သတင်းဆောင်းပါး - ကျော်မြိုင် (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)
ကမ္ဘာပေါ်တွင် စပါးသည် အရေးပါဆုံး နှံစားသီးနှံဖြစ်ပြီး စပါးထုတ်လုပ်မှု တိုးတက်စေရန် နည်းလမ်းများထဲတွင် စပါးလမိုင်းစိုက်ပျိုးနည်းစနစ်သည် အလားအလာကောင်း သော နည်းစနစ်တစ်ခု ဖြစ်သည်။
စပါးသားတက် ဆင့်ပွားစိုက်ပျိုးနည်း
စပါး လမိုင်းစိုက်ပျိုးနည်းပညာသည် တောင်သူများအတွက် အသစ်အဆန်းမဟုတ်ပေ။ ပူနွေးစိုစွတ်သော ဒေသများ တွင် စပါးလမိုင်းစိုက်ပျိုးရန် အခြေအနေကောင်းသော်လည်း စိုက်ပျိုးမှုနည်းသည်ကို တွေ့ရှိရသည်။ အရှေ့ အာရှဒေသများတွင် စပါးလမိုင်းစိုက်ပျိုးခြင်းကို ၂၀ ရာစု အစောပိုင်းကာလများတွင်သာ တွေ့ရှိခဲ့ရသည်။
လယ်စပါးစိုက်ပျိုးရာတွင် ထယ်ထိုးထွန်မွှေ သမန်းပြင်ခြင်း၊ ပျိုးခင်းပြင်ခြင်းနှင့် ပျိုးနုတ်ကောက်စိုက်ခြင်း စရိတ် များမှာ အဓိကကုန်ကျစရိတ်များဖြစ်ကြသည်။ စပါးလမိုင်းစိုက်ပျိုးခြင်းတွင် ထိုကုန်ကျစရိတ်များကို လျှော့ချ နိုင်ခြင်းသည် အားသာချက်တစ်ခု ဖြစ်သည်။ သို့သော် အထွက်နည်းခြင်းနှင့် ရင့်မှည့်ချိန် မညီခြင်းတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် မစိုက်ကြခြင်းဖြစ်သည်။ ထို့ကြောင့် ပန်းပွင့်ချိန်ကို ညီညာစေပြီး အထွက်နှုန်းကို ကောင်းမွန် စေရန်အတွက် စပါးလမိုင်းစိုက်ပျိုးနည်း ပညာကိုပြန်လည်ပြုပြင်စမ်းသပ်ထားသော နည်းပညာကို "စပါးသား တက် ဆင့်ပွားစိုက်ပျိုးနည်းပညာ"ဟု ခေါ်တွင် စေပါမည်။ စပါးသားတက် ဆင့်ပွားစိုက်ပျိုး နည်းပညာသည် ရွှေ့ပြောင်းစိုက်ပျိုးထားသော (မိခင်)အပင်ကဲ့သို့ အထွက်နှုန်းကောင်းစေပြီး စပါးမျိုးအလိုက် တစ်နှစ်လျှင် သုံးသီးမှ လေးသီးအထိ ရိတ်သိမ်းနိုင်သည်။ ဤနည်း ပညာတွင် အဓိကအချက်များမှာ ရိုးပြတ်ဖြတ်ချိန်၊ ရိုးပြတ် အမြင့်၊ မြေဩဇာကျွေးချိန်နှင့် စိုက်ပျိုးရေးစီမံခန့်ခွဲမှုတို့ဖြစ်သည်။
ရိုးပြတ်ဖြတ်ချိန်နှင့် အမြင့်
စပါးလမိုင်းသားတက်များ ထွက်လာစေရန်အတွက် မိခင်အပင်ကို အကောင်းဆုံး ရိတ်ရန်အချိန်မှာ ဇီဝကမ္မ ရင့်မှည့်ချိန်ဖြစ်သည်။ ထိုအချိန်တွင် ပင်စည်များ စိမ်းနေဆဲဖြစ်ပြီး ရိုးပြတ်များ လုံးဝရင့်မှည့်ပြီး ဝါမသွားခင် ရိတ်သိမ်းပေးသင့်သည်။ ရိုးပြတ်ပင်စည်အမြင့်မှာ ခြောက်လက်မခန့်ထားပြီး ဖြတ်ပေးခြင်းဖြင့် စပါးလမိုင်းခင်း တွင် အပင်ပျောက်ဖြစ်မှု နည်းသွားပြီး ပေါင်းမြက်ကိုလည်း နှိမ်နင်းနိုင်မည်ဖြစ်သည်။
သားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာမှာ စပါး လမိုင်း ခင်းစိုက်ပျိုးနည်းကို ပြုပြင်ထားသော နည်းပညာတစ်ခု ဖြစ်သည်။ မိခင်အပင် ရိတ်သိမ်းပြီး သုံးရက်/လေးရက်တွင် လမိုင်းစပါးပင်ကို မြေပြင်အထက် တစ်လက်မ/ နှစ်လက်မ ချန်၍ ဖြတ်ပေးခြင်းဖြစ်သည်။ သို့မှသာ ပင်ပွားများပြီး ပန်းပွင့်ချိန် ညီညာမည်ဖြစ်သည်။
မြေဩဇာကျွေးခြင်း
မြေဆီဩဇာ ကောင်းခြင်း/မကောင်းခြင်းသည် စပါး လမိုင်းအပင် ကြီးထွားမှုနှင့် အထွက်နှုန်း တို့ကို များစွာအကျိုးသက်ရောက်မှုဖြစ်စေသည်။ နိုက်ထရိုဂျင်နှင့် ဖော့စဖိတ် ဓာတ်များသည် စပါးလမိုင်းပင် ကြီးထွားမှုအတွက် သိသာစွာ အကျိုးသက်ရောက်မှုရှိပြီး အထူးသဖြင့် ဖော့စဖိတ်ဓာတ်မြေဩဇာသည် အမြစ်အား ကောင်းမှုအတွက် အကျိုးဖြစ်ထွန်းစေသည်။
ထို့ကြောင့် နိုက်ထရိုဂျင် မြေဩဇာနှင့် ဖော့စဖိတ် မြေဩဇာများကို မိခင်ပင် မရိတ်သိမ်းမီ၁၄ ရက်အလိုတွင် ကျွေးပေးခြင်းအားဖြင့် သားတက်များ ဖြစ်ထွန်းစေနိုင် သည်။ သို့သော် နိုက်ထရိုဂျင်မြေဩဇာကို အလွန်အကျွံ ကျွေးလျှင် မိခင်အပင်သည် ဟုန်သွားပြီး လမိုင်းစွမ်းရည်ကို ကျဆင်းစေသည်။
စိုက်ပျိုးရေး စီမံခန့်ခွဲမှု
မိခင်အပင် မရိတ်သိမ်းခင်နှင့် ရိတ်သိမ်းပြီး အခြေ အနေများတွင် စိုက်ပျိုးရေ အသုံးချမှုသည်လည်း စပါး လမိုင်းစွမ်းရည်ကို များစွာအကျိုးသက်ရောက်မှုရှိသည်။ မိခင်အပင် မရိတ်သိမ်းမီတစ်ပတ်နှင့် ရိတ်သိမ်းပြီးနှစ်ပတ် အတွင်း မြေအစိုဓာတ်ကို Field Capacity အနေအထားတွင် ထိန်းသိမ်းပေးရမည်။ အစိုဓာတ်များလွန်းပြီး ရေဝပ်နေလျှင် စပါးလမိုင်းပင်များ ပုပ်ရိပြီး သေသွားနိုင်သဖြင့် အပင်ပျောက်များဖြစ်လာနိုင်သည်။
သားတက် ဆင့်ပွားအပင်ထွက်လာပြီး ၇ ရက်မှ ၁၀ ရက်အတွင်း ရေပါးပါးလွှမ်းပေးရမည်။ ရေများလွန်း လျှင်လည်း ပင်ပွားအထွက်နှုန်း နည်းသွားမည်။
သားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာအဆင့်ဆင့်
၁။ မိခင်ပင်ကို ရိတ်သိမ်းရာတွင် ဇီဝကမ္မ ရင့်မှည့်ချိန်တွင် ရိတ်သိမ်းပေးရမည်။
၂။ မရိတ်သိမ်းမီ ၁၄ ရက်အလိုတွင် နိုက်ထရိုဂျင် ဓာတ်မြေဩဇာနှင့် ဖော့စဖိတ်ဓာတ်မြေသြဇာများကို ထည့်သွင်း ပေးရမည်။
၃။ မရိတ်သိမ်းမီ တစ်ပတ်နှင့် ရိတ်သိမ်းပြီး နှစ်ပတ်အတွင်း မြေအစိုဓာတ်ကို Field Capacity အနေ အထားတွင် ထိန်းသိမ်းပေးရမည်။
၄။ ရိတ်သိမ်းရာတွင်ရိုးပြတ်ပင်စည်ကို ခြောက်လက်မ ချန်၍ ဖြတ်ပေးရမည်။ ရိတ်သိမ်းပြီး (၃-၄)ရက် အတွင်း ထပ်မံ၍ စပါးလမိုင်းပင်ကို မြေပြင်အထက် (၁-၂)လက်မချန်၍ ဒုတိယတစ်ကြိမ် ဖြတ်ပေးရမည်။
၅။ ဒုတိယတစ်ကြိမ်ဖြတ်ပြီး (၃-၇)ရက်အတွင်း ပင်စည်၏ အဆစ်မှ ပင်ပွားများ ထွက်လာမည်။ ၎င်းပင်ပွား များမှ အမြစ်သစ်များထွက်လာပြီး သားတက်ဆင့်ပွားအပင် ဖြစ်လာမည်။
၆။ သားတက်ဆင့်ပွားအပင် ထွက်လာပြီး (၇-၁၀)ရက် အတွင်းမှစ၍ရေပါးပါး လွှမ်းပေးရမည်။ ပင်သေ၊ ပင် ပျောက်များအတွက် သားတက်များကိုခွဲ၍ ဖာထေးပေးရမည်။
၇။ ထို့နောက် သမားရိုးကျနည်းအတိုင်း ဆက်လက်လုပ်ဆောင်သွားလျှင် မိခင်အပင်ကဲ့သို့ အထွက်နှုန်းကို ရရှိမည်ဖြစ်သည်။
စမ်းသပ်မှုနှင့် ရလဒ်များ
ဤနည်းပညာကို ၂၀၁၇-၂၀၁၈ နွေရာသီမှ မိုးနှောင်း ရာသီအထိ မိခင်အပင်၊ ဆက်-၁၊ သားဆက်-၂ အထိ သီးထပ်ရင်၊ ဆင်းသုခ၊ ရွှေသွယ်ရင်စပါးမျိုးတို့ကို ရေအမြဲ လွှမ်းထားသော စမ်းသပ်ချက်နှင့် ရေစိုတစ်လှည့် ခြောက် တစ်ခါ ရေထိန်းနည်းစ နှစ်တို့ဖြင့် စမ်းသပ်ဆောင်ရွက်ခဲ့ရာ သားတက်ဆင့်ပွအပင်တို့၏ အထွက်နှုန်းများသည် မိခင် အပင်နှင့် ကွာခြားမှုမရှိဘဲ တစ်ဧက တင်း ၈၀ ကျော် ပေးစွမ်းနိုင်ခဲ့သည်။
စိုက်ပျိုးရေကိုလည်း မိခင်အပင်ထက် ၃၃-၅၅ ရာခိုင် နှုန်းကျော် ချွေတာနိုင်ပြီး သက်တမ်းလည်း ၁၅-၂၀ ရက် အထိ တိုသွားကြောင်း တွေ့ရှိခဲ့ရသည်။
စမ်းသပ်မျိုးများထဲမှ သီးထပ်ရင် စပါးမျိုးသည် သားဆက်တိုင်းတွင် အထွက်နှုန်းတည်ငြိမ်ပြီး လမိုင်းထွက် စွမ်းရည်လည်း ကောင်းမွန်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် မိခင်အပင်ကဲ့သို့ ပျိုးထောင်ရခြင်း၊ ရွှေ့ပြောင်း စိုက်ပျိုးရန်အတွက် သမန်းပြင်ရခြင်း၊ ရွှေ့ပြောင်းစိုက်ပျိုး ရခြင်းများ မရှိသည့်အတွက် မျိုးစေ့၊ လုပ်အားခ၊ စိုက်ပျိုး ရေများကို ချွေတာနိုင်သည့် နည်းပညာဖြစ်သည်။
သုတေသနများ
စိုက်ပျိုးရေးသုတေသန ကဏ္ဍတွင်လည်း ဆင့်ပွား သားတက်ထားရန် ရိုးပြတ်ကို နှစ်ကြိမ်ဖြတ်ရမည့်အစား ရိတ်သိမ်းစက်ဖြင့် တစ်ကြိမ်တည်းဖြတ်ခြင်း သုတေသန၊ ရိုးပြတ်အမြင့်အမျိုးမျိုး သုတေသန၊ စပါးအဆစ်များမှ ပင်ပွားထွက်ရှိမှု သုတေသန၊ စပါးသားတက် ဆင့်ပွား စိုက်ပျိုးခြင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိမှု သုတေသန များကို စမ်းသပ်ဆောင်ရွက်ထားပါသည်။
ထို့ကြောင့် သားတက် ဆင့်ပွားစိုက်ပျိုးနည်းပညာ သည် စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် လက်ရှိ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုနှင့် လိုက်လျောညီထွေဖြစ်စေသည့် နည်းပညာတစ်ခုဖြစ်ကြောင်းသတင်းကောင်း မျှဝေလိုက်ရပေသည်။ ။


