လက်ရှိ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းတစ်ခုကြောင့် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနေပြီး မေ ၁၆ ရက်ညပိုင်းတွင် ယင် မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်သည့် အနေအထားရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“ဒီလေဖိအားနည်းရပ်ဝန်းဟာ အိန္ဒိယကမ်းဘက်ကို ဦးတည်နေပြီး လက်ရှိရွေ့လျားနေပါတယ်။ မုန်တိုင်းငယ် ဖြစ်ပြီးတဲ့အခါ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်လာပြီး မေ ၁၇ ရက် ညပိုင်းလောက်ဆိုရင် သူ့ရဲ့လမ်းကြောင်းဟာ အရှေ့မြောက်ကို ပြန်ကွေ့လာမယ့် အနေအထားမျိုး တွေ့ရပါမယ်။ အရှေ့မြောက်ကို ပြန်ကွေ့လာတာနဲ့ သူသွားမယ့် လမ်းကြောင်းဟာ အခုအခါမှာတော့ သုံးမျိုးလောက် ထွက်နေပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာသုံးနိုင်ငံထဲက တစ်နိုင်ငံကို ဝင်ရောက်နိုင်ပါတယ်” ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောသည်။
ကြိုတင်ပြင်ဆင်ဖို့နဲ့ အထူးဂရုစိုက်ဖို့လို
“အိန္ဒိယဘက်မှာ လေထုဖိအား ရုတ်တရက်ထိုးကျသွားရင် အိန္ဒိယကို ဝင်သွားမှာပါ။ အိန္ဒိယကို ကျော်လာပြီးရင် ဘင်္ဂလားဒေ့ရှ်ကိုရောက်မယ်။ ဘင်္ဂလားဒေ့ရှ်မှာ လေထုဖိအားထိုးကျသွားရင် ဘင်္ဂလားဒေ့ရှ်ကို ဝင်မယ်။ ဒါမှမဟုတ် အဲဒီနှစ်နိုင်ငံလုံးမှာ လေထုဖိအားတက် နေတယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံကိုဝင်မယ်။ ဒါပေမယ့် ဘယ်ဘက်ကိုဝင်မယ်ဆိုတာကို ဒီအချိန်မှာတော့ တွက်ဆလို့ မရသေးပါဘူး။ ဒီအချိန်မှာ ပြောနိုင်တာက မေ ၁၉ ရက်အထိ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကို ဦးတည်နေတဲ့အနေအထားမျိုးလို့ ပြောလို့ရပါတယ်။ လေထုဖိအား အတက်အကျ အပေါ်မူတည်ပြီးတော့ မုန်တိုင်းဝင်မယ့်အခြေအနေကတော့ ပြောင်းလာနိုင်တဲ့ အနေအထားရှိတယ်။ မပြောင်းလဲနိုင်တာကတော့ ဆိုင်ကလုန်းမုန်တိုင်းဟာ အရှေ့မြောက်ဘက်ကို ကွေ့လာ ပြီဆိုတာနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်တို့မှာ မုန်တိုင်းအရှိန်ကြောင့် ရံဖန်ရံခါ မိုးသက် လေပြင်းကျမှာဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ပိုမိုသတိထားရပါမယ်။ မေ ၁၉ ရက်မှာ ပိုပြီးသက်ရောက်မှုရှိနိုင်ပါတယ်။ နေရာကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာရှိတဲ့ မြို့နယ်တွေမှာ ကြိုတင်ပြင်ဆင်ဖို့နဲ့ အထူးဂရုစိုက်ဖို့လိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မုန်တိုင်းအရှိန်ကြောင့် လေပြင်းမုန်တိုင်းများ တိုက်ခတ်နိုင်သည့်အတွက် မေ ၁၈ ရက်မှ ၂၂ ရက်အထိ ရေလုပ်သားများ၊ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းမှ ပြည်သူများအနေဖြင့် ပင်လယ်ပြင်ထွက်ခွာခြင်း မပြုရန် သတိထားရမည်ဖြစ်ကြောင်း သိရသည်။
“မုန်တိုင်းတွေဖြစ်တယ်ဆိုတာ လေထုဖိအားနည်း တဲ့အတွက် ဖြစ်လာတာ ဖြစ်ပါတယ်။ လေတွေက ဖိအားများတဲ့နေရာကနေ ဖိအားနည်းတဲ့နေရာကို သွားတယ်။ ကုန်းမြေပေါ်မှာ လေထုဖိအားနည်း နေတယ်ဆိုရင် လေက ကုန်းမြေပေါ်ကို ရွေ့သွားမယ့်အခြေအနေရှိတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ပြီးမှ ကျွန်တော်တို့ဘက်ကို ရောက်လာမယ့် အနေအထားတော့ရှိတယ်။
သင်္ချာပုံစံပြုမော်ဒယ်
“သင်္ချာပုံစံပြုမော်ဒယ်တွေက အမျိုးမျိုးဖော်ပြနေတယ်။ European Centre for Medium-Range Weather Forecasts မော်ဒယ်အားလုံးက အိန္ဒိယ၊ India Metoro-logical Department မော်ဒယ်အများစုက ဘင်္ဂလား ဒေ့ရှ်နဲ့ IMD ရဲ့ GPP ကတော့ မပြောင်းလဲဘဲ ရခိုင်မြောက်ပိုင်းဒေသကို ဝင်ရောက်နိုင်တယ်။ မြန်မာနိုင်ငံက တွက်ထုတ်တဲ့ မော်ဒယ်ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကို ဖော်ပြနေတယ်။ မုန်တိုင်းရဲ့ လေတိုက်နှုန်းကတော့ ပင်လယ်ထဲမှာ ကြာမြင့်တဲ့အချိန်၊ မုန်တိုင်းရဲ့ အရွေ့ အပေါ်မှာ မူတည်ပါတယ်။ မုန်တိုင်းက ပင်လယ်ထဲမှာ ကြာမြင့်စွာရွေ့နေမယ်ဆိုရင် မုန်တိုင်းရဲ့ အင်အားက ပိုမိုကောင်းလာမယ်။ မုန်တိုင်းက မြန်မြန်ရွေ့မယ်ဆိုရင် အင်အားကျသွားနိုင်တယ်။ လေထုဖိအားကျတာ များနေရင် လေတိုက်နှုန်းတွေက ပြင်းပြင်းထန်ထန်တိုက်ခတ်နိုင်ပြီး လေထုဖိအားကျတာ နည်းနေရင်တော့ လေတိုက် နှုန်းက အားလျော့တဲ့အနေအထားတွေရှိပါတယ်။ လက်ရှိ မှာတော့ သင်္ချာပုံစံပြုမော်ဒယ်တွေမှာ တစ်နာရီ မိုင် ၅၀ နဲ့ မိုင် ၇၀ ကြား ပြထားပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောသည်။
မုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်
ယခုအခါ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး ယင်းမုန်တိုင်းသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်နိုင်ခြေရှိကာ မုန်တိုင်း ဝင်ရောက်သည်ဖြစ်စေ၊ မဝင်ရောက်သည်ဖြစ်စေ မေ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် တစ်နိုင်ငံလုံး မိုးရွာသွန်းနိုင် သည့်အတွက် အပူချိန်ကျသွားမည်ဖြစ်ကြောင်း သိရ သည်။
ကြိုတင်ပြင်ဆင်စေလို
“မုတ်သုံဆိုတာ မုန်တိုင်းနဲ့ ဆက်စပ်နေပါတယ်။ ယခင်က မုတ်သုံက သူ့ဘာသာသူဝင်လာတယ်။ မုတ်သုံ ဝင်ပြီဆိုရင် အီကွေတာကို ဖြတ်ပြီးတော့ တိုက်တဲ့လေက အားကောင်းလာတယ်။ ခုနောက်ပိုင်းနှစ်တွေကို ပြန်ကြည့် မယ်ဆိုရင် အီကွေတာကို ဖြတ်တိုက်တဲ့လေက အား မကောင်းတော့ဘူး။ အားမကောင်းတဲ့အတွက် မုတ်သုံအတွက်ကို မုန်တိုင်းတွေက ဆွဲပြီးခေါ်လာတယ်။ ဒီနှစ် မှာလည်း မုန်တိုင်းမဖြစ်ဘူးဆိုရင် မုတ်သုံနောက်ကျမယ့် အနေအထားရှိတယ်။ လက်ရှိ မုန်တိုင်းဖြစ်လာတဲ့အတွက် မုတ်သုံက ယခင် ခန့်မှန်းထားတဲ့ မေ ၁၆ ရက်ကနေ ၂၁ ရက်အတွင်းမှာ မြန်မာနိုင်ငံတောင်ပိုင်းကို စတင်ဝင်ရောက်မယ့် အခြေအနေရှိပါတယ်။ တကယ်လို့ မုန်တိုင်း ဝင်လာမယ်ဆိုရင် ရွှေ့ပြောင်းရလွယ်ကူအောင်လည်း ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင် စေလိုပါတယ်။ မုန်တိုင်းဖြစ်ပေါ်လာရင်လည်း သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေရဲ့ လမ်းညွှန်ချက်တွေ ကို လိုက်နာကြဖို့ ပြောလိုပါတယ်။
“အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို မဝင်ဘူးဆိုရင်တော့ မြန်မာနိုင်ငံကို သေချာပေါက်ဝင်မှာဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံထဲက တစ်နိုင်ငံကို မုန်တိုင်းဝင်သွားရင်တော့ မြန်မာကမ်းရိုးတန်းကို မဝင်နိုင်တော့ဘူး။ ဒါပေမယ့် မုန်တိုင်းရဲ့အရှိန်ကြောင့် မိုးသက်လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပါမယ်။ အထူးသဖြင့် ရခိုင်ကန်းရိုးတန်းဒေသတွေက အထူးသတိထားဖို့လိုအပ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောသည်။
သတင်း-မျိုးမြင့်၊ မျိုးသူဟိန်း၊ ဟိန်းမင်းစိုး
ဓာတ်ပုံ-ဟန်လင်းနိုင်


