(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၆ ရက်)

(မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသော မုန်တိုင်းငယ်အခြေအနေ

၁။ (က) ယနေ့မြန်မာစံတော်ချိန် (၁၂: ၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အိန္ဒိယနိုင်ငံ ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha)၏ တောင်ဘက် ရေမိုင် (၅၆၀) မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်ဘက် ရေမိုင် (၆၄၀) မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်ပူပါရာမြို့(Khepupara)၏ အနောက်တောင်ဘက် ရေမိုင် (၄၆၀) မိုင်ခန့်နှင့် ပုသိမ်မြို့ (Pathein) ၏ အနောက်တောင်ဘက် ရေမိုင် (၆၀၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 

(ခ) အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

 

အားကောင်းသောမုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

၂။ (က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၀.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၃) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင် (၃၈)မိုင်နှုန်း ဖြစ်ပါသည်။

 

နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

၃။ (က) အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် နောက်(၉)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် (၁၇.၅.၂၀၂၀)ရက်နေ့ နောက်ပိုင်း တွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

 

သတိပေးနှိုးဆော်ချက်

၄။ (က) အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် ယနေ့နေ့လယ်မှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာ နိုင်ပါသည်။

 

(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

 

အကြံပြုချက်

၅။ (က) အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Crd. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန