နုမြဇံ (ပြတိုက်)

COVID - 19 ခေါ် ကမ္ဘာ့ကပ်ရောဂါဆိုးကြောင့် ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံအတော်များများ စိုးရိမ်ပူပန်မှုများ၊ ကြောက်ရွံ့မှုများ မြင့်တက်ကာ မြို့ရွာများ၊ ရပ်ကွက်များ၊ ကျေးရွာများအထိ အသွားအလာကန့်သတ်ခြင်း၊ လူတိုင်း လူတိုင်းကို တတ်နိုင်သမျှ အိမ်တွင်သာနေထိုင်စေခြင်း၊ လူစုလူဝေးမပြုလုပ်ကြရန် အမိန့်များထုတ်ပြန်တားဆီးခြင်းတို့ ပြုလုပ်နေကြချိန် ယခုနှစ် ၂၀၂၀ ပြည့်နှစ်၏ မေလ ၁၈ ရက်နေ့ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ အခမ်းအနားများကျင်းပရန် မဖြစ်နိုင် တော့သည်မှာ သေချာသလောက်ရှိသွားပေပြီ။ ကမ္ဘာ တစ်ဝန်းရှိ ပြတိုက်များနှင့် မြန်မာနိုင်ငံရှိပြတိုက် အတော် များများလည်း ပိတ်ထားကြရဆဲ ဖြစ်သည်။ သို့ဆိုလျှင် ပြတိုက်များနေ့အခမ်းအနား မကျင်းပရုံဖြင့် အခြားသော နည်းလမ်းများဖြင့်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံတစ်ဝန်း ရှိ ပြတိုက်ဝန်ထမ်းများ စဉ်းစားတွေးတောနိုင် ကြစေရန် ဆောင်းပါးဖြင့် ရေးသားနှိုးဆော်လိုက်ရပါသည်။
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အစ
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ကို ကမ္ဘာတစ်ဝန်း ရှိ နိုင်ငံပေါင်း ၁၄၀ ကျော်မှ ပြတိုက်ပညာရှင်များ၊ ပြတိုက်ဝန်ထမ်းများ၊ ပြတိုက်ကိုစိတ်ဝင်စားသူများ အဖွဲ့ဝင်အဖြစ် စုစုပေါင်း ၄၀၀၀၀ ခန့် ပါ၀င်ကာ ၁၉၄၆ ခုနှစ်က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် စတင်တည်ထောင် ခဲ့သော International Council of Museums (ICOM) ခေါ် အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီက နှစ်စဉ် မေလ ၁၈ ရက်နေ့နှင့် ယင်းရက်၀န်းကျင်တွင် ကျင်းပကြ ရန် ၁၉၇၇ ခုနှစ် မေလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရုရှားနိုင်ငံ မော်စကိုနှင့် လီနင်ဂရက်မြို့များတွင် ကျင်းပ ခဲ့သော အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ၏ (၁၁) ကြိမ်မြောက် အထွေထွေညီလာခံက ဆုံးဖြတ်ချက် ချမှတ် ပေးခဲ့ရာက စတင်ခဲ့ခြင်းဖြစ်ရာ ယခု ၂၀၂၀ ပြည့်နှစ်ဆိုလျှင် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ပေါ်ပေါက်လာသည့် ကာလ ၄၃ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည်။
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့
ကျင်းပရခြင်း ရည်ရွယ်ချက်
အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီသည် ပြတိုက်ကျွမ်းကျင်ဝန်ထမ်းများနှင့် ပြည်သူအများစု တိုက်ရိုက်တွေ့ဆုံကာ မျက်မှောက်ခေတ်ပြတိုက်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ပြည်သူများသတိပြုမိ အောင် ပြတိုက်များဘက်က ပြသနိုင်သည့်အခွင့်အလမ်း တစ်ရပ် ဖန်တီးပေးလိုခြင်းက အပြည်ပြည်ဆိုင်ရာပြတိုက် များနေ့ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်ပေ သည်။ အမှန်စင်စစ်အားဖြင့် အပြည်ပြည်ဆိုင်ရာပြတိုက် များကောင်စီက သတ်မှတ်ပေးထားသော ပြတိုက် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည့် “ပြတိုက်ဟူသည် လူထုနှင့် ပတ်ဝန်းကျင် တိုးတက်ရေးအတွက် ၀န်ဆောင်မှုပေးရ သော ပြည်သူအတွက် အမြဲတမ်းဖွင့်လှစ်ထားသည့် ပညာ ရပ်ဆိုင်ရာအဖွဲ့အစည်းဖြစ်သည်။ အဆိုပါပြတိုက် များသည် ပစ္စည်းများစုဆောင်းခြင်း (Acquisition)၊ စုဆောင်းရရှိသော ပြတိုက်ပစ္စည်းများ ရေရှည်တည်တံ့ အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း (Conservation)၊ အဆိုပါပစ္စည်းများအကြောင်း ပိုမိုသိရှိလာအောင် သုတေ သနပြုလုပ်ခြင်း (Research)၊ ပြည်သူလူထုနှင့်ဆက်သွယ် ဆောင်ရွက်ခြင်း (Communication) နှင့် လူသားနှင့် ပတ်ဝန်းကျင်ကပိုင်ဆိုင်သော ဒြပ်ရှိဒြပ်မဲ့အမွေအနှစ် ပစ္စည်းများကို ခင်းကျင်းပြသခြင်း (Exhibition) ဟူသော ပြတိုက်လုပ်ဆောင်ဖွယ်တာဝန်များကို ပြည်သူလူထုအား ပညာပေးရန်၊ ပညာရှင်နှင့်သုတေသီများ လေ့လာခွင့် ရရှိရန်နှင့် အားလုံးသောပရိသတ်များ စိတ်ပျော်ရွှင်မှု ရရှိစေရန် ရည်ရွယ်လျက် ဆောင်ရွက်ရမည့်ဌာနများ ဖြစ်သည်။” ဟူသည့် ပြတိုက်အဓိပ္ပာယ်ကို ကိုင်စွဲကာ ကမ္ဘာတစ်ဝန်းလုံးအတိုင်းအတာဖြင့် ပြတိုက်နှင့် ပြည်သူ ကို ကျယ်ကျယ်ပြန့်ပြန့် ပိုမိုနွေးထွေးစွာ ထိတွေ့ဆက်ဆံ စေလိုသည့် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ဦးတည်ချက် (Theme) တစ်ခုစီ ချမှတ်ပေးလျက် ထိုဦးတည်ချက် ဘောင်ထဲတွင် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ကို ကျင်းပစေခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီက နှစ်စဉ် ချမှတ်ပေးခဲ့သည့် ဦးတည်ချက်များအနက် အစောပိုင်း ဦးတည်ချက်များကို မတွေ့ရှိရဘဲ ၁၉၉၂ ခုနှစ်မှ ယခု ၂၀၂၀ ပြည့်နှစ်အထိ နှစ်စဉ်ချမှတ်ပေးခဲ့သောဦးတည်ချက် (Theme) များကို နှစ်အလိုက် လေ့လာတွေ့ရှိရပေသည်။
၁၉၉၂ ခုနှစ် - ပြတိုက်များနှင့် ပတ်ဝန်းကျင် (Museums and environment)
၁၉၉၃ ခုနှစ် - ပြတိုက်များနှင့် ဒေသခံတိုင်းရင်း သားများ (Museums and indigenous peoples)
၁၉၉၄ ခုနှစ် - ပြတိုက်များထဲမှ နောက်ကွယ် မြင်ကွင်းများ (Behind the scenes in museums)
၁၉၉၅ ခုနှစ် - တုံ့ပြန်မှုနှင့် တာဝန် (Response and responsibility )
၁၉၉၆ ခုနှစ် - အနာဂတ်အတွက် ယနေ့ စုဆောင်းခြင်း (Collecting today for tomorrow )
၁၉၉၇ ခုနှစ် - ၁၉၉၈ ခုနှစ် ယဉ်ကျေးမှုအမွေ အနှစ်များ တရားမဝင်ခိုးထုတ် ခြင်းကို တိုက်ဖျက်ရေး (The fight against illicit traffic of cultural property )
၁၉၉၉ ခုနှစ် - စူးစမ်းလေ့လာ ပျော်စရာ (Pleasures of discovery )
၂၀၀၀ ပြည့်နှစ် - ပြည်သူ့ ငြိမ်းချမ်းရေးနှင့် သဟ ဇာတဖြစ်မှုအတွက် ပြတိုက်များ (Museums for peace and harmony in society )
၂၀၀၁ ခုနှစ် - လူမှုအသိုက်အဝန်း တည် ဆောက်ရာ ပြတိုက်များ (Museums: building community )
၂၀၀၂ ခုနှစ် - ပြတိုက်များနှင့် ကမ္ဘာရွာဖြစ် လာခြင်း (Museums and globalisation )
၂၀၀၃ ခုနှစ် - ပြတိုက်များနှင့် မိတ်ဆွေများ (Museums and friends )
၂၀၀၄ ခုနှစ် - ပြတိုက်များနှင့်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ (Museums and intangible heritage (Int- angible cultural heritage))
၂၀၀၅ ခုနှစ် - ယဉ်ကျေးမှုတံတားပြတိုက်များ (Museums bridging cultures)
၂၀၀၆ ခုနှစ် - ပြတိုက်များနှင့် လူငယ်ထု (Mu- seums and young people)
၂၀၀၇ ခုနှစ် - ပြတိုက်များနှင့် အများနှင့် သက်ဆိုင်သော အမွေအနှစ် (Museums and universal heritage)
၂၀၀၈ ခုနှစ် - လူမှုရေးပြောင်းလဲတိုးတက်မှု ကိုယ်စားပြုပြတိုက်များ (Mu- seums as agents of social change and development )
၂၀၀၉ ခုနှစ် - ပြတိုက်များနှင့် ခရီးသွားကဏ္ဍ (Museums and tourism)
၂၀၁၀ ပြည့်နှစ် - လူမှုရေးသဟဇာတဖြစ်မှုအတွက် ပြတိုက်များ (Museums for social harmony )
၂၀၁၁ ခုနှစ် - အမှတ်တရပါ ပြတိုက်မှာ (Mu- seum and memory)
၂၀၁၂ ခုနှစ် - စိန်ခေါ်မှုအသစ် ဉာဏ်ကွန့်မြူးမှု အသစ်များဖြင့် ပြောင်းလဲနေ သော လောကတစ်ခုမှပြတိုက် များ (Museums in a changing world. New challenges, new inspirations )
၂၀၁၃ ခုနှစ် - ပြတိုက်များ (အမှတ်တရ + တီထွင်ဖန်တီးမှု) = လူမှုရေး ပြောင်းလဲမှု (Museums (memory + creativity = social change) )
၂၀၁၄ ခုနှစ် - စုဆောင်းပြတိုက်ပစ္စည်းများ၊ ဆက်စပ်မှုကိုဖန်တီးသွား (Mu- seum collections make connections )
၂၀၁၅ ခုနှစ် - ထာဝစဉ်ရှင်သန်မည့် ပြတိုက်များ (Museums for a Sustainable Society )
၂၀၁၆ ခုနှစ် - ပြတိုက်များနှင့် ယဉ်ကျေးမှု ဆိုင်ရာ အခင်းအကျင်းများ (Museums and Cultural Landscapes)
၂၀၁၇ ခုနှစ် - ယှဉ်ပြိုင်သမိုင်း၊ သိုင်းဝိုင်းပြော ကြား၊ ပြတိုက်ထဲက ပြသပစ္စည်း များ (Museums and Contested Histories: Saying the unspeakable in museums)
၂၀၁၈ ခုနှစ် - ချဉ်းကပ်မှုအသစ်များ ပရိသတ် အသစ်များသည် ပြတိုက်များ အထူးချိတ်ဆက်မှုက ပေါ်ပေါက် လာသည် (Hyperconnected museum: New approaches, new publics )
၂၀၁၉ ခုနှစ် - ရိုးရာယဉ်ကျေးမှု အစဉ်အလာ များ၏ အနာဂတ်အရေး၊ ပြတိုက်များက ဗဟိုပြုဖော် ဆောင်ပေး (Museums as Cultural Hubs: The Future of Tradition)
၂၀၂၀ ပြည့်နှစ် - မတူကွဲပြား ခြားနားပါ၀င် ညီညွတ် တူယှဉ်ပြတိုက်တစ်ခွင် (Museums for Equaity: Diversity and Inclusion)
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ကျင်းပခဲ့ပုံများ
၁၉၇၇ ခုနှစ်က အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ကို စတင်သတ်မှတ်ခဲ့သော်လည်း ကမ္ဘာတစ်ဝန်းလုံးရှိ အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီအဖွဲ့ဝင် ပြတိုက်များက တစ်ခဲနက် စိတ်ဝင်တစား ကျင်းပကြခြင်း မရှိသေးဘဲ နှစ်အလိုက် အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ၏ နှိုးဆော်မှု၊ တိုက်တွန်းမှုများပြုလုပ်ခြင်းဖြင့် တဖြည်းဖြည်း စိတ်ဝင်စားမှုမြင့်တက်လာကာ ၁၉၉၂ ခုနှစ်လောက်မှ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာကြ ကြောင်းသိရှိရသည်။ အထူးသဖြင့် နိုင်ငံတကာပြတိုက် လောကတွင် ၂၀၀၉ ခုနှစ်သည် နိုင်ငံပေါင်း ၉၀ ကျော်မှ ပြတိုက်ပေါင်း ၂၀၀၀၀ ကျော် အပြည်ပြည်ဆိုင်ရာပြတိုက် များနေ့အထိမ်းအမှတ် လှုပ်ရှားမှုများစွာပြုလုပ်ခဲ့သော နှစ်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံပေါင်း ၉၈ နိုင်ငံ၊ ၂၀၁၁ ခုနှစ်တွင် နိုင်ငံပေါင်း ၁၀၀ နှင့် ၂၀၁၂ ခုနှစ်တွင် ၁၂၉ နိုင်ငံ ကျင်းပလာကြောင်း မှတ်တမ်းများအရ သိရှိရ သည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှ ယမန်နှစ်အထိ နိုင်ငံများ တိုး၍တိုး၍ ကျင်းပလာရာ အာရှတိုက်ပြတိုက်များ၏ တက်ကြွစွာ ပါ၀င်လာမှုမှာ ၂၀၀၀ ပြည့်လွန်နှစ်များတွင် ပိုမိုများပြားလာကြောင်း တွေ့ရသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အထိမ်းအမှတ်ပိုစတာကိုလည်း မိမိနိုင်ငံသုံး ဘာသာစကားဖြင့် ဘာသာပြန်ထုတ်ဝေခဲ့ကြရာ ၂၀၁၂ ခုနှစ်တွင် ၃၈ ဘာသာ ပြန်ဆိုခဲ့ကြကြောင်း သိရှိမှတ်သားရသည်။ နိုင်ငံတကာ တွင် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ကို အခမ်းအနား ပြုလုပ်ကျင်းပရာတွင် အများဆုံးပြုလုပ်လေ့ရှိသည်မှာ ပြတိုက်များ အခမဲ့ဖွင့်လှစ်ပြသခြင်း၊ အထူးပြပွဲများ အခမဲ့ခင်းကျင်းပြသခြင်း၊ ပြတိုက်ပညာရပ်ဆိုင်ရာစာတမ်း ဖတ်ပွဲများ၊ ဟောပြောပွဲများ အခမဲ့ကျင်းပပြုလုပ်ခြင်း၊ ဦးတည်ချက်နှင့် ကိုက်ညီသည့် ပြဇာတ်၊ ကဇာတ်များ အခမဲ့ဖျော်ဖြေတင်ဆက်ခြင်း၊ ကျောင်းသား ကျောင်းသူ၊ ကလေးသူငယ်များ ပါ၀င်သည့် ပညာပေးရေးအစီအစဉ် များ ပြုလုပ်ခြင်း၊ ပြိုင်ပွဲများပြုလုပ်လျက် ဆုချီးမြှင့်ခြင်း စသည်ဖြင့် ပြည်သူနှင့် ပြတိုက်ဆက်စပ်မိအောင်၊ ပြတိုက် ကို ပိုမိုစိတ်ဝင်စားသတိပြုမိလာအောင် ဆောင်ရွက်လျက် ရှိကြသည်။
မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ကျင်းပခဲ့ပုံများ
မြန်မာနိုင်ငံအနေဖြင့်မူ ၂၀၁၆ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာပြတိုက်များကောင်စီ အဖွဲ့ဝင်ဖြစ်လာပြီး အဖွဲ့ဝင် လျှောက်ထားဆဲမှာပင် ၂၀၁၆ ခုနှစ်မှစတင်ကာ အမျိုး သားပြတိုက် (ရန်ကုန်)သည် ယင်းတွင်ဖွင့်လှစ်ထားသော ဘွဲ့လွန်ပြတိုက်ပညာ ဒီပလိုမာသင်တန်း အမှတ်စဉ် ၁၃ ၏ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးအပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အခမ်း အနားကို ကျောင်းသား ကျောင်းသူငယ်များအား ဖိတ်ခေါ် လျက် လက်တွေ့ပန်းချီရေးဆွဲယှဉ်ပြိုင်မှုကို ဆုချီးမြှင့် ခြင်းနှင့် ပြတိုက်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံပြပွဲတို့နှင့် အတူ ခမ်းနားထည်ဝါစွာ စတင်ကျင်းပနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှသည် ပြတိုက်နှင့် ပြည်သူထိတွေ့မှု များပြားသည့် လှုပ်ရှားမှုများပြုလုပ်ခြင်းတို့ဖြင့် ဆက်တိုက်ဆင်နွှဲလာ ခဲ့သည်မှာ ၂၀၁၉ ခုနှစ်အထိ ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အမျိုးသားပြတိုက် (နေပြည်တော်)၊ ၂၀၁၈ ခုနှစ်တွင် အမျိုးသားပြတိုက် (ရန်ကုန်) နှင့် ၂၀၁၉ ခုနှစ်တွင် အမျိုးသားပြတိုက်(နေပြည်တော်)တို့ အလှည့်ကျကျင်းပ ခဲ့သလို တစ်နိုင်ငံလုံးရှိ ပြတိုက်များကလည်း အခမဲ့ဖွင့်လှစ် ပြသခြင်း၊ ကျောင်းများကို ဖိတ်ခေါ်လျက် အထူးရှင်းလင်း ပြသခြင်းတို့ဖြင့် ပါ၀င်ဆင်နွှဲခဲ့ကြသည်။ ယခု ၂၀၂၀ ပြည့် နှစ်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် တစ်လှည့်ကျင်းပရန်စီစဉ်ထားပြီးသော်ငြား အခြေအနေ မပေးနိုင်ဖြစ်နေပေပြီ။
၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့
ဘယ်လိုကျင်းပနိုင်မလဲ
ကမ္ဘာလုံးဆိုင်ရာ COVID - 19 ကပ်ရောဂါဖြစ်ပွားနေ ချိန်တွင် အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီသည် လူစုလူဝေးဖြစ်စေသော အပြည်ပြည်ဆိုင်ရာပြတိုက်များ နေ့ အခမ်းအနားများကို ကျင်းပခြင်းမပြုကြရန်နှင့် ယင်းအစား ပြတိုက်များကဆောင်ရွက်နိုင်သော လှုပ်ရှား မှုများကို လူမှုကွန်ရက်များအသုံးပြုလျက် ဆင်နွှဲကြရန် နမူနာများပေးလျက် အပြည်ပြည်ဆိုင်ရာ ပြတိုက်များ ကောင်စီ၏ Website တွင် ဖော်ပြထားရာ (၁) မိမိတို့ ပြတိုက်၏ စုဆောင်းပစ္စည်းများကို online မှ တိုးချဲ့ပြသ ကြရန် (နမူနာ- အမေရိကန်နိုင်ငံ စမစ်ဆိုးနီးယန်းပြတိုက်- Resolution အရည်အသွေးမြင့်ပြတိုက်စုဆောင်း ပစ္စည်းဓာတ်ပုံပေါင်း ၂ ဒသမ ၈ သန်း၊ ပြင်သစ်နိုင်ငံ ပဲရစ် ပြတိုက်များ - ၃ သိန်းကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ China’s National Cultural Heritage Administration website မှ ဘေဂျင်းရှိ တရုတ်အမျိုးသားပြတိုက်နှင့် ချုံကျင်းရှိ ပြတိုက်နှစ်ခုတို့မှ ပစ္စည်းဓာတ်ပုံပေါင်း ၁၀၀ ခန့်ကိုအခမဲ့လွှင့်တင်ပေးထားခြင်း။) (၂) Virtual tours များ စီစဉ်ပေးရန် (အဓိကပြသပစ္စည်းများအကြောင်းကို ပြတိုက်ညွှန်ကြားရေးမှူးကိုယ်တိုင်ဖြစ်စေ၊ ပြတိုက်မှူး များက ဖြစ်စေ၊ ပြတိုက်ထဲ လျှောက်ဝင်သွားရင်း ကြည့်ရှု နားထောင်စေသည့်ပုံစံမျိုး ဖြင့် Facebook/ Instagram Live လွှင့်ပေးရန်။ နမူနာ - ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ပြုလုပ်ခဲ့သော Vincent van Gogh ၏ ‘Sunflowers’ ပန်းချီကားများကို အမ်စတာဒမ်ဗန်ဂိုး ပြတိုက်၊ ဂျာမနီမြူးနစ်ပြတိုက်၊ အမေရိကန်ဖီလာ ဒယ်လ်ဖီးယား ပြတိုက်နှင့် ဂျပန်အနုပညာ ပြတိုက်များမှ စုပေါင်းလျက် မိမိဘာသာကိုယ်စီဖြင့် ကမ္ဘာ့ပထမဆုံး Facebook live လွှင့်ခြင်း။) (၃) ခင်းကျင်းပြသမှုများကို Pinterest ဖြင့်ပြသရန် (နမူနာ- J. Paul Getty ၏ Profile တွင် ခင်းကျင်းပြသမှုများကို ပြတိုက်ပိုင်သာမက ပြင်ပအနုပညာလောကပိုင်ပစ္စည်းများကိုပါ ပြသလျက်ရှိခြင်း။) (မှတ်ချက် - Pinterest ကိုစတင်ဆောင်ရွက်ကြည့်ကြရန် အထူးတိုက်တွန်းထားပါသည်။) (၄) Twitter ဖြင့်ပြသရန်။ (Twitter သည် မြန်မာနိုင်ငံတွင် အသုံးနည်းသဖြင့် ယင်းအစား မြန်မာနိုင်ငံ၌ တွင်ကျယ်စွာသုံးစွဲနေကြသော Facebook ဖြင့် မိမိပြတိုက်အလိုက် Account များ ဖွင့်လျက် အစားထိုးနိုင်ပါသည်။)
နိဂုံးစကားဆိုရလျှင် လူလူချင်းမတွေ့ထိဘဲ ပြတိုက် သို့ လူကိုယ်တိုင်မရောက်သော်လည်း online ကိုအသုံးပြု လျက် နှစ်တိုင်းနှင့်မတူ တစ်မူထူးခြားသော ၂၀၂၀ ပြည့် နှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ကို ဆင်နွှဲကြပါ စို့ဟု တိုက်တွန်းလိုက်ရပါသည်။

 

မြန်မာ့အလင်း