၊ ကိုယ်တိုင်ဈေးဝယ်ရန် အချိန်လုံလောက်စွာ မပေးနိုင်ခြင်းများနှင့် အိုင်တီနည်းပညာဖြင့် ကုန်အရောင်းအဝယ် အလုပ်ဖြစ်လာသောကြောင့် တိုက်ရိုက်ရောင်းချခြင်းစနစ်က ပိုမိုအသုံးများလာကြရပါသည်။ တိုက်ရိုက်ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် စားသုံးသူများကို အကောင်းဆုံးဝန်ဆောင်မှု ပေးလာသဖြင့် တဖြည်းဖြည်း လူကြိုက်များလာသော ရောင်းဝယ်ခြင်းစနစ်တစ်ခု ဖြစ်လာရခြင်းဖြစ်သည်။


သို့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံအနေဖြင့် နည်းပညာသုံး ထုတ်ကုန်ထုတ်လုပ်မှုအပိုင်းတွင် အားနည်းချက်ရှိခြင်းကြောင့် ကုန်ပစ္စည်းများကို တိုက်ရိုက်ရောင်းချခြင်း နည်းစနစ်ကို များများအသုံးပြု နိုင်ရေး ဦးတည်ထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။ အခြားကမ္ဘာ့နိုင်ငံမျာနည်းတူ ဤစနစ်အသုံးပြု လာနိုင်သောအခါ တစ်ဖက်က မိမိတို့၏ ထုတ်ကုန်များကို စားသုံးသူ (End User) များသို့ ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။ ၎င်းတို့နှင့် ချိတ်ဆက်နိုင်သည့်အတွက် ကြားခံပွဲစားမလိုတော့ဘဲ သူတို့နှင့် တိုက်ရိုက် ရောင်းဝယ်နိုင်ခြင်း၊ ၎င်းမှတစ်ဆင့် သူတို့၏ လိုအပ်သည့် ပုံစံကို မိမိဘက်မှ အချိန်မီပြင်ဆင်နိုင်ခြင်း၊ မိမိပို့ကုန်များ အဆင့်မြင့်အောင် တီထွင်ဆောင်ရွက်လိုစိတ်များ ရှိလာပြီး ထိုမှ အဆင့်မြင့်ပို့ကုန်များ တင်ပို့ရောင်းချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါသည်။ များသောအားဖြင့် ကျွန်တော်တို့နိုင်ငံမှ တင်ပို့သော ပို့ကုန်အများစုမှာ ကြိုတင်ချိတ်ဆက်မှုမရှိဘဲ ကြားပွဲစားများ၏ ဈေးနှိမ်ဝယ်ခြင်းကြောင့် နစ်နာဆုံးရှုံးမှု ကြုံရ လျက်ရှိသည်။


တိုက်ရိုက်ရောင်းချခြင်း ဥပဒေပေါ်ပေါက်လာပြီး နောက်တွင် လုပ်ငန်းရှင်များကို စနစ်တကျမှတ်ပုံတင် စေခြင်းအားဖြင့် အခွန်ရှောင်ရှားမှုများ၊ အငြင်းပွားမှုများ၊ အဆင့်မြင့်ထုတ်ကုန် အမယ်သစ်များ တီထွင်ထုတ်လုပ် တင်ပို့ရောင်းချခြင်းများ၊ အလုပ်အကိုင်သစ်များစွာ ဖန်တီးပေးခြင်းများ အစရှိသည့် တိုးတက်မှုများ မလွဲမသွေ မြင်တွေ့ရတော့မည် ဖြစ်ပါသည်။ ဤသို့ တိုးတက်မှုများ ဖြစ်ထွန်းစေနိုင်ရန်အတွက် လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ၏ အခက်အခဲများ ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနက ယခုကတည်းက ကြိုတင်ပြင်ဆင်လျက် ရှိပါသည်။


တိုက်ရိုက်ရောင်းချခြင်းသည် ခေတ်ရေစီးကြောင်းနှင့် အလွန်လိုက်ဖက်သည့်အပြင် လက်လီလက်ကား ရောင်းဝယ်ခြင်းစနစ်မှ ထုတ်လုပ်သူက စားသုံးသူ လက်ထဲအရောက် အကောင်းဆုံးဝန်ဆောင်မှုပေးရ သည့်အပြင် ကုန်ပစ္စည်း အရည်အသွေးအတွက်လည်း ပိုမိုစိတ်ချရသည့် အရောင်းအဝယ်စနစ်ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း တိုးတက်လာသည့် အိုင်တီနည်းပညာနှင့်အတူ အရောင်းအဝယ်စနစ်ကြီး တစ်ခုလုံးကိုလည်း ကျွန်တော်တို့မြန်မာပြည်သူများ လိုက်ပါနိုင်ရေးအတွက် ကြိုးစားကြရမည်ဖြစ်ပါသည်။


နိဂုံး


ကျွန်တော်တို့ မြန်မာလူမျိုးများ၏ စိတ်ထဲစွဲလမ်းထားတတ်သည့် အစဉ်အလာတစ်ခုမှာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် လုပ်မည် (သို့) ဆောင်ရွက်မည်ဟူသည့် စကားသည် ခေတ်အဆက်ဆက်က ကျင့်သုံးလာကြသည်။ သို့ရာတွင် ကုန်သွယ်ရေးကဏ္ဍ၌ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ထိုးဖောက်နိုင်ရန် မလွယ်ကူသည့်အတွက်ကြောင့် စီးပွားရေးပညာရှင်များက စနစ်တကျ လေ့လာကျင့်သုံးပြီး အောင်မြင်ခဲ့သော တိုက်ရိုက်ရောင်းချခြင်းစနစ်ကို အောင်မြင်အောင် ကျင့်သုံးရန် လိုမည်ဖြစ်ကြောင်း တိုက်တွန်းလိုပါသည်။ ကမ္ဘာ့ဈေးကွက်တွင် အလျင်အမြန် လက်ဦးမှုရယူကာ ဖောက်ထွင်းနိုင်ရေးသည် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်တစ်ရပ်အဖြစ် ရှုမြင်ထားပါသည်။ အလီဘာဘာ တိုက်ရိုက်ရောင်းချခြင်း လုပ်ငန်းကုမ္ပဏီ သူဌေးဂျာမားသည် တိုက်ရိုက်ရောင်းချခြင်း၏ အကျိုး အမြတ်ကို ကြိုတင်တွက်ချက်တတ်သည့်အတွက် ဤစနစ်၏ လှေကားထစ်များ တစ်ထစ်ချင်း လှမ်းတက်နိုင်သည့်အတွက် ယနေ့အောင်မြင်သော ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင် သူဌေးတစ်ယောက်အဖြစ် ရပ်တည်နေသူဖြစ်သည်။


ထို့အတူ ကျွန်တော်တို့၏ပို့ကုန်များ ယနေ့ကမ္ဘာ့ ဈေးကွက်တွင် ထိုးဖောက်ရန် ခက်ခဲသောအချိန်တွင် ဤတိုက်ရိုက်ရောင်းချခြင်းစနစ်က ကျွန်တော်တို့၏ စားသုံးသူများထံအရောက် တိုက်ရိုက်ရောင်းချနိုင်သော အခွင့်အရေးကြီးတစ်ရပ်အဖြစ် တွန်းပို့ပေးမည်ဖြစ်သည်။ အနာဂတ် စီးပွားရေးကို များစွာမြှင့်တင်ပေးနိုင်မည့် စီးပွားရေးစနစ်တစ်ခုဖြစ်ခြင်းကြောင့် စာဖတ်သူများနှင့် စိတ်ဝင်စားသော မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အောင်မြင်သော တိုက်ရိုက်ရောင်းချ သူများဖြစ်ပါစေကြောင်းနှင့် စီးပွားရေးအောင်မြင်ရေးအတွက် အထောက်အကူ ပြုနိုင်ပါစေကြောင်း ဆန္ဒပြု တင်ပြလိုက်ရပါသည်။ ။